Monday, June 21, 2021

ကလေးမြို့မှာ မိသားစုဝင် လေးဦးသေနပ်ပစ်သတ်ခံရ


 စစ်ကိုင်းတိုင်း ကလေးမြို့ ညောင်ပင်သာရပ်ကွက်မှာ ဇွန် ၁၉ ရက် ညက သေနတ်သမားတွေက အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်လို့ မိသားစုဝင် လေးဦး သေဆုံးသွားပါတယ်။


သေဆုံးသူတွေဟာ အသက် ၅၀ အရွယ် ဦးဝင်းဇော်ဦး၊ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်စန်း စန်းမော်၊ သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုသီဟအောင်၊ ယောက်ဖဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုဇော်ဇော် တို့ ဖြစ်ပါတယ်။


အခင်းဖြစ်နေရာအနီးမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတစ်ဦးက သေနတ် သမားတွေဟာ လမ်းကြို၊ လမ်းကြားတွေကနေတစ်ဆင့် ဝင်ရောက်လာပြီးနောက် အိမ်ထဲကိုဝင်ပြီး ပစ်ခတ် ခဲ့ကြတာလို့ ပြောပါတယ်။


"ရှစ်နာရီခွဲလောက်မှာဝင်တော့ ပထမ သေနတ်ပစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြားနေကြ သေနတ်သံ အကျယ်ကြီး မဟုတ်ဘူး။ နည်းနည်းတိုးတယ်။ အသံတိုးတယ်။ အဲဒါကြောင့် တခြားရပ်ကွက်တွေက သိပ်မကြားလိုက်ရတာလေ။ အဲဒီမှာ တံခါးဖွင့်၊ တံခါးဖွင့်၊ ထွက်ခဲ့ ထွက်ခဲ့၊ မင်းတို့မပြေးနဲ့တဲ့၊ အပြင် ထွက်ခဲ့တဲ့။ အဲဒီအချိန်မှာ သေနတ်ပစ်လိုက်ပြီ။ ပစ်လိုက်တဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ အခု ကိုဝင်း ဇော်ဦး နဲ့ သူသားနဲ့က လက်ဆွဲပြီး တော့မှ သူတို့အိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်ကိုပြေးသွားတာ။ ချင်း အမျိုးသားအိမ်ကို ပြေးသွားတဲ့အချိန်မှာ သေနတ်နဲ့ပစ်တာ အဲဒီမှာ ပွဲချင်းပြီးသေတာ နှစ်ယောက်လုံး"


ကျန်နှစ်ဦးကလည်း နေအိမ်မှာပဲ သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။


သေနတ်သမားတွေဟာ စစ်ကောင်စီရဲ့ ယူနီဖောင်းတွေနဲ့ စစ်ဖိနပ်တွေကို ဝတ်ဆင်ထားသလို လည်မှာလည်း အနီရောင် ပိတ်စကို ဝတ်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ ညအချိန်ဖြစ်တာကြောင့် သေနတ်အမျိုးအစားနဲ့ ပတ်သက်လို့ သဲသဲကွဲကွဲ မမြင်လိုက်ရဘူးလို့လည်း ပြောပါတယ်။


အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မစန်းရွှေဦးနဲ့ အခြားဧည့်သည်တစ်ဦးပါ ကျည် ထိမှန် ဒဏ်ရာရပြီး နောက်ထပ် ဧည့်သည်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ဆိုပါတယ်။

No comments:

Post a Comment