Monday, June 21, 2021

တော်လှန်ရေးအောင်ဖို့ ဗမာလူငယ်တွေဘာလုပ်ကြမလဲ။



၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှ လူမျိုး၊ လူတန်းစားပေါင်းစုံတို့သည် နည်းလမ်းပေါင်းစုံဖြင့် အာဏာသိမ်းမှုကို တော်လှန်လာခဲ့ကြသည်။


အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြရာတွင် ပိုမိုဆန်းသစ်သော အတွေးအခေါ်နှင့် လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။


ပြီးခဲ့သော လူထုအုံကြွမှုများထက် ပေါက်ကွဲအား ပြင်းထန်သည့် သန်းနှင့်ချီသော အစုအဝေးများ နေရာဒေသအနှံ့ ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် ပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)သည်လည်း စစ်ကောင်စီ၏ အစိုးရယန္တရားကို လည်ပတ်ရန် ယနေ့အချိန်ထိ ခက်ခဲနေဆဲဖြစ်သည်။


အခြားတဖက်တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH နှင့် ၎င်းမှ ထပ်မံပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ နိုင်ငံတော်အာဏာကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု ပြည်သူအများစုက ယုံကြည်မျှော်လင့်နေကြသည်။


စစ်ကောင်စီက ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးခြင်း၊ လူမဆန်သည့် နည်းလမ်းများဖြင့် နှိပ်စက်ညှဉ်ပန်းခြင်းများကြောင့် မြို့ကြီးပြကြီးမှ တော်လှန်သောလူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြသည်။


တချို့လူငယ်များမှာ NUG မှ ကမကထပြုလုပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ထဲသို့ဝင်ရောက်ပြီး စစ်ပညာသင်ယူကာ စစ်ကောင်စီကို တိုက်ထုတ်ရန် ကြိုးစားလာကြသည်။


လက်တွေ့ကျကျ စဉ်းစားကြည့်မည်ဆိုလျှင် ပြည်သူ့ဘဏ္ဍာများဖြင့် နှစ်ရှည်လများအထိုင်ကျနေပြီး အသာစီးကရှိနေသည့် စစ်ကောင်စီတပ်ကို အမြစ်ပြုတ်တိုက်ထုတ်နိုင်ရေးသည် လတ်တလောအခြေအနေအရ လက်နက်ငယ်ပင် အလုံအလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိသေးသည့် PDF တစ်ခုတည်းနှင့် လုံးဝ မဖြစ်နိုင်ပေ။


ထို့ပြင် မြန်မာပြည်သူများကိုကူညီရန် နိုင်ငံတကာနှင့် UN တပ်ဖွဲ့များဝင်ရောက်လာနိုင်သည်ဆိုသည့် ပြောဆိုချက်များမှာလည်း မျှော်လင့်ချက်အမှားကြီးတခုသာ ဖြစ်ကြောင်း လူတိုင်းနားလည်သဘောပေါက်နေကြပြီး ဖြစ်သည်။


NUG နှင့် အပေါင်းအပါများ ပြောဆိုနေသည့် ဖက်ဒရယ်တပ်မတော်ဆိုသည်မှာလည်း နောက်ခံသမိုင်းအခြေအနေနှင့် နိုင်ငံရေးအယူအဆများ ကွဲပြားကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးကို စုပေါင်းပြီး အမိန့်တခုတည်းအောက်တွင် အလုပ်လုပ်ရမည့် သဘောဖြစ်သည့်အတွက် လက်တွေ့တွင် ဖြစ်နိုင်ရန် မလွယ်ကူပေ။


ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးအယူအဆ၊ ရည်မှန်းချက်များမတူညီခြင်း(ဥပမာ – ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်) နှင့် တချို့မှာ လူမျိုးတမျိုးတွင် လက်နက်ကိုင်တဖွဲ့စီထက် ပိုရှိနေခြင်းတို့သည် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးအတွက် အဟန့်အတားဖြစ်နေသည်။


