Sunday, September 22, 2019

#ပြောင်းပြန်နိုင်ငံကြီး

သရ၀ဏ်(ပြည်)

ခုတလော သတင်းတွေကြည့်တိုင်း၊ သတင်းစာ တွေဖတ်တိုင်း၊ ဖေ့စ်ဘုတ်ကြည့်တိုင်း တွေ့ရတဲ့သတင်းတစ်ပုဒ်ရှိတယ် ။ အဲဒါကတော့ မူဆလင်ဗလီတွေ ၊ ဟိန္ဒူဘုရားကျောင်းတွေ၊ ခရစ်ယာန်ချာဒ်ကျောင်းတွေ ၊ ဗုဒ္စဘာသာဘုန်းတော်ကြီး ကျောင်းအချို့ တွေ မှာ မြန်မာနိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ရက်ဆက် သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတဲ့ သတင်းပါ ။ လူကိုခွေးကိုက်တာ သတင်းမဟုတ်ဘူး ၊ ခွေးကိုလူကိုက်တာမှ သတင်းလို့ သတင်းစာလောကမှာ ဆိုရိုးတစ်ခုရှိပါတယ် ။ ဆိုလိုတာက ဖြစ်ရိုးဖြစ်စဉ် သမရိုးကျ ကိစ္စတစ်ခု ဟာ သတင်းလို့မခေါ်ဆိုနိုင်ဘူး ။ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ပြောင်းပြန်ကိစ္စတွေ ၊ သာမန်ထက်ထူးခြားဖြစ်စဉ်တွေ ကိုသာ သတင်းလို့ခေါ်ရမယ်လို့ဆိုလိုတာပါပဲ ။ ဥပမာ တရားသူကြီးတွေလာဘ်စားတာသတင်းမဟုတ်ဘူး ။ တရားသူကြီးတစ်ဦး လာဘ် မစားပဲ မှန်မှန်ကန်ကန် တရားစီရင်လိုက်ပြီဆိုရင် အဲဒါသတင်းပဲ ။ ကူညီပါရစေ တစ်ယောက် လာဘ်စားတာ သတင်းမဟုတ်ဘူး ။ ရဲကိုကိုကြီးလာဘ်မစားပဲ ပြည်သူလူထုကို အကူအညီပေးပြီဆိုရင် အဲဒါထူးခြားသတင်းပဲ ။ အခုလဲဒီလိုပါပဲ ။ အရင်အခါများစွာက အစ္စလာမ်ဘာသာနဲ့ဝေးဝေးနေတတ်တဲ့ ၊ ဗလီတွေဘာတွေ သွားလေ့သွားထမရှိတဲ့ တပ်မတော်ခေါင်းဆောင်ကြီးတစ်ယောက် နေ့စဉ်ရက်ဆက် ဗလီတွေကိုသွားနေပြီ ဆိုတော့ လူတွေစိတ်၀င်စားစရာသတင်းဖြစ်လို့လာတာပါပဲ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တို့ ဘာတို့မှာ တပ်ခေါင်းဆောင်ကြီး ကိုတွေ့ရရင် လူတွေ ကထူးဆန်းတယ်လို့ဘယ်ထင်မလဲ ။ ဒါက လုပ်ရမယ့်အလုပ်တာ၀န်ကိုး ။ အခုတော့ နေရာလွဲပြီးရောက်နေတော့ အားလုံးကစိတ်၀င်စား ကြပေသပေါ့ ။ ဟုတ်တော့လည်းဟုတ်ပါတယ် ။ မြန်မာနိုင်ငံမှာ ဖြစ်လိုက်ရင်ပြောင်းပြန် ချည်းပါပဲ ။ တကယ်ဆို ဒီလို ဘာသာပေါင်းစုံ ဗလီတွေ ၊ ဘုရားကျောင်းတွေ ၊ ချပ်ကျောင်းတွေ ၊ဘုန်းကြီးကျောင်းတွေ သွားဟယ်လာဟယ် လှူဒါန်းဟယ် ဆိုတဲ့ ကိစ္စတွေ ဟာ သာသနာရေး၀န်ကြီးဌာန ၀န်ကြီးလုပ်ရမယ့် အလုပ်တွေပါ ။ အခုတော့ သာသနာရေး၀န်ကြီး ကပျောက်နေပြီး ကာကွယ်ရေးဦးစီးချုပ်က ဗလီိတွေမှာ အလှူတွေလုပ်နေတော့ကာ ထူးဆန်းနေပါတော့တယ် ။ မူဆလင်တွေကို အမြဲတမ်း ဆန့်ကျင်ကန့်ကွက်နေတဲ့ မဘသ တို့ မျိုးချစ်တို့ ဗုဒ္စဓမ္မဖောင်ဒေးရှင်းတို့လည်း ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဗလီမှာ အလှူလုပ်တာမို့ဘာမှမဝေဖန်မကန့်ကွက်ရဲပဲ အားလုံးတိတ်ဆိတ် နှုတ်ပိတ်လို့နေပါတယ် ။ တကယ်တမ်းသာ ၊ သာသနာရေးနဲ့ယဉ်ကျေးမှု၀န်ကြီး သူရဦးအောင်ကို သာ အဲဒိလို ဗလီတွေကိုဆက်တိုက်သွား ၊ မူဆလင်တွေကိုအလှူလုပ် ၊ မူဆလင် မုတ်ဆိတ်ဖွားတွေနဲ့ လက်ဆွဲ နှုတ်ဆက်လို့ကတော့ မျိုးချစ်တို့အဖွဲ့တွေဆိုတာ အော်လိုက်မယ့်ဖြစ်ခြင်း ၊ ငါတို့အရိုး စည်းရိုးထိုးတို့ ၊ အမျိုးဘာသာ တို့ ၊ အမျိုးပျောက်မှာ စိုးကြောက်ပါသည်တို့ အော်နေကျဆောင်ပုဒ်များနဲ့ တွေ့နေကျ ခေါင်းဆောင် လေးငါးယောက်ရဲ့မျက်နှာတွေနဲ့ ကြေးသွန်းဘုရားကစလို့ချီတက်တာတွေ ၊ ဗိုလ်စိန်မှန်ကွင်းမှာစုဝေးတာတွေ ၊ ဗုဒ္စသာသနာ ဒီအစိုးရလက်ထက်မှ မှေးမှိန်နေပြီတို့ ၊ ဗုဒ္စဘာသာ ကို မချီးမြှောက်သော NLD အစိုးရကိုဆန့်ကျင်ဖြုတ်ချကြတို့ အော်လောက်ပါပြီ ။ အခုတော့လည်း မဘသတွေ ၊ မျိုးချစ်တွေ သဘောထားကြီးနေပုံ ၊ ယဉ်ကျေးနေပုံ ၊ လူကြိးလူကောင်းဆန်နေပုံတွေဟာ အရင်ကအဖြစ်အပျက်တွေနဲ့တော့ ပြောင်းပြန်ပါပဲ ။ မြန်မာပြည်မှာ ပြောင်းပြန်နိုင်ငံကြီးပါ ။

