Thursday, June 3, 2021

သင်္ကြန်လည်း လူမရှိ၊ စာသင်ခန်းများလည်း ခြောက်ကပ်




အာဏာသိမ်းအဖွဲ့မှ ၎င်းတို့ နိုင်ငံကို ပုံမှန် ပြန်လည် လည်ပတ်နိုင်နေပြီဟု ဆိုကာ နိုင်ငံရေး အမြတ်ထုတ်လို စိတ်ဖြင့် ပြည်တွင်းစစ်ကြီး နှင့် ကိုဗစ်-၁၉ ကပ်ဆိုးကြီး ခြိမ်းခြောက်လာနေချိန်တွင် ကလေးသူငယ်များကို စာသင်ခန်း အတွင်းသို့ အတင်းမောင်းသွင်းရန် လုံးပမ်းလာခဲ့သော်လည်း နိုင်ငံတွင်း ကျောင်းသား ကိုးသိန်းခန့် ရှိသည့် အနက် ဆယ်ရာနှုန်းခန့်သာ စာရင်းသွင်းခဲ့ကြသည်။ တကယ်တမ်းတွင် ကျောင်းလာတက်သူမှာ ထိုအရည် အတွက်ထက် နည်းနေသည်ဟု ကျောင်းပြန်ဖွင့်မှု အနေအထားကို အနီးကပ် စောင့်ကြည့် လေ့လာနေသည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ သမဂ္ဂ မှ တာဝန်ရှိသူ တဦးက ဆိုသည်။ 


ရန်ကုန်၊ မန္တလေး မြို့ကြီးများ နှင့် တိုက်ပွဲများ ပြင်းထန်နေသော စစ်ကိုင်းတိုင်း၊ ချင်း နှင့် ကယားပြည်နယ်များရှိ ကျောင်းအတော်များများသည် ကျောင်းသား မရှိသလောက် ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ကန့်ဘလူ မြို့နယ် အတွင်းရှိ ကျေးရွာ ကိုးရွာ ရှိ စာသင်ကျောင်းများတွင် ပေါက်ကွဲမှု များ တပြိုင်တည်းလို ဖြစ်ခဲ့သည်ကို မိမိတို့ အတည်ပြု နိုင်ခဲ့ကြောင်း မြန်မာနောင်းတွင် ရေးသားထားသည်။ ကျောင်းများ ရှေ့တွင် စစ်သားများ စောင့်ကြပ် နေခြင်း နှင့် ကျောင်းကားများတွင် လိုက်ပါ လာခြင်းများကြောင့် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားခဲ့ရသည်။


အာဏာသိမ်းမှု ကြောင့် ဆောက်လုပ်ရေး ကဏ္ဍတွင် လုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပြီး အလုပ်သမား ငါးသိန်း ခန့် ပိုလျှံ သွားသည်ဟု မြန်မာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းက ဆိုသည်။ ကျပ်ငွေတန်ဖိုး ကျဆင်းလာမှု နှင့် အတူ ပြည်ပမှ တင်သွင်းနေသော ဆောက်လုပ်ရေး ပစ္စည်းဈေးနှုန်းများ မြင့်တက်လာနေခြင်း၊ ပြည်တွင်းထုတ် ဘိလပ်မြေ ဈေးနှုန်းများ နှစ်ဆနီးပါး တက်လာခြင်း နှင့် အစိုးရ စီမံကိန်းများ အားလုံး ရပ်ဆိုင်း သွားခဲ့ခြင်းတို့ကြောင့် လုပ်ငန်းများ ဆက်လက်လည်ပတ်ရန် အခက်အခဲများ ရှိလာနေပေသည်။ အာဏာသိမ်း တပ်များက ပြည်သူ့အစိုးရ လက်ထက် သိမ်းဆည်းထားသော သစ်မာ နှင့် သစ်ခွဲသားများကို လေလံတင် ရောင်း ချခဲ့သော်လည်း ဝယ်သူ နည်းပါး၍ ဈေးချပြီး ရောင်းချ ခဲ့ရာတွင် တန်ချိန် နှစ်သိန်း ခန့် အနက် တသောင်းကျော် ခန့်သာ ဝယ်ယူခဲ့ကြသည်ဟု ဆိုသည်။


တိုင်းပြည်၏ အခြေအနေသည် ကိုဗစ်-၁၉ လှိုင်းများ ဝင်ရောက်လာမှု ကြုံလာရသည်နှင့် အမျှ မုန်တိုင်း ကြီး ကျရောက်ရန် အခြေအနေများ မြင်နေရပြီဟု ဆိုကာ “Perfect Storm” အဖြစ် ကမ္ဘာကြက်ခြေနီ အဖွဲ့က နှိုင်းယှဉ် ပြောဆိုလာခဲ့သည်။ 


မြဝတီ မြို့နယ် ပလူး နယ် အတွင်း အာဏာသိမ်းတပ်များ နှင့် ကရင်ပြည်နယ် အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်များ၊ မြဝတီ PDF တပ် ပူးပေါင်းအင်အားဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူ ဖက်မှ ၃၂ ဦး သေဆုံးသွား ခဲ့သည်။


