Tuesday, October 15, 2019

ကျောက်မှော် ဘိန်းမှော်းဆေးမှော် အဂတိမှော်

အိမ်ခြံမြေ ၊ မူးယစ်ဆေးဝါး ၊ ကျောက်သမား ၊ မှော်မင်းသားနှင့် အဂတိသမားတို့ ခေတ်ကုန်တော့မှာလား...

           မနေ့က နယ်မှ သူငယ်ချင်းတယောက် မန္တလေးကို ရောက်လာသည် ။မန်းလေးမြို့မှာ အိမ်ဝန်း ( သူတို့ဒေသအခေါ်) မြေကွက်လိုချင်ကြောင်း ပြောသည် ။သိန်းပေါင်း ငါးထောင်နဲ့ တသောင်းကြားမှာ သုံးမည် ။သူငယ်ချင်း သုံးယောက်မို့ ဝယ်လျှင် သုံးကွက်ဝယ်မည် ဟုပြောသည် ။

          လက်လှမ်းမှီသမျှ မန္တလေးက အိမ်ခြံမြေလုပ်ငန်းက မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီး လိုက်ကြည့်ဖြစ်သည် ။ မန္တလေးမြို့ရဲ့ အိမ်ခြံမြေ အခင်းအကျင်းနဲ့ မြေကွက်တွေအကြောင်း တစွန်းတစ သိခဲ့ရသည် ။မြေကွက်လွတ်တွေ ၊ လူမနေတဲ့ တိုက်သစ်ကြီးတွေ ၊ တိုက်ဟောင်းကြီးတွေ ဟီး ဟီးထလို့နေတာကို တွေ့ခဲ့ရသည် ။

         အိမ်ခြံမြေ ပွဲစားတွေ လိုက်လံ ပြသ သမျှ လူမနေသော အထပ်မြင့် တိုက်သစ်/ ဟောင်းကြီးများ ၊ ချောင်ကြို ချောင်ကြား မှသည် အချက်အချာကျသော လမ်းဘေးဝဲယာမြေကွက်ကြီးများ၏ ပိုင်ရှင်အများစုသည် တရုတ်လူမျိုးများ ၊ ကျောက်သမားနှင့် မှော်သမား ( သစ်မှော် ၊ ကျောက်စိမ်းမှော်၊ ရွှေမှော် ၊ ဘိန်းမှော် ၊ ရေနံမှော် ၊ အဂတိ ) အများစု ပိုင်ဆိုင်ထားသည်ကို သိခွင့်ရခဲ့သည် ။

        အိမ်ခြံမြေ အကျိုးဆောင်များနှင့် ပွဲစားအများစုထံက အမြဲ ကြားခဲ့ရသည့် စကားသည် " ပိုင်ရှင်က ကျောက်သမားပဲ ၊ ပိုင်ရှင်က တရုတ် ဒီမှာမနေဘူး ဗမာစကားကို မတတ်ဘူး တရုတ်ပြည်က ၊ ဒီတိုက်ကြီး ဘယ်အရာရှိကြီးအိမ် ၊ ဘယ်ဗိုလ်မှူး /ချုပ် ဟောင်း/သစ်ရဲ့ အိမ်လေ ။ သူတို့မှ ဒါမျိုးအိမ်တွေ လေးငါးလုံး ရှိတာ ၊ ဒီအကွက်ကတော့ တရုတ်တွေအကွက်ပဲ ။သူတို့က လျှံတယ် ။ ဒါမျိုးမြေကွက်ကို အကွက်ပေါင်း ဆယ်ချီ ကိုင်ထားတာ ။ကြိုက်စျေးရရင်တော့ ရောင်းမှာ လျှော့ရင်တော့ ပါးပါးပဲ လျှော့မှာ ။ တရုတ်ဆိုတော့ သိတဲ့အတိုင်းပဲ ။ဒီမြေကွက်တွေက အရင်က တသောင်းအထက်မှာ ရှိတယ် ၊ ဒီအစိုးရလက်ထက်ကျမှ ပြုတ်ကျလာတာ ။ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ခဏ ခဏ အဖမ်းခံရတာ အိမ်ခြံမြေကို ဝုန်းဆို လာဆောင့်တာပဲ ။ ခုကြည့်လိုက် ကျောက်မှော် ၊ ရွှေမှော် အကုန်ရပ်လိုက်တာ အိမ်ခြံမြေတွေ ပလုတ်တုတ် ခေါက်တာပဲ ။ အရောင်းပဲ ရှိတာ ။ ရောင်သူပဲ များတယ် " ။

