Friday, June 25, 2021

အကြမ်းဖက်စစ်ကောင်စီ၏ ဂျင်း


 " အနာဂတ် ဖျက်စီးခံရမှု့ (သို့မဟုတ်) စစ်ကောင်စီ၏ ဂျင်း "


" ဂျင်းထည့်တယ် " " ဂျင်းထည့်ခံရတယ် " ဆိုတဲ့စကားက မြန်မာ့အဖွဲ့အစည်းနဲ့ မစိမ်းပါဘူး ။ အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ ဗန်းစကားတစ်ခုပါ ။ အလိမ်ခံလိုက်ရတယ် ၊ သူငယ်နှပ်စားလေးတွေ ဆိုတဲ့သဘောပါ ။ 


တော်လှန်ရေးအချိန်မှာတော့ ပိုလို့ တွင်ကျယ်လာတဲ့ " ဂျင်း " ဟာ ၊ နှစ်ဘက်စလုံး အပြန်အလှန်ပါပဲ ။ ချစ်နိုင် ( စိတ်ပညာ ) ရဲ့ ဆိုက်ဝါးတွေနဲ့အတူ ပြည်သူတွေ ဂျင်းထည့်ခံရတာပါ ။ သို့ပေမယ့် တော်လှန်ရေးကို ဦးဆောင်နေသူတွေက ပညာတတ်လူငယ်တွေ မဟုတ်လား ။ ဒီတော့ ချစ်နိုင်ရဲ့ ဂျင်းတွေဟာ ခဏတာတော့ ပျံ့နှံ့သွားပေမယ့် အတွေးအခေါ် ၊ နည်းပညာ သာလွန်တဲ့ ခေတ်ပညာတတ် လူငယ်တွေအောက်မှာ ဂျင်းဟာ အရည်ပျော်သွားရတာပါ ။ ခေတ်လူငယ်တွေနဲ့ ဂျွန်တ လို့ ကမ္ဘာကခေါ်တဲ့ စစ်ဗိုလ်ချုပ်အိုကြီးတွေရဲ့ တိုက်ပွဲဟာ နှစ်ဘက်စလုံးမှာ တန်းတူလက်နက်ကိုင်နိုင်တဲ့တစ်နေ့မှာတော့ ၊ စစ်ကောင်စီအတွက် မလွယ်ကျောပါပဲ ။ ဦးပုံညလေသံအတိုင်းပြောရရင် " သူတင်လားကွဲ့ " ။ " မဟုတ်ပါဘူး ... စစ်ကောင်စီလက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပါ ပါသေးတယ် " ။


စာရေးသူဟာ နွေဦးတော်လှန်ရေးအတွက် ပြည်ပသတင်းတွေနဲ့ အသိပေး ၊ အားဖြည့်နေသူပါ ။ ကလောင်လက်နက် ဆွဲကိုင် တော်လှန်နေသူဆိုလည်း မမှားပါဘူး ။


ဒီတော့ ၊ နိုင်ငံတကာသတင်း နဲ့ ကုလသတင်းတွေကို နာရီပိုင်းအတွင်းမှာ အခါခါ ဝင်ကြည့် ၊ လေ့လာပါတယ် ။ သတင်းတွေ နားထောင်ပါတယ် ။ အထူးသဖြင့် ဒီရက်ပိုင်းမှာ အရိပ်တကြည့်ကြည့် လေ့လာနေမိတဲ့ သတင်းကတော့ MAH ရဲ့ မော်စကိုခရီး ။ ကုလသတင်း ။ အမေရိကန်ရဲ့ မြန်မာအရေးသတင်း ။ အိန္ဒိယသမုဒ္ဓရာ စစ်ရေးသတင်းတွေပါ ။


MAH ရဲ့ မော်စကို အစည်းအဝေးဟာ ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးပါ ။အထူးဧည့်သည်တော်အဖြစ် ဧည့်မခံပါဘူး ။ ပူတင်နဲ့တွေ့ခွင့်မရပါဘူး ။