သို့သော်လည်း ထိုင်း၊ ကမ္ဘောဒီယား နှင့် အင်ဒိုနီရှားသို့ ခရီးလှည့်လည်နေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီ ရှားမင်း က အာဆီယံ၏ ဦးဆောင်ဦးရွက် ပြုမူ ကို ယုံကြည်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ဖြစ်ပေါ် တိုးတက်မှုများမှာ နှေးကွေးနေ၍ စိတ်ပျက်စရာ ဖြစ်နေသော်လည်း သံတမန်ရေး ဖက်တွင် စိတ်ရှည်ဖို့ လိုသည် ဟု ဆိုသည်။ အနောက်နိုင်ငံများကလည်း မြန်မာ အရေး အပေါ် ယခုထက် ပိုပြီး ဘာမှ လုပ်ပေးနိုင်စွမ်း မရှိ တော့၍ အာဆီယံဖက် လှည့်လာခြင်းသာ ဖြစ်သည်။


မင်းအောင်လှိုင် နှင့် ၎င်း၏ Yes-men များကတော့ အာဆီယံ ကျဉ်းထဲ ကျပ်ထဲ ရောက်နေသည့် အဖြစ်ကို လားလားမျှဂရုစိုက်ပုံ မတွေ့ရပေ။ ၎င်းကိုယ်တိုင်ပင် အာဆီယံကို နိုင်ငံရေး အနေအထား နှင့် ပတ်သက်၍ သုံးစားမရသော အဖွဲ့အစည်း အဖြစ် မြန်မာပြည်သူများ နှင့် အတူ တသဘောတည်း ရှိနေပုံရသည်။


အာဆီယံ သည် အချက် ငါးချက် ကိုင်ကာ ရောက်လာဖို့ ပြင်ဆင် နေသော်လည်း အခြေအနေအမှန်ကို သုံးသပ် နိုင်စွမ်း မရှိသည့် အာဏာသိမ်း အဖွဲ့ကမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းရန် ကြံစည်လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်မှ လက်ရွေးစင် ရွေးထုတ် ခန့်အပ်ထားသော ရွေးကော်မှ ပါတီ မှတ်ပုံတင်ထားသော ပါတီများ အနက် မည်သည့် ပါတီသည် စည်းမျဉ်းများ ချိုးဖောက်နေကြောင်း အထောက်အထားများ ရှာပေးရန် အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး ဝန်ကြီးဌာနကို တောင်းဆိုထားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထား သည်။


ပြည်သူများကတော့ ၎င်းတို့ထံမှ မည်သို့မျှ မျှော်လင့်ချက် ထားမနေတော့ဘဲ ကုလမှ အနည်းဆုံး လက်နက် ရောင်းချမှု ပိတ်ဆို့ပေးရန် နှင့် No-Fly Zone သတ်မှတ်ပေးရန်လောက်သာ အပူတပြင်း တောင်းဆိုနေကြသည်။


အာရှဘဏ် နှင့် အပြိုင် တရုတ်တို့ ဖွင့်လှစ်ထားသော အာရှ အခြေခံ အဆောက်အအုံများ ရင်းနှီးမြှုပ်နှံရေး ဘဏ် (AIIB) မှ မြန်မာပြည်အတွင်း လောလောဆယ် စီမံကိန်း အသစ်များ စတင်ရန် စဉ်းစားနေခြင်း မရှိသော်လည်း ရှေ့လျှောက် “အစိုးရ ဆိုသူ” များ နှင့် အတူ ဆောင်ရွက်ရန် အစီအမံများ ရှိနေသည်ဟု ဆိုသည်။ မိမိတို့ သည် မည်သို့သော အစိုးရ ပုံစံကို ကြည့်မည် မဟုတ်ဘဲ ရင်းနှီမြှုပ်နှံရန် ပေးလာမည့် အခြေအနေများကိုသာ စစ်‌ဆေး ဆုံးဖြတ်သွားမည်ဟု ဘဏ် ဒုတိယ အကြီးအကဲ မှ Financial Times သို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။


စီးပွားရေး ပျက်ပြားလာမှု သည် CDM နှင့် သက်ဆိုင်လှသည် မဟုတ်ပေ။ လူများ အဖို့ အဖမ်းခံရမည်လား၊ အလုပ်သွားရင်း သေနတ်ကျည်ဆံလာမှန် မလား စိုးရိမ်ကြောက်ရွံ့နေရသည့် အနေအထား နှင့် သက်ဆိုင် နေသည်။ နိုင်ငံ‌ရေး အခြေအနေများ ရှေ့မတိုး နောက်မဆုပ် ဖြစ်လာနေမှု နှင့် မြန်မာ ပြဿနာ အား တရုတ်-အမေရိကန် အားပြိုင်မှု အဖြစ် ရှုမြင်လာကြသဖြင့် မြေစာပင် ဖြစ်လာဖို့ အလားအလာများ ၍ ရှေ့လျှောက် အခြေအနေများက ငြိမ်းချမ်းလာမည့် အလားအလာ မတွေ့ရဟု Chatham House တွင် Dr Gareth Price က ရေးသားထားသည်။


အရေးတော်ပုံ အောင်ရမည်!!!


Image Credit – RTE Ireland Television and Radio Broadcaster

No comments:

Post a Comment