         ပွဲစားအများစုရဲ့ စကားတွေထဲမှာ သတိထားစရာတွေ အများကြီးပါလာသည် ။သူတို့ အိမ်ခြံမြေ လုပ်ငန်းများ အလုပ်မဖြစ်တော့ခြင်းသည် အစိုးရကြောင့်ဟု အကြွင်းမဲ့ ယုံကြည်နေကြဟန်ရှိသည် ။ တကယ်လည်း ဟုတ်နေသည် ။ဒါပေမဲ့ ဒီကိစ္စမှာ ကျနော်တို့အနေဲ့ အစိုးရကို ကျေးဇူးတင်ရမည်ထင်သည် ။မြန်မာပြည်ရဲ့ အိမ်ခြံမြေစျေးကွက် ဖောင်းဖွမှုရဲ့ အဓိက တရားခံသည် တရားဥပဒေ မစိုးမိုးခြင်းဖြစ်သည် ။စစ်အာရှင်နှင့် စစ်ဗိုလ်လူထွက် တို့ တိုင်းပြည်အာဏာကို ရာနှုံးပြည့် လုံးလုံးလျားလျား အုပ်ချုပ်သည့် ကာလများသည် အိမ်ခြံမြေ စျေးကွက်များ လျှန်းလျှန်းတောက်ခဲ့သည်။ဒါကြောင့်လည်း ယခုအချိန်မှာ အဘ ပိုင်မြေကွက်များနှင့် တရုတ်ပိုင်မြေကွက်များ ခွေးချေးထက် များနေခဲ့ခြင်း ဖြစ်မည်ထင်သည် ။

           အတားအဆီးမရှိသည့် ငွေမည်း တခါးများ စတင်ပိတ်သည့်အချိန်...

        NLD အစိုးရ တက်လာပြီး ကျောက်စိမ်းလုပ်ကွက်တွေ တူးဖော်ခွင့် လိုင်စင်သက်တမ်းတိုးမပေးပဲ ရပ်နားခဲ့သည်။ လိုင်စင်အသစ် ထပ်မံချထားပေးခြင်းလည်း မရှိတော့ ။ တရားမဝင် တူးဖော်မှုတွေ လျော့လာသည် ။ ယခုလည်း တရားမဝင်တူးတာတွေ ရှိနေသေးသည် ။ ရွှေတူးဖော်ရေး ၊ ဓါတ်တ္ထုကဲ့သို့သော တရားမဝင် တူးဖော်သည့် လုပ်ငန်းတွေကို စီစစ်လာသည် ။ ခြုံပြောရလျှင် ယခင့် ယခင်တွေက ဥပဒေအရ လုပ်ကွက်တွေ ဗန်းပြ ၊ ကုမ္မဏီတွေ ဗန်းပြ ၊ ဒေသအာဏာပိုင်တွေနဲ့ ပိုင်လျှင်ပိုင်သလို ထင်တိုင်း တူးဆွ နေသည့် လုပ်ငန်းများ အရုပ်ကြိုးပြတ် ရပ်နားသွားခဲ့ရသည်မှာ ငြင်းပယ်လို့ မရသည့် အချက်ဖြစ်သည် ။ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိသည့် သတင်းတွေ မကြာခဏ ဆိုသလိုကြားလာရသည် ။

      NLD လက်ထက်မှာ ပညာတတ်တွေ သူခိုးလက်မှတ်ရ...

