Thursday, September 26, 2019

ကျေးဇူးရှင်ခေါ်နေရတဲ့ မကောင်းဆိုးဝါးများ

လူကြီးတယောက်က ကလေးတယောက်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ မုန့်ကို လုယူလိုက်တယ်။
ကလေးဟာ ပထမ အံ့သြသွားတယ်။ နောက်တော့
လက်ဖြန့်ပြီး ပြန်ပေးပါ တောင်းတယ်။
လူကြီးဟာ ကလေးရဲ့မုန့်ကို တကိုက်ကိုက်တယ်။
ကလေးက အော်ငိုတယ်။ နောက်တကိုက်ကိုက်တယ်။
လက်ထဲက မုန့်ဟာ ကျန်ကောင်းကျန်ရာပဲ ရှိတော့တယ်။
အဲဒီအခါမှာ ကလေးအမေက ကြားသွားပြီး
ပြန်ပေးပါ ဦးဦးရယ်လို့ ပြောလိုက်လေ သားရဲ့
စသဖြင့် သင်ပေးတယ်။ ကလေးရဲ့စိတ်ထဲမှာတော့
ငါ့ဟာလည်း လုယူသွားသေး။ ငတ်ကြီးလည်း ကျသေး။
ကာလနာတိုက်ပါစေ ကျိန်ဆဲနေပေမယ့်
အမေ ပြောတဲ့အတိုင်း ပြောရှာတယ်။
အဲဒီအခါမှာ လူကြီးက ပြန်မပေးရင်
မကောင်းတတ်တော့လို့ ပြန်ပေးလိုက်ရတယ်။
မုန့်ကတော့ ကျန်ကောင်းကျန်ရာပဲ။ ဒါတင်မက
ကျေးဇူးတယ်ပါတယ်လို့ ပြောလိုက်လေ သားရဲ့ ဆိုပြီး
အမေက ထပ်ကွန့်တဲ့အခါ ကလေးခမြာ
အတော်ရင်နာရတယ်။ အလကားနေရင်း လက်ထဲက
မုန့်ကို ဗလအားကိုးနဲ့ အနိုင်ကျင့်ယူလည်း ခံရသေး။
မသထာရေစာကို ငတ်ကြီးလည်း ကျသေး။
ကျန်ကောင်းကျန်ရာ ပြန်ရတဲ့အတွက်လည်း
ကျေးဇူးတင်ရသေး ဆိုရင် ခမြာ သေရောပေါ့။

ကလေးလေး သနားပါတယ်။ မလုပ်နဲ့ ခင်ဗျ။
အဲဒါ ခင်ဗျားတို့ ကျွန်တော်တို့ပဲ။
လွတ်လပ်ရေးရပြီးတဲ့ တိုင်းပြည်ဟာ
နိုင်ငံရေး မတည်ငြိမ်တာတောင် ဒီမိုကရေစီနဲ့
စနစ်တကျ အုပ်ချုပ်ခဲ့တော့ စစ်ကြွေးတွေ ကျေတဲ့အပြင်
ဒေါ်လာသန်းနဲ့ချီပြီး အရံငွေရှိခဲ့တယ်။
အရှေ့တောင်အာရှမှာ ထိပ်တန်းတိုင်းပြည်ဖြစ်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ကို သူများနိုင်ငံက ကျောင်းသားတွေ
လက်တက်ရတယ်။ အဲဒီက ကျောင်းပြီးရင်
နိုင်ငံတကာမှာ အလုပ်ဝင်နိုင်တယ်။ နေထိုင်မကောင်းရင်
ရန်ကုန်ဆေးရုံကို လာကုရတယ်။ ဆရာဝန်ဆေးဝါး
ပြည့်စုံတယ်။ မင်္ဂလာဒုံလေဆိပ်ဟာ ဆယ်မိနစ်တကြိမ်
လေယာဉ် အတက်အဆင်းရှိတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မေးခွန်းဟာ အာရှမှာ
အဆင့်ငါးထဲ ဝင်တယ်။ အရှေ့တောင်အာရှရဲ့အကောင်းဆုံး
ဘောလုံးအသင်းကို ဗမာအသင်းလို့ ပြောစမှတ်ပြုရတယ်။
လမ်းတွေဟာ ကိတ်မုန့်လို ချောမွတ်နေလို့ ကုန်းနမ်းချင်ရဲ့
ဆိုပြီး နိုင်ငံတကာကျောင်းသားတွေက ချီးမွမ်းရတယ်။
အဲဒါ ကျုပ်တို့ လက်ထဲက လုယူခံလိုက်ရတဲ့မုန့်တွေပါ။
အဲဒီနောက် လက်နက်အားကိုးအဖွဲ့အစည်းတရပ်က
လုယူလိုက်ပြီး တကိုက်ပြီး တကိုက်ကိုက်ခဲ့ပါတယ်။
ကိုက်လိုက်တိုင်းမှာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး
စောင့်ရှောက်မှုတွေ၊ ပညာရေးဘတ်ဂျက်တွေ၊
လူမှုဖူလုံရေးဘတ်ဂျက်တွေ၊ အလုပ်အကိုင်ရှာဖွေရေး၊
သုတေသနလုပ်ငန်းတွေ ပါသွားခဲ့ပြီး ဖွတ်တက်တာထက်
ဆင်းရဲ ကုန်းကောက်စရာ မရှိတဲ့ ဘဝရောက်ခဲ့ရပါတယ်။
အခုတော့ ခိုးသားဓါးပြကိုလည်း မိပြီ။ ကျန်ကောင်း
ကျန်ရာရှိတော့တဲ့ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်
ရေပေါ်ရေအောက် သယံဇာတတွေကိုလည်း
အချိုသပ် ပြန်တောင်းနေရတယ်။ တကိုက်ကိုက်လိုက်
တဖဲ့ပေးလိုက်လုပ်နေတဲ့သူကိုလည်း
ကျေးဇူးရှင်ခေါ်နေရတယ်။ ကျုပ်တို့ အတော်ဝဋ်ကြီးတာ
ပါ။

#NyiNaung
U Gaw Thita(ဓမ္မသစ္စာ)
via;Yinn Mar Oo

No comments:

Post a Comment