Monday, June 21, 2021

တပ်တွင်းမှ့ကူညီမူများရခဲ့သည်ဟု ဖေါက်ခွဲရေးလူငယ်များပြောကြား။

 ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြသူတို့ ရရှိခဲ့ကြသည်မှာ အကြမ်းဖက်ဖမ်းဆီးမှု၊ နှိပ်စက်ညှဉ်းပန်းမှုများဖြစ်သည်။


ထိုအခြေအနေတွင် ဆန္ဒပြသူများထဲမှ တချို့၏ ရွေးချယ်မှုမှာ စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး အံတုရင်ဆိုင် တိုက်ခိုက်ကြခြင်းပင်။


မကြာသေးခင်က ရန်ကုန်တွင် စစ်ကားနှစ်စီး၊ ပြည်ထဲရေးရုံး စသည့် စစ်ရေးပစ်မှတ်တချို့ကို တိုက်ခိုက်စဉ် ထင်မှတ်မထားသည့်နေရာမှ အကူအညီများရရှိခဲ့သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ထုတ်ဖော်ပြောကြားသည်။


“ဒီလိုနေရာမျိုးတွေဆိုတာ ကျွန်တော်တို့အပြင်လူတွေ ဝင်လို့ထွက်လို့ရတဲ့နေရာတွေ မဟုတ်ဘူး။ စစ်ကားနားဆိုတာက စစ်ယူနီဖောင်းမပါဘဲနဲ့ ကပ်လို့ရတဲ့ နေရာတွေမှ မဟုတ်တာ” ဟု ၎င်းက ပြောသည်။


စစ်ဘက်ဆိုင်ရာမော်တော်ယာဉ်၊ ရုံးအဆောက်အအုံတို့ကို တိုက်ခိုက်ရာတွင် တပ်ထဲမှ စွန့်စားပြီး လျှို့ဝှက်ကူညီသူတချိရှိလာကြောင်း အမည်မဖော်လိုသည့် အဆိုပါ ပြောက်ကျားအဖွဲ့ဝင်က ပြောသည်။


မိသားစုဝင်များက တပ်ထဲမှ ဝန်ထမ်းအိမ်ရာတွင် နေထိုင်နေကြဆဲဖြစ်သောကြောင့် ထိုစစ်သားများ၊ အရာရှိများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် လူသိရှင်ကြား ပူးပေါင်းပါဝင်နိုင်ခြင်း မရှိကြဟု သူက ထောက်ပြသည်၊ CDM စစ်အရာရှိတချို့ကလည်း တပ်ထဲတွင် ထိုသို့ ပူးပေါင်းလုပ်ကိုင်လိုသူများ ရှိနေသည်ဟု ပြောကြသည်။


တပ်တွင်းအကူအညီ


မြန်မာပြည်အနှံ့အပြား ဆန္ဒပြသူများထဲ လူငယ်အများအပြားသည် စစ်ကောင်စီ၏ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုများဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ သွားရောက်ပြီး စစ်ပညာနှင့် ဖောက်ခွဲရေး ပညာရပ်များကို သွားရောက်သင်ယူနေကြသည်။


ထိုလူငယ်များက ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်သားများ၊ အုပ်ချုပ်ရေးယန္တရား၊ ဒလန်သတင်းပေးများကို ပစ်မှတ်ထားတိုက်ခိုက်လာသည်။ 


ဇွန် ၁၈ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ စစ်ကားတစ်စီးပေါက်ကွဲမှု၊ ဇွန် ၁ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းအမှတ် (၃၂၃)ရှိ တပ်မတော်ထောက်ပို့ကားပေါက်ကွဲမှု၊ မတ် ၂၇ ပြည်ထဲရေးရုံးဖောက်ခွဲမှုတို့မှာ ရန်ကုန်တွင် ပေါ်ပေါက်လာသော ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်သည်။


လုံခြုံရေးတင်းကျပ်ပြီး စစ်ကောင်စီ၏ လက်နက်ကိုင်အစောင့်အကြပ်များစွာရှိနေသည့်ကြားမှ ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုများမှာ စစ်ကောင်စီ၏ တန်ပြန်ဖောက်ခွဲမှုများသာဖြစ်မည်ဟု တချို့က ယူဆနေကြသည်။


ထိုဖောက်ခွဲမှုများမှာ ၎င်းတို့အဖွဲ့က ပြုလုပ်ခြင်းဖြစ်ပြီး တပ်ထဲမှ အကူအညီရရှိ၍သာ ထိုကြီးမားသည့် ဖောက်ခွဲမှုများမှာ အောင်မြင်ခဲ့သည်ဟု ရန်ကုန်မှ မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်က ဆိုသည်။