               အစိုးရကို ဝေဖန်သံ ၊ ဖြစ်တင်သံ ၊ တာဝန်ရှိသူများ၏ တာဝန်မဲ့မှုများ၊ လွဲချော်မှုများ ကို လူမှုကွန်ယက်များ ၊ မီဒီယာများက ပွင့်လင်းမြင်သာစွာ ပြောဆိုရေးသားလာကြသည် ။အစိုးရသစ်ကလဲ အကဲဆတ်တာတွေ အများကြီးတွေ့ရသလို မရိုးသားမှုများစွာကိုလည်းတွေ့ရသည် ။စိန်နားကပ်နှင့်ပါးပြောင်သူများ၏ အောက်ခြေလွတ် ဘဝမေ့မှုများကြောင့် NLD ပါတီနှင့် လက်ရှိအစိုးရသည် နာမည်ပျက်ပေါင်းလည်းများလှပေပြီ ။သို့သော် ယခုချိန်ထိတော့ ပြည်သူများက သည်းခံပေးနေကြသည် ။နိုင်ငံရေးသမား မဟုတ်သည့် ခါတော်မှီ ပုဂ္ဂိုလ်ကြီးများကို ပွဲထုတ်လာခဲ့သည် ။ NLD ကြောင့် ဒေါက်တာ ဝန်ကြီးချုပ်များ သူခိုးရုပ်ပေါက်သွားခဲ့ရကြောင်းကို တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က သက်သေပြခဲ့သွားခဲ့သည် ။NLD လက်ထက်မှာ ဒေါက်တာတွေ သိက္ခာ ကျခဲ့ရသည်ဟု ဆိုရမလား ။

            အခြားအခြားသော ပြည်နယ်နှင့်တိုင်းများတွင်လည်း ဒေါက်တာလဲ့လဲ့မော်ကဲ့သို့ ပုတ်နေသော ပဲတွေ များစွာရှိသည်ဟု သတင်းများ လှိုင်လှိုင်ထွက်ပေါ်နေသောလည်း အစိုးရခမျာ မလှန်ရဲ ဖြစ်နေသည် ။ NLD အစိုးရမှာ အပုတ်နံ့ကို ဝုန်းကနဲ့ မဖွင့်ရဲပေ ။ အပုတ်နံ့ကို နိုင်နိင်းသည့် ဆေး အစိုးရမှ မရှိသေးပေ ။ မဖွင့်ပဲတာက အနားမှာ ရှိတဲ့ လူတွေပဲ နံမှာဖြစ်ပြီး ၊ ဆွဲဖွင့်လိုက်လျှင် တတိုင်းပြည်လုံး ၊ တကမ္ဘာလုံး ဖုံးမရ ဖိမရ နံလာလျှင် ၂၀၂၀ နိုင်ငံရေး အာဏာ စင်မြင့်ကို ကျောခိုင်းရမည်ကို သိပုံရသည် ။

           ကျနော့်သဘောအရ ပြောရင်လျှင် လက်ရှိအစိုးရကို ရာနှုံးပြည့် သဘောမကျပါ ။မည်သည့် အစိုးရတက်တက် ရာနှုံးပြည့် သဘောကျနိုင်မည်ဟု မထင်ပါ ။အရာရာပြည့်စုံကောင်းမွန်သည့် အစိုးရဆိုတာ ကမ္ဘာမှာပင် မရှိသေးဟု ထင်ပါသည် ။သူ့ကို မကြိုက်လျှင် ဘယ်သူ့ကို ရွေးကြမည်လဲ ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပြန်သည် ။ဒီအစိုးရကို သဘောမကျလျှင် ကြောချမည့်သူများက အဆင်သင့်စောင့်နေကြသည် ။လက်ရှိအစိုးရ ရဲ့ သက်ဆိုင်သူတချို့ သိပ်ရိုးနေသည်ဟု ကျနော်မပြောလို ။ဒါပေမဲ့ အစိုးရ အလွန်အပါသည် ။ သေချာသည်က တိုင်းပြည်ကို မျိုးပြုတ်အောင် လုပ်မည့်သူတွေ မဟုတ်တာတော့ ယုံကြည်မိသည် ။