        ဖအေအရင်းက သမီးအရင်းကို အဓမ္မကျင့်ကြံတယ်တဲ့ ။ ပြောင်းပြန်ပဲနော် ။ အဖေဆိုတာ ကိုယ့်သမီးကို အန္တရာယ်မကျရောက်အောင် ကာကွယ်စောင်းရှောက်ပေးကြတာထုံးစံပါ ။ အခုတော့စံတွေလွဲကုန်ပါပေါ့လား။ အဖေဆိုးတစ်ယောက်အတွက်နဲ့ ဖခင်အားလုံး အထင်သေးခံရမယ်ဆိုရင်လည်း မမျှတပါဘူးလေ။ ထားတော့ လွှတ်တော်အမတ်တစ်ယောက်ကလည်း အရက်ခွန်အကြောင်းပြောရင်းနဲ့ လျှာဘရိတ်ပေါက်သွားပုံက အရက်ကောင်းဆိုတာ သောက်ပြီးနောက်တစ်နေ့မှာ ခေါင်း ကြည်ပါသတဲ့ ။ သူပြောတာ မမှားပါဘူး ။ အရက်ကောင်းရင် နောက်တစ်နေ့မနက်အိပ်ရာနိုးတော့ ခေါင်းမကိုက်ဘူးဆိုတာဟုတ်မှာပါ ။ ဒါပေမယ့် ဒီစကားဟာ အရက်အကြောင်းအလုပ်ရုံဆွေးနွေးပွဲ ( Alcohol Workshop ) မှာပြောရင်တော့ သင့်လျော် ပါတယ်၊ ပတ်သက်ပါတယ် ။ ဒါပေမယ့် လွှတ်တော်လို နေရာမျိုးကြီးမှာ လာပြောတော့ မူလဆိုလိုရင်းအခွန်ကိစ္စကနောက်တန်းကိုရောက်သွားပြီး ကျွမ်းကျင်ရာလိမ္မာ ယမကာကျွမ်းကျင်သူကြီးအဖြစ်ရောက်သွားပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် သူကျွမ်းကျင်မှုတစ်ခုကိုတော့ တိုင်းသိပြည်သိပြသခွင့်ရလိုက်တာပေါ့လေ။ ဒီမိုကရေစီနေ့မှာ လဲ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သူတို့ပြည်ခိုင်ဖြိုးပါတီက စတင်ခဲ့တာဆိုပဲ ။ ကျွန်တော်တို့မသိတာတွေအခုမှ သိရတော့တာပါပဲ ။ ဖုန်းမော်အရေးအခင်းမှာ အသက်ပေးသွားတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ဟာ ကြံ့ခိုင်ရေးပါတီ၀င်တွေ များလား ။ တကယ်ကိုကျွန်တော်တို့မသိခဲ့တာပါ ။ နောက် ၈၈ အရေးအခင်းကြီးဖြစ် တော့ မြေနီကုန်းမှာ ဒီမိုကရေစီရေးဆန္ဒပြချီတက်ကြတဲ့ အ.ထ.က ကျောင်းသားလေးတွေကိုလုံထိမ်းကရိုက်လို့ သေသွားတာကြောင့် ပတ်၀န်းကျင်ကမခံနိုင်ဖြစ်ပြီး မြေနီကုန်းအရေးအခင်းကြီးဖြစ်ခဲ့ပါတယ် ။ အဲဒိမှာ အသက်ပေးသွားတဲ့ကျောင်းသားလေးတွေဟာ ကြံခိုင်ရေးပါတီကပေါ့နော် ။၁၆.၃.၁၉၈၈ တံတားနီအရေးအခင်းမှာ လုံထိမ်းတွေလက်ချက်နဲ့ သေသွားရရှာတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားပေါင်းများစွာဟာ ပြည်ခိုင်ဖြိုးပါတီ၀င်တွေများလား။ မှိုင်းရာပြည့်အရေးအခင်းမှာ သေဒဏ်ပေးခံခဲ့ရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားဆလိုင်းတင်မောင်ဦးလဲ ပြည်ခိုင်ဖြိုးပါတီ၀င်ပေါ့နော် ။ နောက်ပြီးမှိုင်းရာပြည့်အရေးအခင်းမှာ ထောင်ကျသွားခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေ ၊ ဆဲဗင်းဂျူလိုင်အရေးအခင်းမှာ ဦးနေ၀င်းနဲ့စစ်အာဏာရှင်အစိုးရက ကျောင်းသားသမဂ္ဂကိုဒိုင်းနမိုက်နဲ့ခွဲ ခဲ့လို့ ကျောင်းသားတွေ သေခဲ့ရတာ ပြည်ခိုင်ဖြိုးပါတီ၀င်တွေပေါ့နော် ။

