Tuesday, June 22, 2021

အငယ်ကောင် (သို့) Generation Z



အငယ်ကောင် (သို့) Generation Z



ဖုန်းထဲကို မျက်နှာကြီးအပ်လို့

ကမ္ဘာကြီးကို နေ့တိုင်းပတ်နေတဲ့ကောင်

တစ်ခါတစ်ရံ

တက်တူးတွေ ထိုးတယ်

ဆံပင်တွေလည်း ရောင်စုံဆိုးတယ်။


ခေါက်ဆွဲခွက်ထဲကို အစာအိမ်ထည့်လို့

သမုဒ္ဒရာ၀မ်းတစ်ထွာကို လက်ပစ်ကူး

ရှူးရှဲနှပ်နဲ့လည်း ကျေနပ်တဲ့ကောင်

ငါးပိထောင်းနဲ့လည်း နေတတ်တဲ့ကောင်။


ဘယ်သူ့ကိုမှ ဂရုမစိုက်သလို

နားကြပ်တပ်ပြီး သီချင်းတွေလိုက်ဆိုလို့

နားကပ်လည်း ပန်တဲ့ကောင်

ဖက်ရှင်လည်း ဆန်တဲ့ကောင်။


ဖုန်းထဲမှာ ဘောပွဲကြည့်

ဖုန်းထဲမှာ ဘောပွဲလောင်း

ဖုန်းထဲမှာ ဖဲရိုက်

ဖုန်းထဲမှာ ဂိမ်းတိုက်နေလို့

အိမ်ကလူကြီးတွေ သိပ်မကြိုက်

ဒီကောင်လေးအတွက်

ရင်လေးလိုက်တာလို့ ပြောခံရတဲ့ကောင် ။


အဖေ့ကို အဖိုးကြီး

အမေ့ကို အဖွားကြီး

အစ်ကိုဖြစ်တဲ့ကျွန်တော့်ကို ကွီးနဲ့

ခေတ်ရဲ့ဗန်းစကားတွေသုံးပြီး 

ယဉ်ကျေးမှုမသိသလို ရင့်သီးတဲ့ကောင်

တစ်ခါ ---- တစ်ခါ

အဖေ၊အမေနဲ့ ကျွန်တော်တို့ကြား

ဂျင်းစကားတွေနဲ့  

ဂျင်းထည့်တတ်တဲ့ကောင်။


ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ

အိပ်မက်တွေကို အိပ်ကပ်ထဲထည့်လို့

ညခင်းဘက်တွေ အအိပ်နောက်ကျပြီး

မနက်စာတွေ လွတ်နေတတ်တဲ့ကောင် ။


အဖေ့မွေးနေ့ကို မသိပေမယ့်

သူ့ကောင်မလေးမွေးနေ့ကို မှတ်မိတဲ့ကောင်

အမေ့မွေးနေ့ကို မသိပေမယ့်

သူတို့Aniကို သတိရတဲ့ကောင်

ကျွန်တော့်ဖုန်းနံပါတ်ကို မမှတ်မိပေမယ့်

သူ့ကောင်မလေးဖုန်းနံပါတ်ကိုတော့

ပရိတ်ရွတ်သလို ရွတ်တတ်တဲ့ကောင်။


သူလိုချင်တဲ့အကြောင်းအရာအတွက်

ကွန်ပျူတာကို အင်းတားခေါက်လို့

အသပြာငွေအတွက်တော့

အဖေ့ရုံးလွယ်အိတ်ကို နှိုက်

အမေ့သေတ္တာကို ဖွင့်လိုက်ပိတ်လိုက်

ကျွန်တော့်ရှေ့မှာ 

ခေါင်းလေးငိုက်ပြီး လက်ဖြန့်တဲ့ကောင်။


ဆိုင်ကယ်ကို အိတ်ဇောဖြုတ်

ဦးထုတ်ကို နောက်ပြန်ဆောင်း

အကျိုးနဲ့အကြောင်းကို ခေါင်းခဲအောင်စဉ်းစား

သူမှားတဲ့အခါ ခပ်ပြုံးပြုံးနဲ့

ဆောရီးဆိုပြီး တောင်းပန်တတ်တဲ့ကောင်။


ဒီကောင်

အငယ်ကောင်

အိမ်ကကောင် 

ဘွဲ့ရအလုပ်လက်မဲ့နဲ့ 

ပတ်၀န်းကျင်ကိုရွဲ့တတ်တဲ့

အသက် (၂၃)နှစ်ပဲရှိသေးတဲ့ကောင်

မြန်မာပြည်ကြီး အမှောင်ကျတဲ့နေ့ကစလို့

ယောင်ခြောက်ဆယ်ဂုဏ်ကို ဆွဲဖြုတ်

အာဏာရှင်ကို တိုက်ထုတ်မယ်ဆိုပြီ

လှေကားရင်းက ရှူးဖိနပ်ကိုလျှို

ကျောပိုးအိတ်ထဲကို ရေဘူးထည့်

ဖုန်းတစ်လုံးနဲ့ ပါဝါဘဏ့်အပိုဆောင်

လမ်းမတွေပေါ်ကို 

ကြွေးကြော်သံတွေနဲ့ 

လက်သုံးချောင်းထောင်ပြီး ထွက်သွားလိုက်တာ။


အခုတော့

အခု့တော့ 

အဲဒီကောင် 

အငယ်ကောင်

အိမ်ကကောင် 

ပြောခက်ဆိုခက် 

အနေမတတ်တဲ့ကောင်

အများပြောတဲ့ ဂျီဇက်ဆိုတဲ့အကောင်

ဟိုးတောင်ကြားမှာ 

သေနတ်ကြီးထမ်း

ဓားကြီးရမ်းရင်း

မိသားစုကို ဖုန်းလှမ်းဆက်တယ်

အားလုံးကို လွမ်းပေမယ့်

ဒီမိုကရေစီပန်းနဲ့မှ ပြန်ခဲ့မယ်တဲ့။


ဒီကောင်

ဒီကောင်

အိမ်က အငယ်ကောင်

အဖေပြောရခက်ပေမယ့် 

အဖေချစ်တဲ့ကောင်

အမေဆုံးမရခက်ပေမယ့် 

အမေချစ်တဲ့ကောင်

ကျွန်တော်နဲ့အသွင်မတူပေမယ့် 

ကျွန်တော်ချစ်ရတဲ့ကောင်

တိုင်းပြည်အတွက်တော့ 

ပြည်သူ့သားကောင်း ဇာနည်မောင်။


-နောင်ရိုး(ကန့်ဘလူ)-


#အရေးတော်ပုံအောင်ရမည်

#PDF_G_Zရဲဘော်အပေါင်းအားအလေးပြုလျက်

No comments:

Post a Comment