Wednesday, June 30, 2021

ဖမ်းဆီးခံထားရတဲ့ ၅ နှစ်သမီးငယ်လေးပြန်လွတ်လာ။


 ဖမ်းဆီးခံထားရတဲ့ မိုးကုတ်က (၅)နှစ်အရွယ် ကလေးငယ် ပြန်လွှတ်လာ


ရွှေဖီမြေ၊ ဇူလိုင် ၁ ရက်၊ မိုးကုတ်


(၂)ပတ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုးဌေးရဲ့ (၅)နှစ်အရွယ် သမီး မစုထက်ဝိုင်း ပြန်လွှတ်လာပြီ ဖြစ်ပါတယ်။


မနေ့ ဇွန်လ ၃၀ ရက်မှာ ပြန်လွှတ်လာတာဖြစ်တယ်လို့ ဖခင်ဖြစ်သူက ၎င်းရဲ့ Facebook မှာ ဒီနေ့မနက်ပိုင်းက ရေးသားထားပါတယ်။


“သမီးငယ် စုထက်ဝိုင်း မနေ့(ဇွန်လ ၃၀ ရက်)က ဖမ်းဆီးခံထားရခြင်းမှ ပြန် လွှတ်လာပါတယ်။ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။


“နှစ်ပတ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားစဥ် ထမင်းဝအောင် မစားရဘူး။ ရေချိုးရင် အိမ်သာရေနဲ့ ချိုးရတာလို့ ပြန်ပြောပြကြောင်းနဲ့ ဖွားဖွားစု (ဒေါ်အောင်ဆန်းစုကြည်) လွှတ်ပြီလားလို့လည်း မေးကြောင်း” ဆက်လက် ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ဦးစိုးဌေးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးဖို့ လာရောက်စဥ် မတွေ့တာကြောင့် ဇနီးဖြစ်သူ ဒေါကြည်ကြည်ခိုင်နဲ့ သမီးတွေကို ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။


၎င်းရဲ့ဇနီး ဒေါ်ကြည်ကြည်ခိုင်ဟာ မြို့နယ် တအာင်းအမျိုးသာပါတီ (TNP)ရဲ့ စာရင်းစစ် ဝန်ထမ်းတစ်ဦး ဖြစ်​ပါတယ်။


သားဖြစ်သူ ၂ ဦးနဲ့ ဦးစိုးဌေးတို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဦးစိုးဌေးကိုတော့ တပ်မတော်ကို အကြည်ညို ပျက်စေတဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်။

No comments:

Post a Comment