         အိမ်ခြံမြေ စျေးကွက်ကို ပြန်ကောက်ရလျှင် ယခုရက်ပိုင်း အခွန်တွေ လျှော့လိုက်သည့်အတွက် ရောင်းသူတွေက အမာဘက်ကို ရောက်သွားသည် ။သို့ပေမဲ့ စျေးကွက်ထဲမှာ ဝယ်သူတွေ သိသိသာသာရောက်လာတာမျိုးတော့ မရှိဘူးလို့ အကျိုးဆောင်လုပ်ငန်းတွေဆီက ကြားခဲ့ရသည် ။မြို့ရွာ ရပ်ကွက်တွေမှာ မူးယစ်ဆေးဝါးတွေ ဟင်းရွက် ကန်ဇွန်းလို ဝယ်လို့ရနေသေးသည် ဆိုပေမဲ့ သိန်းပေါင်း သိန်းသန်းချီတန်သည့် မူးယစ်ဆေးဝါးတွေ ဖမ်းဆီနိုင်တာကိုလည်း မေ့လို့မဖြစ်ပါ ။မူးယစ်ဆေး စစ်သည့် စက်တွေ မြောက်ပိုင်းသုံးဖွဲ့က ဖျက်ဆီးဘို့ ကြိုးစားခဲ့သည်ဟုလည်း သတင်းများတွင် ဖတ်ရသည် ။ထိုသူတွေ ဘယ်ကငွေဖြင့်ရသနည်း ။ဘယ်သူတွေက ထောက်ပံ့နေသနည်း ။အဝေးကြီးကြည့်ဘို့မလို ပေ ။

             သေချာသည့်အချက်က မူးယဟ်ဆေးဝါးပဲဖြစ်ဖြစ် ၊ ကျောက်စိမ်း ၊ ပယင်း ၊ ရွှေ ၊ ရေနံ ၊ အဂတိပဲ စတာတွေပဲ ဖြစ်ဖြစ် ယခင့် ယခင်ခေတ်များလိုတော့ မဟုတ်တော့ပဲ ပြောင်းလဲပစ်လိုက်နိုင်တာကိုတော့ ငြင်းလို့မရပါဘူး ။ရိုးသားစွာ ပြောရလျှင် ကျနော်တို့လူမျိုးသည့် ခွှင့်လွှတ်နားလည်တတ်သည့် သဒ္ဒါအားကြီးသလောက် အပြောင်းအလဲ လောဘလဲကြီးပါသည် ။NLD အစိုးရ အုပ်ချုပ်လာသည်မှာ ငါးနှစ်မပြည့်သေးပါ ။စစ်အာဏာရှင်တွေ ထင်သလိုလုပ်လာတာ နှစ်ပေါင်း ငါးဆယ်ကျော် ။

               မဲနိုင်ပြီး အာဏာရလို့ တိုင်းပြည်ကိုအုပ်ချုပ်တော့ အနာဂတ်မျှော်လင့်ချက်နဲ့ သင်ယူလေ့လာမှုတွေကို နှစ်ရှည်လများ ပိတ်လောင်ခံထားရသည့် ထောင်ထွက်တွေနှင့် ။တိုင်းပြည်ကို မောင်းနှင်ဘို့ ထိုထောင်ထွက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ရသည် ။လွှတ်တော်ဆိုတာကြီးကို ကြည့်လိုက်ပြန်တော့ ထောင်ထွက်တွေကြားမှာ စက်ရုပ်လူသား ပဉ္စမံတပ်သား အစိတ်သားက ရှိသေးသည် ။အုပ်ချုပ်ရေး ယန္တယားကို ကြည့်လိုက်ပြန်တော့ ပြည်ထဲရေးကို ဝါးမြိုထားတာက ကာကွယ်ရေး ဦးစီးချုပ်မဟုတ်လား ။အချက်အချာ ကျသည့် ဝန်ကြီးဌာန သုံးခုက ကာကွယ်ရေး အောက်မှာ မဟုတ်လား ။ ဒီကြားထဲ စကားဝဲသူနဲ့ ခရိုနီတွေ အစိုးရဘက်မှမရှိ ။

            စကားပြောမတတ်သည့် အမတ်တွေနှင့် နိုင်ငံရေးဝမ်းစာမပြည့်သည့် အမတ်တွေကို နှုတ်လိုက်ရင် လက်ရှိအစိုးရမှာ နိုင်ငံကို အုပ်ချုပ် စီမံတတ်သူ ဘယ်နှယောက်များကျန်လဲ ။လက်ရှိအချိန်ထိ ဒီအာဏာလေး ဆုတ်ကိုင်ထားတာကို ကျေးဇူးမတင်သင့်ဘူးလား ။လက်ရှိ NLD အစိုးရဆိုတာ ခင်ဗျားတို့ ကျနော်တို့နဲ့ ဘာများကွာပါသလဲ ။သူတို့လည်း သင်ယူနေဆဲကာလပင် ။ လမ်းဘေးမှာ လဖက်ရည်အတူတူသောက်ခွင့်ရသလို မာန်မာနမရှိပဲ တစားပွဲထဲမှာ အတူတူ ထမင်းစားလို့ ရသည် ။ဟိတ်မရှိ ဟန်မရှိသလို အဆံလည်း မပြည့်ကြသေးပါဘူး ။

