Saturday, February 14, 2026
Saturday, December 20, 2025
Sunday, August 11, 2024
သတင်းအမှား စစ်ကောင်စီဝါဒဖြန့်
ကွတ်ခိုင် ဗုံးကြဲခံရမှုကို TNLA ဆက်ဆံရေးရုံးကို ဗုံးကြဲခဲ့ခြင်းဟု လော်ဘီများ သတင်းမှားဖြန့်
JC
မဇ္ဈိမ။ ။ တအာင်းအမျိုသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး လော်ဘီတွေက TNLA ဆက်ဆံရေးရုံးယာယီဌာနချုပ်ကို ဗုံးကြဲခဲ့တယ်လို့ ဝါဒဖြန့်ထားကြပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်ကနေ ဩဂုတ်လ ၇ ရက်နေ့မှာ “ကွတ်ခိုင်မှာရှိတဲ့ အကြမ်းဖက် ပလောင်ခွေးမိစ္ဆာ TNLA ရဲ့ ဆက်ဆံရေးရုံးယာယီဌာနချုပ်အား တပ်မတော်မှ ဗုံးကြဲရှင်းလင်း” ဆိုပြီး ရုပ်သံဖိုင်တခုနဲ့အတူ ဖြန့်ဝေထားပါတယ်။ ဒါ့အပြင် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်စန် နဲ့ မန်တုံ ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ လှုံ့ဆော်ထားတာကိုပါ တွေ့ရပါတယ်။
ဒီဖိုင်ဟာ ကြည့်ရှုသူ ငါးသောင်းကျော်ရှိနေတဲ့အပြင် တယ်လီဂရမ်ချန်နယ်နဲ့ ဂရု ၃၅ ခု အပါအဝင် ဖေ့ဘုတ်မှာလည်း ပျံ့နှံ့နေတာပါ။
မဇ္ဈိမကနေ ဒီအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာမှာ ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုမှာ TNLA ရဲ့ ဆက်ဆံရေးရုံးမဟုတ်ဘဲ အရပ်သားတွေနေထိုင်ရာ နေရာနဲ့ ဈေးဖြစ်နေတာကို တွေ့ရပါတယ်။
ဩဂုတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီက TNLA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ မဇ္ဈိမက ရရှိထားတဲ့ ရုပ်သံဖိုင်အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လမ်းမှာ သွားလာနေတဲ့ အရပ်သားအချို့ သေဆုံးနေတာကို တွေ့ရှိရပါတယ်။
PSLF/TNLA ကလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅) နဲ့ (၈) မှာရှိတဲ့ အရပ်သား ခြောက်ယောက်သေဆုံးခဲ့ရပြီး ကွတ်ခိုင်မြို့မဈေးလည်း မီးလောင်ခဲ့ရတာကြောင့် ဆိုင်ခန်းပေါင်း ၄၀၁ ခု မီးလောင်ပျက်ဆီးခဲ့ကာ အရပ်သား နေအိမ် ၁၀ လုံးထက်မနည်း ပျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ လင့် https://t.me/taangtv2023/3251
မဇ္ဈိမအပါအဝင် လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေမှာလည်း ကွတ်ခိုင်မြို့ ဗုံးကြဲခံရတဲ့အကြောင်းကို သတင်းဖော်ပြထားကြပေမယ့် TNLA ဆက်ဆံရေးရုံးမဟုတ်ဘဲ မြို့မဈေးပျက်စီးသွားပြီး သေဆုံးသူတွေက အရပ်သားတွေဖြစ်တဲ့အကြောင်း သတင်းဖော်ပြထားကြပါတယ်။ လင့် - t.ly/0aTuJ , လင့် - t.ly/RyT5x
Myanmar Now ရဲ့သတင်းဖော်ပြမှုမှာတော့ ကွတ်ခိုင်အခြေစိုက် ပရဟိတအသင်း တာဝန်ခံအမျိုးသားတစ်ဦးကို မေးမြန်းထားပြီး '“ဈေးထောင့်မှာ ၁ လုံး ကျတယ်။ ပြီးတော့ အဲဒီနားက ပြည်ထောင်စုလမ်းမပေါ်မှာ ၁ လုံး၊ နောက်ပြီးတော့ ဈေးထဲမှာ ၂ လုံး ကျတယ်” ဟု အထက်ပါ တာဝန်ခံ အမျိုးသားက ပြောသည်။' လို့ သတင်းဖော်ပြထားပါတယ်။ လင့် - t.ly/SN-Jb
ဒါ့အပြင် ဩဂုတ်လ ၇ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်ခဲ့တာကြောင့် အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ TNLA က ထုတ်ပြန်ထားပါတယ်။ ၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကို ဖော်ပြထားတဲ့ ပုံတွေထဲမှာတော့ ဓမ္မာရုံလို ဘာသာရေးအဆောက်အအုံပုံစံနဲ့ တူတဲ့ အဆောက်အအုံတွေ ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီးနေတာကို တွေ့ရပါတယ်။ လင့် https://t.me/taangtv2023/3261
သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။
ဒါကြောင့် ကွတ်ခိုင်မြို့ ဗုံးကြဲတိုက်ခိုက်မှုမှာ TNLA ဆက်ဆံရေးရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတာ စစ်ကောင်စီတပ်လော်ဘီတွေက သတင်းမှားဖြန့်ဝေနေကြတာဖြစ်ပြီး TNLA ထိန်းချုပ်ရာ မြို့တွေက အရပ်သားတွေနေထိုင်ရာဒေသတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
#Misinformation_Buster
#Fake_News
#TNLA
#ကွတ်ခိုင်
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Sunday, August 4, 2024
Subscribe to:
Comments (Atom)
