Monday, June 21, 2021

မော်လမြိုင်မြို့မှာအရပ်သားနှစ်ဦးသေနပ်ထိမှန်သေဆုံး


 မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇွန်၂၀ ရက်နေ့ မနေ့ညက အရပ်သားနှစ်ဦးဟာ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။


စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စစ်တာကိုမရပ်ဘဲ မောင်းပြေးရာကနေ ပစ်ခတ်ခံရတာလို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအသင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါ တယ်။


“ကျွန်တော်တို့က ဒီဖြစ်စဉ်ဖြစ်ပြီးမှ အလောင်းသွားသယ်ရတာ။ ကျွန်တော်တို့ ကြားတာကတော့ ဆိုင်ကယ် စစ်တာပေါ့။ ဆိုင်ကယ်စစ်တဲ့အချိန်မှာ တားမြစ်တာကို မရပ်တန့်ဘဲ မောင်းပြေးလို့ ပစ်တာလို့ ပြင်ပကလူတွေဆီက ကြားရတယ်။ သူတို့ (ရဲတပ်ဖွဲ့)ဆီက ကြားရတာကတော့ ဆိုင်ကယ်စစ်တာကို ပြန်ပြီးခုခံတဲ့အတွက် ပစ်တာလို့ကြားရတယ်”


ပစ်ခတ်ခံရသူ နှစ်ဦးဟာ ချောင်းဆုံမြို့နယ် ဘီလူးကျွန်း အဘစ်ကျေးရွာက ကိုမိုးဇော်ဦးနဲ့ ကိုဇော်မင်းဦးတို့ ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့ကို ဘောလုံးကန်ဖို့ဆိုပြီး သွားခဲ့ကြတာလို့ အဘစ် ကျေးရွာ ဒေသခံတွေက ပြောပါတယ်။


မနေ့ညကတော့ သူတို့နှစ်ဦးဟာ မော်လမြိုင်မြို့ကနေပြန်အလာ ချောင်းဆုံတံတားကို ဖြတ်မကူးခင် ကျောက်မီးသွေးစက်ရုံ မီးပွိုင့်အနီး ည ၈ နာရီခွဲဝန်းကျင်မှာ ပစ်သတ်ခံလိုက်ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။


သေဆုံးသွားတဲ့ ကိုမိုးဇော်ဦးရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ၄ ချက်တွေ့ရှိခဲ့ပြီး ကိုဇော်မင်းဦးရဲ့ ခန္ဓာ ကိုယ်မှာတော့ သေနတ်ဒဏ်ရာ ၃ ချက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။


သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ မနေ့ညက မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ချိန်မှာ သူတို့နှစ်ဦးရဲ့ ရင်ဘက်မှာ သေနတ်ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။


သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ရုပ်အလောင်းတွေကို အိမ်ကိုပြန်ပို့ပေးဖို့ အကူအညီ တောင်းခံလာ တာကြောင့် ဇွန် ၂၁ ရက် ဒီနေ့မှာ မိသားစုတွေထံ ပို့ဆောင်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သူက ဆက်ပြော ပါတယ်။


ကိုမိုးဇော်ဦး နဲ့ ကိုဇော်မင်းဦးတို့ဟာ မော်လမြိုင်မြို့မှာ ဘောလုံးကန်ဖို့ ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းက သွားရောက်ခဲ့တာလို့ အဘစ်ကျေးရွာ ဒေသခံတွေရဲ့ပြေကြားချက်အရ သိရပါတယ်။

No comments:

Post a Comment