         ဒါကို ကျနော်တို့ ပြည်သူများက ဝိုင်းဝန်းဖြည့်ဆည်းရမည် ဟုထင်သည် ။ ဒါသည်ပင် နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်နေခြင်းမဟုတ်ပါလော ။ ကိုယ့်ကိုကိုယ် အထင်ကြီးရောဂါ စွဲကပ်နေသော အစိုးရမင်းများ အမတ်များ ဘက်ကလည်း သင်ယူတတ်သည့် ဦးနှောင်နှင့် ခံစားတတ်သည့် နှလုံးသား တခါးလေးများ ဖွင့်ထားဘို့တော့ လိုပါသည် ။နေရာတကာ ငါသိ ငါတတ် စွယ်စုံ တော်သူတွေ အုပ်ချုပ်ခဲ့လို့ တိုင်းပြည်က ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေချိန် နောက်ဘုန်းကြီး နှစ်ချက်ခေါက်သလို မဖြစ်ဘို့ လိုသည် ။ဒီအခြေအနေကနေ မှန်မှန်လေးဝမ်းစာ ဖြည့်သွားရင်ဖြင့် ကျနော်တို့ လိုချင်သည့် တိုးတက်ပြောင်းလဲရေး ပန်းတိုင်တော့ ရောက်မှာ အသေအချာပဲလို့ ကျနော်ကတော့ ယုံကြည်ပါသည် ။

         ယခုတော့ တခေတ်တခါက လျှန်းလျှန်းတောက်ခဲ့သည့် အိမ်ခြံမြေ လောက ငါးပါးမှောက်စ ပြုနေပြီ ။ဒီလောကကို အဓိက ထောက်ပံ့ခဲ့သော ဒေါက်တိုင်များဖြစ်သည့် ကျောက်စိမ်းလောက ဥပဒေဘောင်အတွင်းကို သွတ်သွင်းခံရတော့မည် ။မူးယစ်ဆေးဝါး တနေ့တခြား နေဝင်ချိန်ကို ရှေ့ရှုသွားနေပြီ ။စကားမပြောတတ်သော မျက်မှေးတရုတ်များ မန္တလေးကို ခြေကုတ်ယူဘို့ စဉ်းစားနေပြီဆိုတာကို တိုက်သစ်ကြီးတွေ စျေးချရောင်းနေခြင်းက သက်သေထူနေသည် ။ အဂတိတရားများ ယနေ့အချိန်ထိ ရောယှက်နေသော်လည်း အဂတိ ကော်မရှင် ပေါ်လာပြီိး ကတည်းက ဖြန့်နေသော လက်ဖဝါးများ နောက်ဆုတ်သွားတာ အထင်အရှားဖြစ်သည် ။အခြား အခြားသော ကဏ္ဍများမှာလည်း ထိုနည်းတူစွာပင် ။သူဌေးအများစု ရွှေနှင့် ဒေါ်လာတွေ စုနေကြပြီဟု သိရသည် ။မြေကွက်တွေ လှောင်မထားရဲတော့ ။အိမ်ခြံမြေစျေးကွက်က ဂိတ်ဆုံးရောက်ပြီး ပူပေါင်း ပေါက်သည်ကို ကြိုသိတာလည်း ဖြစ်နိုင်သည် ။

