Tuesday, June 22, 2021

ဂန့်ဂေါ် PDF အဖွဲ့ခေါင်းဆောင် ကိုကျော်ဆန်းဦး အနီးကပ်ပြစ်သတ်ခံရ


 ဒဏ်ရာရ PDF ခေါင်းဆောင် အနီးကပ်ပစ်သတ်ခံရ


ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ ကိုကျော်ဆန်းဦးကို စစ်ကောင်စီတပ်များက အနီးကပ်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်က Myanmar Now ကို အတည်ပြုသည်။


"သူ့ကို ရည်ရွယ်ချက်ရှိရှိ သတ်သွားတယ်လို့ သိရတယ်။ ပေါင်ကို တစ်ချက်မှန်ပြီး မပြေးနိုင်တော့တဲ့အချိန်မှာ အနားနားကပ်ပြီး နားထင်ကို တေ့ပစ်သွားတယ်လို့ သိရတယ်"ဟု ကိုကျော်ဆန်းဦး၏ မိသားစုဝင်က ပြောသည်။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ဝင်တစ်ဦးလည်းဖြစ်သည့် ကိုကျော်ဆန်းဦးမှာ ဇွန် ၂၀၊ နံနက် ၁၁ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာနှင့် ၅ဖာလုံခန့်အကွာတွင် စစ်ကောင်စီတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသူဖြစ်သည်။


“လက်နက်ချင်းရော အင်အားချင်းရော မမျှဘူး။ တိုက်ပွဲဖြစ်တာကတော့ ဂန့်ဂေါကရဲတွေနဲ့ ဖြစ်တာ”ဟု အထက်ပါ မိသားစုဝင်က ပြောသည်။


ဂန့်ဂေါ PDF ရှိရာနေရာကို ဒလန်များ၏ သတင်းပေးမှုကြောင့် သိရှိသွားသည့် စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အနီးကပ်ပစ်သတ်ခံရသည်ဆိုသော ကိုကျော်ဆန်းဦးနှင့်အတူ အခြား PDF တစ်ဦး၊ ရဲနှစ်ဦး သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။


ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


ကိုကျော်ဆန်းဦး၏ အလောင်းကို စစ်ကောင်စီက ယူဆောင်သွားခဲ့ပြီးနောက် ယမန်နေ့(ဇွန် ၂၁) နေ့လည် ၂ နာရီတွင် ဂန့်ဂေါဆေးရုံ၌ အလောင်းလာရောက်ထုတ်ယူရန် မိသားစုထံသို့ အကြောင်းကြားခဲ့သည်ဟု ၎င်း၏ မိသားစုထံမှ သိရသည်။


“ချက်ချင်း အလောင်းသွားထုတ်ခဲ့ပြီး သဂြိုလ်ခဲ့ရတယ်။ မနေ့က ညနေ ၄ နာရီလောက်မှာ ကံရွာသင်္ချိုင်းမှာ သဂြိုလ်ခဲ့တယ်”ဟု အထက်ပါမိသားစုဝင်က ပြောသည်။


အသက် ၂၄ နှစ်အရွယ် ကိုကျော်ဆန်းဦးသည် ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)နှင့် ဗကသလှုပ်ရှားမှုများတွင် ၂၀၁၂မှ ၂၀၁၉အထိ တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုမင်းထက်မြတ်က အတည်ပြုသည်။


“တကယ်ကို တစိုက်စိုက်မတ်မတ်နဲ့ ဦးဆောင်ခဲ့သူပါပဲ။ ကျောင်းပြီးတော့လဲ ဂန့်ဂေါဒေသအတွက် ကြိုးစားဆောင်ရွက်တာတွေ တွေ့ရတယ်။...... နှမျောစရာကောင်းတဲ့ ရဲဘော်ဟောင်း မိတ်ဆွေကောင်းတစ်ယောက်ပါဗျာ။ သူ ဒီထက် အများကြီးလုပ်နိုင်ရဲ့သားနဲ့ လမ်းခုလတ်မှာ ကျဆုံးသွားတာတော့ စိတ်မကောင်းဘူး"ဟု ၎င်းက ပြောသည်။


ကျောင်းသားဘဝမှစ၍ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက် ခိုင်ခိုင်မြဲမြဲ စွဲကိုင်လုပ်ဆောင်ခဲ့သည့် ကိုကျော်ဆန်းဦးအတွက် ဂုဏ်ယူကြောင်း ၎င်း၏ မိသားစုဝင်ကလည်း ပြောသည်။


"သူ ကျဆုံးသွားပေမယ့် တစ်ယောက်ကျရင် ဆယ်ယောက်မက ထွက်ပေါ်နိုင်ပါစေ” ဟု ၎င်းက ပြောသည်။


ဒဏ်ရာရထားသည့် ကိုကျော်ဆန်းဦးကို အနီးကပ်ပစ်သတ်သည့် လုပ်ရပ်မှာ စစ်သည်တော်ကျင့်ဝတ်ကို ဖောက်ဖျက်မှုပင်ဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ဗိုလ်ကြီးထွန်းမြတ်အောင်က မှတ်ချက်ပြုသည်။


“သုံ့ပန်းတွေ ဖမ်းဆီးရမိသူတွေဆိုရင် စစ်သည်တော်ကျင့်ဝတ်အရ မသတ်ရဘူး။ ရန်သူအပေါ်ပြုကျင့်ရမယ့် ကျင့်ဝတ်ငါးပါးထဲ နံပါတ်သုံးအချက်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။


"တချို့လူကြီးတွေကတော့ ပစ်သတ်ခိုင်းတာရှိတယ်။ မျက်နှာရ၏၊ မရ၏အပေါ် မူတည်တယ်။ ဒီလို တစ်ယောက်အရှင်မိတယ်ဆို လူကြီးကို မျက်နှာလုပ်လို့ရရင် တမျိုးပေါ့။ သူ့ကို ပို့ရ စောင့်ရှောက်ရ အလုပ်ရှုပ်မှာစိုးရင် သတ်ပစ်ကြတာပဲ။ကျွန်တော့်အတွေ့အကြုံနဲ့ဆို နှစ်ခါရှိပြီ။ အဲဒါ သတင်းတွေမှာ ပါလာရင် မဆိုင်တဲ့ အောက်ကကောင်တွေ(အောက်ခြေတပ်သားတွေ) ကိုပဲ ‌ထိုးကျွေးကြတာ” 


ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ခြောက်လနီးပါးအတွင်း စစ်ကောင်စီလက်ချက်ဖြင့် အရပ်သား ၉၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများက ဆိုသည်။ သို့သော်လည်း စစ်ကောင်စီက ၃၀၀ ခန့်သာ သေသည်ဟု ဆိုထားသည်။


စစ်ကောင်စီတပ်များ၏ ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးမှု အန္တရာယ်မှ ကာကွယ်ရန် ကာကွယ်ရေးတပ်ဖွဲ့များကို ပြည်သူတို့က နိုင်ငံအနှံ့တွင် ဖွဲ့စည်းထူထောင်ထားကြပြီး ယခုအခါတွင် မြို့ပေါ်ပြောက်ကျားတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာနေသည်။

No comments:

Post a Comment