     ၁၉၈၈ အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့တဲ့ မင်းကိုနိုင်တို့ ၊မိုးသီးဇွန်တို့၊ကိုကိုကြီးတို့၊ဦး၀င်းတင်တို့ ၊ မောင်သော်ကတို့ ၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့၊ ဦးအောင်ကြီးတို့ အပါအ၀င် ဒီမိုကရေစီရရှိရေး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဆန္ဒပြခဲ့ကြတဲ့ မြန်မာပြည်သူလူထုအားလုံးဟာ ပြည်ခိုင်ဖြိုးပါတီ၀င်တွေပေါ့နော် ။ မြန်မာပြည်ဒီမိုကရေစီရေးကို ပြည်ခိုင်ဖြိုးပါတီကပြောင်းလဲပေးခဲ့တာဆိုတော့ ဒါတွေအားလုံးဟာပြည်ခိုင်ဖြိုး ရဲ့ကြိုးပမ်းမှုတွေပဲဖြစ်မှာပါ ။ ဒီပဲယင်းအရေးအခင်းလည်း ပြည်ခိုင်ဖြိုးလက်ချက်ပဲဖြစ်မှာပဲ ။ တလွဲမထင်ပါနဲ့ ။ဒီပဲယင်းအနီးကျီရွာ အနီးမှာ ဒီမိုကရေစီကိုထောက်ခံတဲ့ ပြည်သူလူထု ကြီးချီတက်လာခဲ့တုန်းကလည်း ပြည်ခိုင်ဖြိုးပါတီ၀င်တွေပဲနေမှာပါလို့ ။ ဒီမိုကရေစီကိုသူတို့စခဲ့တယ်ဆိုတာကိုး ။

