Tuesday, June 1, 2021

ပြည်ကြီးတံခွန် ပစ်ခတ်မှုတွင် စစ်သား ၁ ဦးသေဆုံးပြီး ရဲ ၁ ဦးဒဏ်ရာရ





ဧရာဝတီ 1 June 2021


မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်မီးပွိုင့်အနီး အ.ထ.က (၃၂) ကျောင်းရှေ့တွင် အစောင့်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးနေရာတွင်ပင် သေဆုံးကာ ရဲ ၁ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။


ယနေ့ ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါကျောင်းရှေ့က ဖြတ်မောင်းသွားသော ကား ၁ စီးအတွင်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက ပိုက်စိတ်တိုက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။


ဒေသခံတဦး က “ပစ်တဲ့လူက နောက်ဖုံးမှာ ထိုင်ပြီးတော့ မျက်နှာကို ပုဝါနဲ့ စည်းထားပြီး မောင်းနေရင်းနဲ့ ပစ်သွားတာ စစ်သား ၁ ယောက်ကတော့ ပွဲချင်းပြီး သေတာ ရဲကတော့ ဒဏ်ရာနဲ့ပေါ့။ အဲဒီနားကို ပိုက်စိတ်တိုက်ရှာနေတယ်။ ရှုပ်ယှက်တွေ ခတ်နေတယ်။ မသင်္ကာတဲ့ ပုံစံမျိုးတွေ့ရင် ပစ်မိန့်ပေးထားတယ် ဆိုပြီးလည်း ကြားနေတယ်” ဟု ပြောသည်။


ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အ.ထ.က (၃၂) ကျောင်းတွင် စစ်ကောင်စီတပ်သားများ နေ့စဉ် အစောင့်ချထားပြီး ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တက်ရောက်သူ မရှိကြောင်း သိရသည်။


မန္တလေးမြို့သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းများ နေ့စဉ်ထွက်ရှိနေသည့် မြို့တမြို့ဖြစ်ပြီး စစ်ကောင်စီကလည်း ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

.

ဧရာဝတီ 1 June 2021

No comments:

Post a Comment