" လိုင်းပေါ်မှာ ပျံ့နေတဲ့ တရုပ်သရဲသဏ္ဍန် အနီရောင်ဝတ်စုံနဲ့ ဂုဏ်ပြုတာမျိူး လုံးဝ မတွေ့ရပါဘူး ။ ဓာတ်ပုံကို ဘယ်သတင်းဌာနကမှ မတင်သလို ၊ ဒီအခမ်းအနား ရှိတယ်လို့လည်း ဘယ်သတင်းဌာနကမှ မတင်ပါဘူး "


ဒါဟာ ဂျင်း စစ်စစ်ပါ ။ 


ကောင်းပြီ ...။ စစ်ကောင်စီဟာ မဟုတ်တာကို ၊ အဟုတ်အမှန်ပုံစံနဲ့ ဘာ့ကြောင့်လိမ်နေသလဲ ...?

ဘာ့ကြောင့် ဂျင်း ထည့်နေတာလဲ ... ?


ရှင်းပါတယ် ။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို ထိန်းထားချင်လို့ပါ ။ ပြည်သူတွေ မယုံဘူးဆိုတာ သူတို့သိတယ် ။ သို့ပေမယ့် လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ ရုရှားနဲ့ တရုပ်က ကူညီသယောင်ယောင် ၊ အားပေးနေသယောင်ယောင်နဲ့ လက်နက်စွန့်ပြီး မပြေးရအောင် ရသမျှအချိန်အထိ ဒုက္ခပေးဖို့ ၊ သူ့လူတွေကို သူကပြန်ပြီး ဂျင်းထည့်နေတာပါ ။ ဒါဟာ အာဏာတည်မြဲဖို့နဲ့ သူ့မိသားစု လုံခြုံဖို့အတွက် လက်နက်ကိုင်တွေကို ချနင်းတာပါ ။ 


" ဒီတော်လှန်ရေးမှာ ဂျင်း အကြီးကြီး အထည့်ခံခဲ့ရသူတွေ ၊ အထည့်ခံနေရတဲ့သူတွေက စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေပါပဲ "


D-Day မခေါ်ရသေးပဲ ပြောက်ကျားလောက်နဲ့တင် ထိတ်လန့်နေတဲ့ စစ်ကောင်စီဟာ စစ်သင်္ဘောကြီး ရော်နယ်ရေဂင်ပေါ်က ပဲ့ထိန်းဒုံးတွေသာ လွှတ်ခဲ့မယ်ဆိုရင် တွေးသာကြည့်ပါတော့ ။ အားကိုးတဲ့ရုရှားကလည်း လူလိုသူလို ဆက်ဆံလိုက်တာ မဟုတ်ပါဘူး ။ ရုရှားစစ်သင်္ဘောတွေ မြန်မာ့ဆိပ်ကမ်းမှာ လာကပ်ဖို့အတွက် ၊ အမေရိကန် ၊ ပြင်သစ်နဲ့ ဗျြတိသျှ ရေတပ်တွေကို အရင်ဆုံး တွေ့ရပါလိမ့်မယ် ။ ရောက်လာခဲ့ရင်တောင် ၊ ရုရှားရဲ့ ထုံးစံအတိုင်း အီရန်နဲ့ လစ်ဗျားတုန်းကလို အသာလေး လစ်မှာပါပဲ ။ ရုရှားနဲ့ ဆိပ်ကမ်းစာချုပ် ချုပ်တယ်ဆိုတာလည်း ဂျင်း စစ်စစ်ပါပဲ ။ လက်နက်ကိုင်တွေ ဆက်မိုက်ရဲအောင် ထည့်ပေးလိုက်တဲ့ ဂျင်း အကြီးကြီးပါ ။ 


ပြည်သူတွေကတော့ ပညာတတ်ခေါင်းဆောင်တွေရဲ့ အသိပေးမှု့ကြောင့် ဂျင်း ကို ၊ ဂျင်း မှန်းသိပေမယ့် စစ်ကောင်စီလက်နက်ကိုင်တွေကတော့ မသိသေးရှာပါဘူး ။ မြန်မာအချင်းချင်းဆိုတော့ အတွေးအခေါ်နိမ့်နေတဲ့ ကိုယ့်လူမျိူးတွေအတွက်လည်း စိတ်မကောင်းပါဘူး ။


