Wednesday, June 30, 2021

မလုံလောက်တဲ့အမှားပြင်ဆင်ချက်

 မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၃၀၊ ၂၀၂၁


မလုံလောက်တဲ့ အမှားပြင်ဆင်ချက်


ဒီနေ့ နံနက်ကတည်းက ထွက်ပေါ်လာတဲ့သတင်းကတော့ ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ ၊ စီဒီအမ်ဝန်ထမ်းတွေ တနိုင်ငံလုံးမှာ ၂၃၀၀ ကျော်လွှတ်ပေးမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ လတာအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့်ရော အပြစ်မရှိပဲ လုံးဝမသက်ဆိုင်ပဲ ဖမ်းဆီးထိမ်းသိန်းထားသူ တနိုင်ငံလုံးမှာ ၅၀၀၀ ကျော်ရှိတယ်လို့ AAPP စာရင်းအရ သိရပါတယ်။


ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေရော တခါတရံ ဘာမှ မသက်ဆိုင်ပဲ လမ်းမှာတွေ့သူတွေပါရောနှော ဖမ်းဆီးပြီး အချို့ကို ပြန်လွှတ်ပေမယ့် အချို့မှာ အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိပဲ ဖမ်းဆီးခဲ့ရသူ၊ အန်အယ်လ်ဒီပါတီဝင်၊ စည်းရုံးရေးတာဝန်ယူထားသူတွေ၊ လွှတ်ေတာ်ကိုယ်စားလှယ်တွေ၊ စီဒီအန် ဝန်ထမ်းတွေ မတ်လနှောင်းနောက်ပိုင်းမှာတော့ ခုခံတိုက်ခိုက်သူတွေ၊ ဖေါက်ခွဲမှုနဲ့စွပ်စွဲခံရသူတွေ၊ အချို့သော သတင်းပေး ၊ ဒလံဆိုသူတွေကို အကြမ်းဖက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူ တရားစွဲခံရသူ ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ သင်တန်းတက်ပြီး ပြန်လာတယ်လို့ သံသယနဲ့ စွပ်စွဲ ဖမ်းဆီးထားသူ စသဖြင့် အမျိုးမျိုးသော အကြောင်းပြဖမ်းဆီးထားသူ တနိုင်ငံလုံး ၅ ထောင်ကျော် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။


အဲဒီလို အမျိုးမျိုးသော ဖမ်းဆီးခံရသူ ၅ထောင်ကျော် အနက်က ၅၀၅-က နဲ့ စွဲဆိုခံထားရသူ ၂၃၀၀ ကျော်ကို လွှတ်ပေးမယ်ဆိုပြီး အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ ခုလိုအချိန်မှာ စစ်ကောင်စီက ဘာကြောင့် အခုလို ၅၀၅-က ပုဒ်မနဲ့စွဲဆိုထိန်းသိမ်းထားတဲ့ သူထောင်နဲ့ချီ လွှတ်ပေးတာလဲ ၊ နောက်ကွယ်က စေ့ဆော်တဲ့အကြောင်းက ဘာဖြစ်နိုင်လဲ စသဖြင့် အမျိုးမျိုး မှန်းဆမှုတွေ ရှိကြပါလိမ့်မယ်။ နံပါတ် ၁ အချက်ကတော့ အာဆီယံအပါအဝင် နိုင်ငံတကာမှာ သံတမန်ရေးအရ ဖိအားပေးမှုတွေကို အတိုင်းအတာတခုထိ လျော့ချဖို့ ဖြစ်နိုင်ပါတယ်။


တခြားအချက်အနေနဲ့လည်း စစ်တပ်ရဲ့ ပြင်းထန်တဲ့ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေ၊ ရိုက်နှက်ညှင်းပန်းမှုတွေကြောင့် မြုိ့ပေါ်ဆန္ဒပြမှုတွေ တနည်း မြေပေါ်လှုပ်ရှားမှုတွေ အားပျော့လာနေတာ ဖြစ်ပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို လအနည်းငယ်ကြာ ကာလတခုမှာ လျော်ပစ်လိုက်ပြီး လက်ရှိ တိုက်ပွဲဖြစ်တဲ့ မြို့ပြနဲ့ ကျေးလက်က လက်နက်နဲ့ ခုခံမှုကို ဆက်လက်နှိမ်နှင်းဖို့ ရည်ရွယ်ထားတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ခုလွှတ်ပေးမယ့်အထဲ လက်နက်နဲ့ခုခံသူတွေ မြို့ပြပျောက်ကျားတွေ မပါဝင်ပါဘူး။ ခုလွှတ်တဲ့အထဲပါဝင်သူတွေဟာ ဆန္ဒပြမှုတွေနဲ့ ဆန္ဒပြမှုကို အားပေးလှုံံဆော်သူတွေလို့ ယူဆပြီး ထိန်းသိမ်းထားသူတွေ ဖြစ်ပါတယ်။


စစ်အာဏာရှင်တွေဟာ အမြဲတမ်း လူထုက အကြောက်တရားနဲ့ ခုခံတော်လှန် ဆန့်ကျင်တာမလုပ်ရဲ အောင် ဆက်စပ်တာနဲ့ဖမ်း၊ လူသိရှင်ကြား ဆန့်ကျင်တယ်ပြောတာနဲ့ဖမ်းတာတွေ လုပ်ပြီး အာဏာကို ခိုင်မြဲအောင် တည်ဆောက်ကြပါတယ်။ ခုလိုလွှတ်ပေးတဲ့ အဓိပ္ပါယ်က ဒီလိုကိစ္စရပ်မျိုးတွေ နောက်မဖမ်းဘူးဆိုတဲ့ သဘောလုံးလုံးလျားလျားမဟုတ်ပဲ စစ်ေကာင်စီက ဆန့်ကျင်သူတွေ အပေါ် သဘောထားကြီးတယ်ဆိုတဲ့ ဝါဒဖြန့်ချိမှုတွက် သက်သေပြဖို့ ၊ နောက်တချက်က ပိုပိုသာသာ ဖမ်းထား ဝရန်းထုတ်ထားတဲ့ သူအချို့ကို ရုပ်သိမ်းပေးတဲ့ သဘောမျိုး လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆရပါတယ်။