စစ်ကောင်စီကို တိုက်ရမည်ဟူသော ဘုံတူညီမှုတခုကြောင့် အလွန်ဆုံး စစ်ရေးအရ မဟာမိတ်ပြုလုပ်ခြင်းဖြင့်သာ လက်တွဲဆောင်ရွက်နိုင်လိမ့်မည်။


တော်လှန်ရေးအောင်နိုင်သည့်အခါ ဒေါ်အောင်ဆန်းစုကြည် အမြဲပြောဆိုနေသည့် ဖေဖေတည်ထောင်ခဲ့သော တပ်မတော်ကြီးကို ဖြုတ်သင့်တာဖြုတ်၊ ပေါင်းထည့်သင့်တာတွေပေါင်းထည့်ပြီး ပြုပြင်တည်ဆောက်ယူရမည်ဟု ပြောဆိုသံတချို့ကြားရသည်။


သို့သော် လက်ရှိ စစ်ကောင်စီတပ်သည် နိုင်ငံတော်အဆင့် လူမျိုးကြီးစစ်တပ်တခုဖြစ်သည့်အပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ပြစ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု အစရှိသော ကမ္ဘာ့ထိပ်တန်းပြစ်မှုများကို ကျုးလွန်ထားသည့်အတွက် ၎င်းကိုအခြေခံထား တည်ဆောက်မည်ဆိုလျှင် အချိန်မရွေးဖောက်ပြန်လာနိုင်သည်။


ထို့ကြောင့် စစ်ကောင်စီတပ်ကို အပြီးတိုင် ဖြိုဖျက်ပစ်ရန် လိုအပ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံအသစ်တခုနှင့် တပ်မတော် သမိုင်းအသစ်တခုကို ပြန်လည်စတင်နိုင်ရန် လိုအပ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုး ရောက်မှသာ ကျနော်တို့နိုင်ငံအနာဂတ်အတွက် စိတ်ချနိုင်လိမ့်မည်။


ထို့ကြောင့် အမှန်တကယ် ကျနော်တို့လိုအပ်နေသည်မှာ အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒကို တိုက်ထုတ်မည့် ဗမာလူမျိုးစုကိုယ်စားပြုသည့် လက်နက်ကိုင်စစ်တပ်တခုသာဖြစ်သည်။


ဗမာလူမျိုးကြီးဝါဒကို ဗမာတွေကိုယ်တိုင် တိုက်ဖျက်မှ ရနိုင်မည်။


တခုသတိထားရမည်မှာ စစ်တပ်တခုတည်ထောင်ရေးသည် ရေရှည်လမ်းစဉ်ဖြစ်သည့်အတွက် ယုံကြည်ချက်ပြတ်သားမှု၊ စွန့်လွှတ်အနစ်နာခံနိုင်မှု၊ စိတ်ရှည်သည်းခံမှု နှင့် စိတ်ဓာတ်ခိုင်မာမှုတို့ လိုအပ်သည်။


လက်ရှိမြင်တွေ့နေရသည့် လူငယ်များသည် စစ်တပ်တခုတည်ထောင်ရေးကို သဘောတူလက်ခံသော်လည်း အမိန့်နာခံမှုနှင့် အဆင့်ဆင့်ကွပ်ကဲမှုအပေါ် မေးခွန်းထုတ်ကြသည်။ အစိုးရအဆက်ဆက် အမိန့်ကို အလွဲသုံးစားပြုလုပ်ခဲ့ကြသည့်အတွက် အမိန့်ဟူသော အသုံးအနှုန်းကအစ လူငယ်များအကြား နားခါးနေကြသည်။ မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုသည့် ဟံသာဝတီဦးဝင်းတင်၏ စကားကို ကျနော်တို့သေချာနားလည်ရန်လိုသည်။ မတရားသော အမိန့်မဟုတ်ဘဲ အားလုံးသဘောတူထားသည့် ရည်မှန်းချက်များဖြစ်မြောက်ရေးအတွက် တရားနည်းလမ်းကျသော အမိန့်များဖြစ်ပါက အမိန့်ကို ကျနော်တို့ ငြင်းဆန်စရာ မလိုပေ။