           လက်ရှိအစိုးရသည် အောက်ခြေ ပြည်သူအဆင့်အထိ သိသာသော တိုးတက်ပြောင်းလဲမှုတွေကို ရုပ်ချည်းဆိုသလို လုပ်မပေးနိုင်ပေ ။ အခြားအိမ်ခြံမြေ ကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲ အချို့ လုပ်နိုင်ခဲ့သည် ။၂၀၁၅ မှာ သောင်ပြို ကမ်းပြို မဲနိုင်ခဲ့သည့် အစိုးရဟာ နိုင်ငံကို စံမံအုပ်ချုပ်ခွင့် သောင်ပြို ကမ်းပြို မရသည်ကိုတော့ ထည့်သွင်းစဉ်းစားပြီး အပြစ်တင်မစောဘို့တော့ လိုမည်ထင်သည် ။ကျနော့်အထင်ကတော့ လုံလောက်သည့် အချိန်ပေးပြီးမှ ပီပီပြင်ပြင် အပြစ်တင်ချင်သည် ။အဲဒီအချိန်ကျလျှင် အစိုးရသစ်ရဲ့ စားဖားများလည်း ရုပ်လုံးပေါ်လာမည်မှာ အသေအချာဖြစ်သည် ။

           နိုင်ငံရေး ဝမ်းစာ မပြည့်သည့် ထောင်ထွက်များဖြင့် တည်ဆောက်ထားသော အစိုးရနုနုကလေးကို ဝါရင့်သူခိုး ဒမြများက အချိုးကျအာဏာကို အသာစီးက ရယူထားသည်။ ထို့အပြင် အရှင်သခင် အိမ်နီးချင်း ကျေးဇူးရှင်တရုတ်က ငြိမ်းချမ်းရေးကို ဖန်ပေါင်းချောင်ထဲ ထည့်ထားသည်ကို ကျနော်တို့အားလုံး အသိပင်ဖြစ်သည် ။ မြန်မာပြည်၏ ထာဝရ မငြိမ်းချမ်းရေး သည် တရုတ်အစိုးရ လက်ထဲမှာ ရှိနေခဲ့သည် ။ သေနတ်သမားအုံးလုံးသည် ငြိမ်းချမ်းစကားပြောပြီး တသားတည်း လုပ်စားနေတာလည်း အားလုံးအသိပင် ။ အစိုးရဘက်မှာ ပွဲပြာကျ မဝရေစာ စားနေရသူတချို့နှင့် တက်ကြွသူ အနည်းငယ်သာ ရှိသည် ။ထိုအနည်းငယ်တက်ကြွသူ ပြည်သူတချို့ပင် အစိုးရရဲ့ စွမ်းဆောင်ရည်ကို အားမရ ၊ သဘောမကျသောကြောင့် ကျောခိုင်းထွက်ခွာသူတွေ တနေ့တခြား များပြားလာနေသည် ။

              ထောင်ထွက်အစိုးရမှာ အားနည်းချက်တွေ များစွာရှိသည် ။ဒီအထဲက ယောင်ခြောက်ဆယ်တွေ ထပ်နှုတ်ရင် ဇီးကွက် ခေါက်ဖြတ်သလို ဖြစ်မည် ။ဒါကြောင့်ပင် ပြောင်းလဲချိန်တန်ပြီ ဆိုသော စကားသည် ရေပေါ်မှာ အရုပ်ရေးသလို ဖြစ်နေခြင်းဟုထင်သည် ။စောစောက တင်ပြခဲ့သည့် မြေင်ကွက်ပိုင်ရှင် ၊ အထပ်မြင့် တိုက်သစ် တိုက်ဟောင်း ပိုင်ရှင်ကြီးများ အင်အားချိနဲ့သွားဘို့ဆိုလျှင် အစိုးရ ယန္တယား အားကောင်းလာဘို့ အထူးလိုအပ်ပါသည် ။အစိုးရ အားကောင်းလာလျှင် ဥပဒေအပြင်ဘက်မှ လုပ်ငန်းများ ဥပဒေဘောင်အတွင်းရောက်လာမည် ။ ဥပဒေစိုးမိုးလာသည်နှင့်တပြိုက်နက် အရာအားလုံးသည် သူတန်ဘိုးနှင့်သူ တန်ဘိုးအမှန်ထွက်လာမည်မှာ အသေအချာ ဖြစ်ပါသည် ။လောလောလတ်လတ် မန္တလေးမှ အိမ်ခြံမြေများ စျေးကွက် ကျဆင်းလာခြင်းသည် လက်ရှိ အစိုးရရဲ့ အရည်အသွေး တရပ်ဖြစ်သည် ဆိုတာ ငြင်းလို့ မရဟု ဆိုချင်ပါတော့သည် ။

   ဇော်မိုးထက် ( ဖားကန့် )

Photo -
fb

No comments:

Post a Comment