    ၂၀၀၇ သံဃာ အရေးအခင်း မှာလဲ ပြည်ခိုင်ဖြိုး ပဲ လို့ယူဆပါတယ် ။ ဒီမိုကရေစီတောင်းဆိုဆန္ဒပြတဲ့ သံဃာတော်တွေကို ပြည်ခိုင်ဖြိုးခေါင်းဆောင် စစ်ဗိုလ်ချုပ်များက ထိုက်ထိုက်တန်တန် ရက်ရက်ရောရော ပူဇော်ခဲ့ပါသေးတယ် ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်တုန်းကလည်းသံဃာတော်တွေမီးလောင်ဗုံးနဲ့ဖြိခွဲခံရတော့ ပြည်ခိုင်ဖြိုး ဦးဆောင်ပြီး ဒီမိုကရေစီတောင်းခဲ့ပုံရပါတယ် ။ ဦးခင်ညွန့် ၊ဦးသန်းရွေ ှ ၊ ဦးအောင်သောင်း န၀တ၊နအဖ ၊ပြည်ခိုင်ဖြိုး ခေါင်းဆောင်ရော နောက်လိုက်ရော အဖွဲ့၀င်အားလုံးဟာ ဒီမိုကရေစီသမားကြီးတွေပါ ။ ပြည်သူလူထုကမကြည့်တတ်မမြင်တတ်လို့ သဘောမပေါက်တာ ။ အခုတော့ ပြည်ခိုင်ဖြိုးပါတီကဒေါ်ယဉ်မင်းမြင့်ဆွေ ပြောပြလို့ကျွန်တော်တို့သိရပါပြီ ။ မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးပါတီက လို့ ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီ၀င် ဒေါ်ယဉ်မင်းမြင့် ဆွေ က ၁၅.၉.၂၀၁၉ ဒီမိုကရေစီနေ့အခမ်းအနားမှာ ရှင်းပြလို့သိရပါပြီ ။မြန်မာ့ဒီမိုကရေစီအရေးမှာ တကယ်ကျေးဇူးတင်ထိုက်သူကို အခုမှသိရတဲ့အတွက် နောင်တတောင်ရမိပါတယ် ။ အရင်ကဆိုရင်ကျွန်တော်တို့ဟာ မြန်မာ့ဒီမိုကရေစီအရေးဟာ ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေ ၊ ပြည်သူလူထုတွေ ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီလိုလားသူတွေ ၊ နိုင်ငံရေးပါတီတွေ ၊အနုပညာရှင်တွေ ၊ မဲဆန္ဒရှင်တွေ ကြောင့်ပြောင်းလဲလာတာလို့ပဲ သိထားတာ အခုလိုရှင်းပြတော့မှ ပြောင်းပြန်ကြီးဖြစ်နေတာသိရတော့တာပါပဲ ။ကျေးဇူးပါဒေါ်ယဉ်မင်းမြင့်ဆွေ ။ 

  ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံဟာပြောင်းပြန်နိုင်ငံကြီးပါ ။ နိုင်ငံဟာပြောင်းပြန်ကန့်လန့်ဖြစ်သမို့ လူတွေကလဲ တည့်တည့်မနေပဲ ပြောင်းပြန်ကန့်လန့် ပျော်ပျော်ကြီးနေထိုင်သွားကြပါစို့ ။

သရ၀ဏ်(ပြည်)
Weekly Headline ဂျာနယ်
၂၂.၉.၂၀၁၉
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin



Swe
22-09-2019

No comments:

Post a Comment