“စစ်ကောင်စီရဲ့ လက်အောက်မှာရှိနေပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ CDM ဝင်ချင်နေတယ်။ မိသားစုက လိုင်းခန်းထဲမှာရှိနေတာကြောင့် မိသားစုရဲ့ လုံခြုံရေးကို စိုးရိမ်နေပေမယ့် ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းကနေပြီး ကူညီနေတဲ့ ကျွန်တော်တို့သူငယ်ချင်း တပ်မတော်သားတွေရဲ့အကူအညီ အများကြီးရခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။


အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မတော်အတွင်း ဖိနှိပ်မှု၊ မညီမျှမှု၊ ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုများကို မနှစ်မြို့သည့် အရာရှိပိုင်းနှင့် အောက်ခြေတပ်သားများလည်း CDM တွင် ပါဝင်လာကြသည်။


CDM ဗိုလ်မှူးဟိန်းသော်ဦးကလည်း တပ်မတော်အတွင်းတွင် ခွဲခြားဆက်ဆံမှုများ၊ အကျင့်ပျက်ချစားမှုများဖြင့် ပြည့်နှက်နေသည်ကို သဘောပေါက်သော၊ အမှန်တရားကိုလိုလားသော တပ်မတော်သားများစွာရှိနေသော်လည်း ရုန်းထွက်ရန် ခက်ခဲနေသည်ဟု Myanmar Now ကို ပြောသည်။


စစ်အာဏာသိမ်းမှုကို သဘောမကျသည့် တပ်မတော်သားများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ဆိုသည်။


“ဒါကတော့ ဒီဘက်က (NUG) အခြေအနေပေါ်ကို မူတည်တယ်၊ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်၊ မပူးပေါင်းဘူးဆိုတာက။ ဒါပေမယ့် ကြာသွားလို့မရဘူး၊ ကြာသွားရင်တော့ သွေးအေးတဲ့အပြင် ကြောက်စိတ်တွေပေါ်သွားလိမ့်မယ်” CDM ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။


CDM ဗိုလ်ကြီးထွန်းမြတ်အောင်ကလည်း အာဏာဖီဆန်လိုသူ တပ်မတော်သားများစွာရှိနေကြောင်း၊ ထိုတပ်မတော်သားများအနေဖြင့် မြို့ပြပြောက်ကျားအဖွဲ့များကို အကူအညီပေးသင့်ကြောင်း မှတ်ချက်ပြုသည်။


“(စစ်အာဏာရှင်တော်လှန်ရေး) ပြီးသွားလို့ အောင်မြင်သွားမယ်ဆိုရင် ပြည်သူတွေလဲ အကျိုးခံစားရမှာပဲလေ။ အထဲကလူတွေကလည်း အကျိုးခံစားရမှာပဲ” ဟု ၎င်းက ပြောသည်။ 


စစ်တပ်သည် လက်နက်အားကိုးပြီး လူထုကို အနိုင်ကျင့်နေသော်လည်း ၎င်းတို့၏ အင်အားစုများကို အကာအကွယ်ပေးရန် အဆင်သင့်မဖြစ်သေးပေ။


ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်ထောက်ခံသူ ၁၇၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


“ကျွန်တော်တို့ ဝန်ခံပါတယ်။ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ပေးနိုင်တာသည် လူတစ်ဦးချင်း၊ တစ်ဦးချင်းကိုတော့ ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။


သို့သော်လည်း ပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုမူ စစ်ကောင်စီက လျှို့ဝှက်ထားသည်။


ရန်ကုန်မှ ပေါက်ကွဲမှုကြီးများ


ရန်ကုန်၊ တာမွေမြို့နယ် သီတာလမ်းဖြစ်စဉ်မှာ လူမြင်ကွင်းတွင် ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ကြီးမားသည့်ပေါက်ကွဲမှုဟု အများက သတ်မှတ်ထားကြသည်။ သို့သော်လည်း ထောက်ပို့တပ်နှင့် ပြည်ထဲရေးရုံးပေါက်ကွဲမှုတို့မှာ ပိုမိုပြင်းထန်သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်က ဆက်ပြောသည်။


သီတာလမ်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်တပ်ပိုင်သတင်းစာများတွင် ထုတ်ပြန်ထားခြင်းမရှိသော်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စစ်ကား၏ နောက်ခန်းတွင် လက်နက်ကိုင် ၁၂ ဦး၊ ရှေ့ခန်းတွင် ၂ ဦးရှိနေသည်ကို ၎င်းကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး လက်နက်ကိုင် ၁၂ ဦးထက်မနည်း သေဆုံးမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။