လွှတ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ၅၀၅-က နဲ့ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ နံနက်မိုးလင်းကတည်းက သက်ဆိုင်ရာထောင်အသီးသီးရဲ့ ရှေ့မှာ ပန်းစည်းနဲ့ အောင်သပြေပန်းနဲ့ မျှော်လင့်ချက်ပြည့်နေတဲ့ မျက်ဝန်းနဲ့ စောင့်ဆိုင်းနေကြတဲ့ မြင်ကွင်း တနေကုန် ထမင်းမေ့ ဟင်းမေ့ စောင့်ဆိုင်းနေကြရပြီး မိုးချုပ် ၆နာရီ ၇နာရီ ထိုးမှ အသုတ်လိုက်လွတ်လာတဲ့ မြင်ကွင်းတွေက မြင်ရသူတွေ စိတ်ထဲ ခံစားရစေတာအမှန်ပါ။


အရင် စစ်အစိုးရတွေနဲ့ အနည်းငယ်ကွာခြားတာက ခုလိုလွှတ်ပေးတာမျိုးဟာ အများအားဖြင့် ပြစ်ဒဏ်ချမှတ်ပြီးမှ အကျဥ်းသားအဖြစ်ကနေ လွှတ်တာမျိုးဖြစ်လေ့ ဖြစ်ထရှိပြီး အခုလွှတ်ပေးတာက အချုပ်သား တရားရင်ဆိုင်ဆဲ၊ ရဲစခန်းမှာ အမှုတည်ဆောက်ဆဲ အခြေအနေမှာ လွှတ်ပေးတာ ဖြစ်ပါတယ်။ နိင်ငံရေး ရှုထောင့်အရ အချိန်အခါ ကိုသတ်မှတ်ပြီးလွှတ်တယ် ဆိုပေမယ့် အမှုရင်ဆိုင်နေဆဲ တရားရုံးမှာ ကြားနာနေဆဲကို အမှုရုပ်သိမ်းခိုင်းပြီးလွှတ်တယ်ဆိုတာမျိုးက တရားဥပဒေအရ လုပ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကို ရုပ်ပျက်စေတာလည်း ဖြစ်ပါတယ်။


ဒီနေ့မှာ အခြားအရေးပါတဲ့ သတင်းတပုဒ်ကတော့ ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာ ရှိတဲ့ကျေးရွာတရွာက ရဲစခန်းကို ချင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ရဲတွေဘက်က ၂၀ လောက်ကျဆုံးတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဖလမ်းမြို့အနောက်တောင်ဘက် အိန္ဒိယနယ်စပ်ကို သွားတဲ့လမ်းပေါ်က ဘုံဇုန်းရွာက ရဲစခန်းကို ချင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းနဲ့အတူ ဖလမ်းဟားခါးဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ချင်းကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကအချို့ ကျဆုံးတယ်လို့ သတင်းထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။


ဒေသခံတွေအတွက် ချင်းပြည်နယ်ဟာ ပထဝီဝင်အနေအထားအရ ပျောက်ကြားစစ်အနေနဲ့ ခုခံတိုက်ခိုက်ဖို့ အားသာချက်တွေရှိနေပြီး စစ်ကောင်စီတပ်တွေ အနေနဲ့ မြေပြန့်လို လွယ်လွယ်ကူကူ တက်တာ ဖြန့်တာ ဆုတ်တာ လုပ်ဖို့ အားမသာပါဘူး။ တဖက်မှာတော့ ရပ်ရွာနေ လူထုကို စစ်ဘေးရှောင်ဖြစ်အောင် မြေလှန်တာတွေ နေအိမ်တွေက ပိုင်ဆိုင်မှုတွေ လုယူတာ ဖျက်ဆီးတာ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခြင်းအားဖြင့် ဒေသခံတွေကို ပျောက်ကြားခုခံစစ်ရဲ့ တန်ဖိုးကြီးမားအောင် လုပ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ ခုကာလမှာတင် မင်းတပ်မြို့ကို အဲဒီနည်းနဲ့ ပိတ်ဆို့ အကြပ်ကိုင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


ဒီနေ့ သတင်းတွေကို ပြန် ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီက သူ့ရဲ့ နိုင်ငံတကာ ဖိအားကို လျော့ကျအောင် ဖမ်းဆီးထားတဲ့ ဓါးစာခံ အကျဥ်းသားတွေ အရေအတွက် တခု လွှတ်ပေးတာတွေ လုပ်နေချိန် တဖက်မှာလည်း လက်နက်ကိုင် ခုခံမှု တော်လှန်မှုကို အားစိုက်ခြေမှုန်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ NUG အစိုးရအနေနဲ့ D-Day လို့တင်စားခေါ်ဝေါ်တဲ့ အခါတော်ကျပြီဆိုတဲ့ လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲခေါ်သံက ဘယ်အချိန်လဲဆိုတာ လူထုက မျှော်လင့်နေကြရင်း နွေဦးတော်လှန်ရေးက ၅ လတိုင်ခဲ့ပြီဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

#MoeMaKaMed


ia

#WhatsHappeningInMyanmar

No comments:

Post a Comment