မြန်မာနိုင်ငံတွင် စစ်တပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မတရားသောနည်းများဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်လာခဲ့ပြီး ၁၉၆၂ မှ ယနေ့အထိ အာဏာကို ၃ ကြိမ်တိတိ အဓမ္မသိမ်းယူခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် အမျိုးသမီးများအပေါ် မုဒိန်းကျင့် အလောင်းဖျောက်မှုပေါင်း မြောက်မြားစွာ ကျုးလွန်ခဲ့သည်။


လက်ရှိစစ်အာဏာသိမ်းမှုတွင်လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လျှက်ရှိသော ပြည်သူများကို စစ်လက်နက်များဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အပြစ်မဲ့ပြည်သူ ၉၀၀ နီးပါးသေဆုံးခဲ့ရပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ၅၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။


ထိုကဲ့သို့ ပြည်သူများအပေါ် နှစ်ပေါင်းများစွာကတည်းက လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးစားသူတိုင်းကို သစ္စာဖောက်အဖြစ်သတ်မှတ်ရမည်။


နိုင်ငံတော် တည်ငြိမ်ရေးအစား နိုင်ငံတော်လွတ်မြောက်ရေးကိုသာ ကျနော်တို့ ကြိုးစားရန် လိုအပ်သည်။


ယခုတကြိမ်တွင်မှ စစ်ကောင်စီကို မနိုင်နိုင်လျှင် ဘယ်တော့မှ အနိုင်ရတော့မည်မဟုတ်ပေ။ ကျနော်တို့ သားစဉ်မြေးဆက်၊ နိုင်ငံ့အနာဂတ်သည်လည်း အာဏာရှင်စနစ်အောက်တွင် တစ်သက်လုံး ခေါင်းငုံ့နေကြရတော့မည်။ ထိုကဲ့သို့ အာဏာရှင်စနစ်ဆိုးကြီးအောက် ပြန်ရောက်ရမည်ကို သေမှာထက် ပိုကြောက်သည်ဆိုလျှင် ကိုယ့်အသက်ကို ပဓာန မထားဘဲ လက်နက်ကိုင် တိုက်ပွဲဝင်ရန်သာ ရှိတော့သည်။


အနှစ်ချုပ်ရသော် လက်ရှိအနေအထားအရ စစ်ကောင်စီကို တိုက်စစ်ဖွင့်နိုင်ရန်အတွက် အမိန့်နာခံမှုကောင်းသော၊ စနစ်တကျလေ့ကျင့်ပြင်ဆင်ထားသော၊ လက်နက်အင်အားမယှဉ်ပြိုင်နိုင်လျှင်တောင် စိတ်ဓာတ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု သာလွန်သော စစ်တပ်တခု လိုအပ်သည်။


တိုင်းရင်းသားဒေသအသီးသီးတွင် လူမျိုးစုအခြေခံ လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေကြပြီးဖြစ်သည့်အတွက် ဗမာလူမျိုးစုကို အခြေခံသော၊ ဖက်ဒရယ်/ကွန်ဖက်ဒရယ်ကို နားလည်လက်ခံနိုင်သော၊ အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒကို အမြစ်ပြတ်တိုက်ထုတ်မည့် စစ်တပ်တခုပေါ်ပေါက်ရေးသည် ဗမာလူငယ်တိုင်း၊ ဗမာမဟုတ်သော်လည်း ပြည်မတွင်နေထိုင်သော လူမျိုးစုတိုင်း မဖြစ်မနေအကောင်အထည်ဖော်ရမည့် တာဝန်တစ်ခုဖြစ်သည်။

No comments:

Post a Comment