Friday, June 11, 2021

မန္တလေးတွင်ရဲနှစ်ဦးသတ်ခဲ့ခြင်း မန္တလေး PDF ပြောကြား


မန္တလေးတွင် ရဲနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း PDF ပြော

--------------------------------------------

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ရဲနှစ်ဦးကို ပစ်သတ်ပြီး သေနတ်တစ်လက်ကို သိမ်းယူခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များက ယနေ့ (ဇွန် ၁၁ ) တွင် Myanmar Now ကို ဖုန်းဆက်ပြောကြားသည်။


ပြီးခဲ့သည့် ဇွန် ၈ နံနက်ပိုင်းက ဆိုင်ကယ်မောင်းလာသည့် ရဲနှစ်ဦးကို ကားဖြင့်တိုက်၍ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတစ်ဦး ပွဲချင်းပြီးသေဆုံး၍ နောက်တစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု သိရသည်။


ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား ခြိမ်းခြောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြစ်ပြတ်ချေမှုန်းခြင်းဖြစ်ကြောင်း PDF (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ထွန်းတောက်က ပြောသည်။


"(ရဲ)နှစ်ယောက် ဆိုင်ကယ်စီးလာတယ်။ ပုံမှန်ဆို ၅ စီး၊ လူ ၁၀ လောက်ပေါ့။ ရဲနှစ်ယောက်ပဲဆိုတော့ မထူးတော့ဘူးဆိုပြီး နောက်ကနေ ကားနဲ့ အရင်ဝင်တိုက်လိုက်တာ။ ဆိုင်ကယ်က ပလက်ဖောင်းဘေး လွင့်သွားတာ။ နယ်ထိန်းတစ်ယောက်နဲ့ တပ်ကြပ်တစ်ယောက်" ဟု ၎င်းက ဆိုသည်။


“ဒီပစ်ခတ်မှုမှာ ကျွန်တော်တို့ဘက်က လူအင်အား ၃ ဦးပဲ သုံးခဲ့တယ်၊ ကားမောင်းတဲ့သူအပါအဝင်ပေါ့။ ကျွန်တော်တို့က တော်လှန်ရေးလုပ်နေတာ။ တစ်ဦးတစ်ယောက်လည်း တော်လှန်ရမယ်၊ နှစ်ယောက်လည်း တော်လှန်ရမယ်။ သူတို့ဖက်က ဘယ်သူဖြစ်ဖြစ် တော်လှန်ရမှာပဲ။ သူတို့ကို အထောက်အပံ့ဖြစ်စေတဲ့ မဏ္ဍိုင်တွေကို တော်လှန်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ လုပ်ကြံခဲ့တာ" 


အဆိုပါ ရဲနှစ်ဦးမှာ ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှဖြစ်ပြီး သမဝါယမကောလိပ်တွင် တာဝန်ကျနေသူများဖြစ်ကာ ထမင်းစားပြန်ချိန်၌ အပစ်ခံရခြင်းဖြစ်ကြောင်း နီးစပ်သူ CDM ရဲတစ်ဦးထံမှ သိရသည်။ 


ပစ်ခတ်ခံရသော ရဲတပ်ကြပ်အောင်နိုင်ဝင်းမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးကာ ရဲတပ်ကြပ်တင်ထွန်းအောင်မှာ ဆေးရုံ၌ သေဆုံးသွားသည်။


အခင်းဖြစ်ရာအနီးပတ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက သေနတ်သမားများမှာ ကားဖြင့် ရောက်လာပြီး ထိုကားဖြင့် ပြန်ထွက်သွားသည်ဟု ဆိုသည်။


“ကားနဲ့တိုက်ပြီးတော့မှ ဆင်းပြီးပစ်သွားတာ၊ (ရဲ)တစ်ယောက်က ဖြစ်ဖြစ်ချင်းကတည်းက မလှုပ်တော့ဘူး” ဟု ထိုအမျိုးသမီးက ပြောသည်။


၎င်းရဲနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်မှု မရှိသေးသကဲ့သို့ နယ်မြေရဲစခန်းကို တယ်လီဖုန်းဆက်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။


မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားတို့က ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းရုံမက ရပ်ကွက်များ၊ CDM မီးရထားဝန်ထမ်းအိမ်ရာများကို ညအချိန် ဝင်ရောက်ပစ်ခတ်ခဲ့သည်။ 


မန္တလေးမြို့ပေါ်တွင်လည်း လုံခြုံရေးအကြောင်းပြကာ နယ်မြေရဲများ၊ ယာဉ်ထိန်းရဲများအပါအဝင် စစ်တပ်က နေ့ပိုင်းတွင် ကားများ၊ ဆိုင်ကယ်များဖြင့် လှည့်လည်နေသလို တချို့လမ်းမကြီးများပေါ်တွင် ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်း၊ ဖုန်းများစစ်ဆေးခြင်း၊ ဒဏ်ရိုက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ နေ့စဉ်ပြုလုပ်နေသည်။ 


ဆန္ဒပြပွဲများဖြိုခွင်းရာတွင် ဆန္ဒပြသူတို့ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်များကို ယူဆောင်သွားကာ စီးနင်းနေကြောင်း မြို့ခံများက ဆိုသည်။ 


ထိုသို့ဖိနှိပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပြန်တိုက်ခိုက်မှုများ မေလနှင့် ဇွန်လအတွင်း မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည်။ 


ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ပွားနေသော်လည်း စစ်ကောင်စီက အတင်းအကျပ် ကျောင်းဖွင့်ခဲ့သည့် ဇွန် ၁ ၌ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အထက (၃၂) ကျောင်းရှေ့တွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သေနတ်သမားတစ်ဦးက သွားရောက်ပစ်ခတ်ရာ စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။


ယင်းပစ်ခတ်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ပြီး မြို့နယ် ၅ ခုတွင်လည်း အသေးစားဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း မန္တလေး People Defence Force (PDF) အဖွဲ့မှ ခေါင်းဆောင် ဗိုလ်နက္ခတ်ဆိုသူက Myanmar Now ကို ပြောထားသည်။  


ပုသိမ်ကြီး ရဲ ၂ ဦးကို ပစ်သတ်ခဲ့သည့် PDF မန္တလေးတပ်ဖွဲ့က “မကြာမီ တိုက်ပွဲလိုမျိုးသွားတော့မယ်။ ဒီတော့ မန္တလေးပြည်သူတွေအနေနဲ့ လူစည်ကားရာနေရာတွေရှောင်ဖို့၊ သူတို့ခြေကုပ်ရယူထားတဲ့နေရာတွေ၊ သူတို့စုဝေးနေထိုင်တဲ့နေရာတွေရှောင်ဖို့ အကူအညီတောင်းချင်ပါတယ်။ မဆိုင်တဲ့ပြည်သူကို ကျွန်တော်တို့ အထိအခိုက်မခံနိုင်ဘူး”ဟု ၎င်းက ဆက်ပြောသည်။


စစ်တပ်ကမူ အကြမ်းဖက်သမားများသည် အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများတွင် မိုင်းထောင်တိုက်ခိုက်ရုံသာမက ကလေးသူငယ်များ၏ ပညာရေးထိခိုက်စေရန် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးတိုက်ခိုက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။ 


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က အကြမ်းဖက်မှုများကို ကိုယ်တိုင်လုပ်ဆောင်သည့်အပြင် အကြမ်းဖက်မှုကျူးလွန်ရန်လည်း အားပေးလှုံ့ဆော်နေသည်ဟု ယနေ့ထုတ်သတင်းစာများတွင် စစ်ကောင်စီက စွပ်စွဲရေးသားထားသည်။


စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီး ဖွဲ့ထားခြင်းဖြစ်သည်။ 


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသက် ၆၅ နှစ် ပြည့်တော့မည့်အချိန်တွင် အခြားဗိုလ်ချုပ်တစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်ရာထူး မပေးဘဲ အာဏာသိမ်းပြီး စစ်တပ်ကို ဆက်လက်ချုပ်ကိုင်ထားရာ အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်းများအတွက် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်လာသည်။ 

No comments:

Post a Comment