တကယ်တော့ စစ်ကောင်စီဟာ မနာလိုစိတ်နဲ့ တိုင်းပြည်ကို ဖျက်စီးနေတာပါ ။ ဒီလုပ်ရပ်ကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူအားလုံးက သဘောပေါက်နေလို့ ၊ တိုင်းပြည်မပျက်စီးရအောင် အသက်စွန့် တော်လှန်နေကြတာပါ ။ ဒါကို သဘောပေါက်သင့်နေတဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေဟာ ဘာ့ကြောင့်များ အာဏာရှင်ဗိုလ်ချုပ်ကြီးတွေဘက်ကို သေနတ်ပြောင်း မလှည့်ကြတာလဲ ...? ။ ရှင်းရှင်းလေးပါ မတ်ဆွေတို့ ။ တိုင်းပြည်ကို မနာလိုစိတ်နဲ့ ဖျက်စီးနေတဲ့ ဗိုလ်ချုပ်အိုကြီးတွေကို ရှင်းပစ်လိုက်ရင် ၊ စစ်ကောင်စီလက်နက်ကိုင်တွေအပေါ်မှာ အခဲမကျေဖြစ်နေတဲ့ ပြည်သူတွေဟာ အောင်သပြေပန်းကမ်းလို့ ကြိူကြပါလိမ့်မယ် ။


ဒီလိုမှမဟုတ်ပဲ စစ်ကောင်စီကျွေးတဲ့ ဂျင်းကို အမှန်ထင်နေမယ်ဆိုရင်တော့ မကြာသောရက်ပိုင်းအတွင်းမှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှု့ကို မရှု့မလှ ခံကြရပါလိမ့်မယ် ။


ဒီနေ့ နိုင်ငံတကာ သတင်းတွေမှာတော့ MAH ကို ရုရှားက အစည်းအဝေး တက်ခွင့်ပေးတဲ့အတွက် ၁၁၉ နိုင်ငံက ကုလကို သူတို့ပေးထားတဲ့ ထောက်ခံမှု့ ၊ အသိအမှတ်ပြုရာမရောက်တဲ့အတွက် မေးခွန်းထုတ်နေကြပါပြီ ။


စစ်သင်္ဘောကြီး ရော်နယ်ရေဂင်ကတော့ မလေးရှားနိုင်ငံက ပေါ့ကလန်းနဲ့နီးတဲ့ မလက္ကာရေလက်ကြားမှာ အသင့်ရပ်ထားပါတယ် ။ နိုင်ငံတကာလေဆိပ်ရဲ့ အနောက်ဘက်နားမှာပါ ။ ကော့သောင်းမြို့နဲ့ သိပ်မဝေးပါဘူး ။ 


ပြည်သူတွေဘက်က သတင်းက နည်းပညာကို အခြေခံတဲ့အတွက် ဂျင်း မပါပါဘူး ။ နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်တွေမှာ တရားဝင် ကြည့်လို့ရပါတယ် ။ စစ်ကောင်စီရဲ့ ဂျင်း သတင်းတွေကတော့ Date လွန် သတင်းနဲ့ ဓာတ်ပုံတွေ ။ ဖြတ် ။ ကပ် ၊ ညှပ်တွေသာ များပါတယ် ။ 


ဆိုရရင် ...၊ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေနဲ့ မိသားစုဝင်တွေဟာ ၊ မိမိဘဝ ၊ မိသားစုဘဝတွေ ဂျင်းထည့်ပြီး ချနင်းခံနေရတာတွေကို သဘောပေါက်သင့်ပါပြီ ။ ဘာ့ကြောင့်လဲဆိုတော့ NUG က ကြေငြာမယ့် PDF ရဲ့ Action ဟာ သိပ်ကို နီးကပ်နပါပြီ ။ ဂျင်း ကို ဂျင်းမှန်း ခွဲခြား


သိမြင်နိုင်ကြပါစေ ။


ဘကြီးအောင် LA

No comments:

Post a Comment