Thursday, June 24, 2021

အကြမ်းဖက်စစ်ကောင်စီကြားအကြမ်းဖက်စစ်ကောင်စီကြားမှ မန္တလေး

Crd: Myanmar now

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ် (MPDF) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ နံနက်ပိုင်းတွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းနေပြည်တော်စိုက်ရာ မန္တလေးမြို့၏ နံနက်ခင်းသည် တိတ်ဆိတ်နေသည်။



မြို့၏ နေရာအနှံ့အပြားတွင် တပ်စွဲထားပြီး မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများကို လိုက်လံစစ်ဆေးနေသည်။


စဉ့်ကိုင်၊ မတ္တရာ စသည့်မြို့များဘက်သို့ သွားသည့်လမ်းများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တို့ရှိနေသကဲ့သို့ မုံရွာဘက်သို့သွားရာ စစ်ကိုင်းတံတားပေါ်တွင်လည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်။


စစ်အာဏာရှင်ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကာလ ဆန္ဒပြပွဲများတွင် အဓိကပါဝင်ခဲ့ကြသည့် မြို့အရှေ့ဘက်ရှိ အောင်ပင်လယ်၊ အောင်သာယာရပ်ကွက်တို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက မည်းမည်းမြင်ရာ ခြောက်လှန့်ပစ်ခတ်နေကြသည်။ 


မြို့အနောက်ဘက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းအနီးရှိ စိန်ပန်းရပ်ကွက်ကိုလည်း စစ်ကောင်စီ၏ တပ်များက ဝင်ရောက်စီးနင်းကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားကြပြီး သားသတ်ရုံတစ်ခုထဲတွင် ရိုက်နှက်စစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရသူများက Myanmar Now ကို ပြောသည်။


“လက်နက်ရှာတယ်လို့ ကြားတာပဲ၊ ဝက်သတ်ရုံထဲမှာ လက်နောက်ပြန်ထား၊ ဒူးထောက်ထိုင်ခိုင်းထားပြီး ရိုက်စစ်နေတာ” ဟု ၎င်းက ပြောသည်။


ထိုသို့ ဖိနှိပ်မှုများ ဆိုးဆိုးရွားရွား ပြင်းထန်လာခြင်းမှာ ဇွန် ၂၂ က ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲတွင် စီမံအုပ်ချုပ်ရေးအရာရှိ (A1) အဆင့်ရှိသည့် ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်နှင့် ဗိုလ်ကြီးတစ်ဦးတို့ သေဆုံးခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆကြသည်။ 


ထိုအပြန်အလှန်ပစ်ခတ်မှုတွင် PDF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၈ ဦး ဖမ်းဆီးရမိကြောင်း၊ မော်တော်ယာဉ်တစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာ ထရန်စဖော်မာကို ဝင်တိုက်ပြီး ယာဉ်ပေါ်တွင် ပါဝင်သူ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ဘက်မှ အသေအပျောက်စာရင်းကိုမူ ဖုံးကွယ်ထားသည်။


မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်ကမူ “ကျွန်တော်တို့ဘက်က ကျဆုံးတာ ၂ ယောက်ရှိတယ်။ အဖမ်းခံရတာက ၆ ယောက်ပါ။ DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) က ၃ ယောက်ကျပါတယ်” ဟု Myanmar Now ကို ထိုတိုက်ခိုက်မှုများအပြီးတွင် ပြောသည်။


ပါဂျဲရိုးမော်တော်ယာဉ်တစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်စဉ် ကားပေါ် သေဆုံးခဲ့သည့် လူငယ် ၄ ဦးမှာ သာမန်အရပ်သားများသာဖြစ်ကြောင်း ၎င်းတို့မိသားစုဝင်များနှင့် မန္တလေး PDF က ပြောထားသည်။ 


မြို့၏ တောင်ဘက် ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်သို့ စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်းရှိ PDF အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ PDF ရဲဘော်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။


“သူ ( အောင်မျိုးကျော်) ကျတာက အတွင်းထဲက ၈ ယောက်ထဲက ပစ်လိုက်တာဗျ။ သူ အရင်ဆုံးကျတာ။ သူပြီးတော့ သူ့ဘေးက ဗိုလ်။ ကျန်တာတော့ မသိဘူး အဲ့ဒီနှစ်ယောက်ကို Confirm (အတည်ပြု) ပေးပါတယ်” ဟု ၎င်းက ပြောသည်။


စီးနင်းသည့် သတင်းကို ကြားသိ၍ သွားရောက်ပစ်ခတ်ခဲ့သော်လည်း စစ်တပ်ဘက်မှ တပ်ကူများ ထပ်ရောက်လာ၍ ထိုစခန်းကို အဆုံးရှုံးခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


“ကျွန်တော်တို့ကကျတော့ အပြင်ဘက်က ပြန်ဝိုင်းတဲ့အဖွဲ့ကဆိုတော့ အတွင်း၈ ယောက်ထဲက ဘယ်သူပစ်လိုက်တာလဲ မသိဘူး။ သူပစ်ကိုယ်ပစ်အနေအထားလား၊ ကင်းစောင့်က ပစ်လိုက်လားဆိုတာ၊ ဘာဒဏ်ရာနဲ့ ကျသွားသလဲဆိုတာ မသိရပါဘူး၊ အတွင်းထဲက ကျွန်တော်တို့လူ ၈ ယောက်လုံးကလည်း အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်” ဟု ၎င်းက ပြောသည်။


မန္တလေးမြို့ပေါ်တိုက်ပွဲတွင် PDF လက်ချက်ဖြင့် သေဆုံးသွားသည့် စစ်ကောင်စီအရာရှိမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း ဒုတိယဗိုလ်မှူးကြီးအောင်မျိုးကျော်ဖြစ်သည်။


ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာတွင် မွေးဖွားခဲ့သူ ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်တွင် မွေးချင်း ၆ ဦး ရှိသည်။ ၎င်း၏ မိသားစုဝင်များမှာလည်း စစ်ကောင်စီထောက်ခံသူများဖြစ်သည်ဟု ဒါးကဒေသခံများက Myanmar Now ကို အတည်ပြုသည်။


“ အဲ့ဒီကောင်(အောင်မျိုးကျော်) အရှိန်ကြောင့် တစ်မိသားစုလုံးက မဘသပဲ။ ကြံ့ခိုင်ရေးပါတီဝင်ရယ်လို့တော့ မဟုတ်ပေမယ့် အဲ့ဒီလို စစ်တပ်အားပေးတွေပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒါးကကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောသည်။


ဒါးကရှိ သူ၏ မိသားစုဝင်အားလုံး မန္တလေးမြို့ရှိ နာရေးသို့ ယမန်နေ့က ထွက်ခွာသွားကြပြီး တစ်လပြည့် အစီအစဉ်ကို ဒါးကရှိ နေအိမ်တွင် ပြုလုပ်မည်ဟု သိရကြောင်း ဒေသခံများက ဆိုသည်။


ယမန်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ပေါ်ရှိ PDF စခန်းကို ဝင်ရောက်စီးနင်းရာတွင် A 1 အဆင့်ရှိသည့် ဒုတိယဗိုလ်မှူးကြီးက ဦးဆောင်ခဲ့သည်မှာ ထူးခြားသည့် ဖြစ်စဉ်ဖြစ်ပြီး နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည် ဗိုလ်ကြီးထွန်းမြတ်အောင်က သုံးသပ်သည်။


အွန်လိုင်းသို့ရောက်လာသော ဒေသခံတို့၏ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းတို့တွင် စစ်ကောင်စီတပ်များ အင်အားအလွန်အကျွံသုံးစွဲခြင်းကို တွေ့နိုင်ကြောင်း၊ စစ်တပ်အတွင်း မည်မျှစိုးရိမ်နေကြသည်ကို ထိုအခြေအနေများက ပြသနေကြောင်း ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။


“မလုံမခြုံခံစားနေရတာပေါ့ အကုန်လုံးက။ တပ်မိသားစုတွေရော၊ စစ်သည်တွေကိုယ်တိုင်ရော၊ လူကြီးတွေကိုယ်တိုင်ကရောပေါ့။ တော်တော်ကို ကြောက်နေကြတာပေါ့။ ဆန္ဒပြပွဲတွေမှာ အော်နေကြတဲ့ “တပ်ပျက်နေပြီ” ဆိုတာ အခုမှ တကယ်မှန်နေတာ” ဟု ၎င်းက ပြောသည်။


စစ်သည်တစ်ဦးက စစ်မြေပြင်သုံးပခုံးထမ်းလောင်ချာဖြင့် မန္တလေးမြို့တွင်းရှိ နှစ်ထပ်အိမ်တစ်လုံးကို ပစ်ခတ်နေသည့် မြင်ကွင်းနှင့် စက်သေနတ်များတပ်ဆင်ထားသည့် သံချပ်ကာကားများ မန္တလေးမြို့အနှံ့ လှည့်ပတ်နေမှုကို ဝေဖန်မှုမြင့်တက်ခဲ့သည်။


စစ်ကားနှင့် ရဲကား အစီးရေ ၂၀ ခန့်ပါဝင်သည့် အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဝင်ရောက်စီးနင်းစဉ် PDF တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သည့်နည်းတူ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးဖြင့်ပါ ပစ်ခတ်သည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။


နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ၍သာ တင့်ကားများ၊ ရဟတ်ယာဉ်များကို အသုံးပြုပြီး ယခုကဲ့သို့ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို စစ်ဆင်ရေးတွင် ဦးဆောင်ခိုင်းခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


“ဒါကတော့ နောက်ဆုံး အဆုံးသတ်မဟုတ်ရင်တောင်မှ ပြည်သူလူထုထောက်ခံမှုရှိတဲ့ဘက်ကပဲ နိုင်မှာပဲ။ မနေ့ကအခြေအနေကို ပြောရမယ်ဆိုရင်တော့ နိုင်တယ်လို့ပဲ ပြောရမှာပဲလေ” ဟု ၎င်းက ဇွန် ၂၃ တွင် ပြောသည်။


မန္တလေးမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာသင့်နော်က ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သော်လည်း မန္တလေးမြို့ခံလူငယ်များအတွက် ဂုဏ်ယူကြောင်းပြောသည်။


“ပြည်သူအားလုံးဟာ ဘုံရည်မှန်းချက်က တူတူပဲ။ တစ်ချို့က စာရေးပြီးတော်လှန်ကြတယ်။ တစ်ချို့က ဟောပြောဆန္ဒပြကြတယ်။ တစ်ချို့က အသက်ပေးတော်လှန်ကြတယ်။ မနေ့ကကိစ္စနဲ့ ပတ်သက်လို့ အထိအခိုက်ရှိခဲ့ပေမယ့် ဒါဟာ လက်နက်ကို လက်နက်ချင်း ပြန်အံတုတဲ့ ပြည်သူ့ရဲ့အောင်ပွဲပဲ။ လူငယ်တွေအတွက် ဂုဏ်ယူပါတယ်” ဟု စာရေးဆရာသင့်နော်က ပြောလိုက်သည်။ 

No comments:

Post a Comment