“မင်္ဂလာဒုံထောက်ပို့ဝင်းထဲမှာဆိုရင် ကျွန်တော်တို့ ၂ လုံးတွဲတောင်မှ တင်ပေးလိုက်တာ။ ပိုတောင်မှ အခု သီတာလမ်းကကိစ္စထက်တောင်မှ ၂ ဆ ပြင်းထန်တဲ့ကိစ္စတွေ ဖြစ်ပွားခဲ့တယ်။ အဲ့ဒါတွေမှာလည်း သူတို့ သတင်းအမှောင်ချထားလိုက်တာကြောင့် မသိရဘူးပေါ့” ဟု ၎င်းက ပြောသည်။


စစ်ကောင်စီယန္တရားကို လည်ပတ်ပေးနေသူများ လူထုဘက် အမြန်ဆုံးမရပ်တည်ပါက ၎င်းတို့၏ အသက်အန္တရာယ်ကို အာမခံချက်မပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။


“သူတို့တွေ မဆင်မခြင်လုပ်လေ ကြီးမားတဲ့ဖောက်ခွဲမှုတွေ၊ ပိုပြီးတော့ ပြင်းထန်တဲ့ဖောက်ခွဲမှုတွေ၊ အာဏာသိမ်းစစ်ကောင်စီကို ပိုပြီးတော့ ထိခိုက်မှုကြီးမားနိုင်တဲ့ ဖောက်ခွဲမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။


ပြည်သူလူထုအနေဖြင့်လည်း စစ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ စစ်ကောင်စီသတင်းပေးများပိုင်ဆိုင်သည့် အဆောက်အအုံများ၊ စားသောက်ဆိုင်များကို ရှောင်ကြဉ်ကြရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။


အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ကောင်စီတပ်က နိုင်ငံအနှံ့တွင် အကြမ်းဖက်တိုက်ခိုက်၊ ဖမ်းဆီးနေသည်။


စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ဇွန် ၂၀ ထိ စစ်ကောင်စီတပ်သားများလက်ချက်ကြောင့် သေဆုံးရသူ ၈၇၂ ဦး၊ ဖမ်းဆီးခံထားရသူ ၅၀၃၃ ဦးထိရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ ဇွန် ၂၀ တွင် ထုတ်ပြန်ထားသည်။


စစ်ကောင်စီက ဖမ်းဆီးမှုအရေအတွက်ကို ငြင်းဆိုခြင်းမရှိသော်လည်း သေဆုံးမှုမှာ ၃၀၀ ခန့်သာ ရှိမည်ဟု ပြောဆိုတတ်သည်။ 


စစ်ကြောရေးတွင် သေဆုံးခဲ့သူ ၂၂ ဦးရှိပြီး ထက်ဝက်ကျော်မှာ ဖမ်းဆီးခံရချိန်မှ ၂၄ နာရီအတွင်း သေဆုံးခဲ့ကြောင်း AAPP က ဇွန် ၁ တွင် ထုတ်ပြန်ထားသည်။


ဇွန် ၁၀ ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့နယ် ရန်ကုန်-မန္တလေးမီးရထားသံလမ်း ဗုံးပေါက်ကွဲမှုအပြီးတွင် လူငယ် ၁၀ ဦးထက်မနည်းကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။


ဇွန် ၁၅ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲခဲ့ပြီးနောက် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။


ဇွန် ၁၈ ရန်ကုန်၊ တာမွေမြို့နယ် သီတာလမ်းပေါက်ကွဲမှုအပြီး ဆက်တိုက်ပေါ်ပေါက်ခဲ့သော တာမွေစျေးအနီးရှိ အငှားယာဉ်တစ်စီးအတွင်းပေါက်ကွဲမှုတွင် ခရီးသည်တစ်ဦးသေဆုံးကာ အငှားယာဉ်မောင်းသူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်သားများက ထိုအငှားယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 


ပေါက်ကွဲမှုများဖြစ်ပွားသည့် မြို့နယ်များတွင် ၎င်းတို့သံသယဖြစ်သည့် လူငယ်များကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတတ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင် အဆိုပါလူငယ်က ဆက်ပြောသည်။


“ဘဝင်မကျတာက ကျွန်တော်တို့လုပ်ပြီးသွားရင် မဆိုင်တဲ့သူတွေကို ဖမ်းခံနေရတဲ့ပြဿနာပေါ့။ ရန်ကင်းထွေအုပ်ရုံးကိစ္စဆိုရင် ရန်ကင်းထဲက မိန်းကလေးတွေရော၊ မဆိုင်တဲ့သူတွေကို လျှောက်ဖမ်းနေတယ်။ တစ်နေ့ကတုန်းက လုပ်လိုက်တဲ့ သီတာလမ်းဖောက်ခွဲမှုဆိုရင်လည်း တာမွေကလူတွေကို ဖမ်းမလား၊ ဘယ်သူတွေကို ဖမ်းမလဲမသိဘူး” ဟု ၎င်းက ပြောလိုက်သည်။

No comments:

Post a Comment