Friday, May 27, 2022

သိသင့်သော SNLD ဥဏ္ဌပြောကြားသောစကားများ


 စစ်အာဏာသိမ်းပြီးနောက် အဓမ္မနှင့် ဓမ္မ အားပြိုင်နေချိန် SNLD အနေဖြင့် တရားသော မှန်ကန်သည့် ဓမ္မဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ရန် ဆုံး ဖြတ်ထားပြီးဟု SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ပြည်သူကို အသိပေး 


ရန်ကုန်၊ မေ ၂၇ 


ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့် စစ်အာဏာသိမ်းပြီးနော က် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနောက် မျောပါမသွားစေရန် ထိန်း ကျောင်းနေရပြီး ဓမ္မနှင့် အဓမ္မ အားပြိုင်နေချိန် မှန်ကန်သည့် ဓမ္မတရားဘက်မှ ရပ် တည်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြည်သူလူထုသို့ အသိပေးပြောဆိုလိုက်သည်။ 


မေလ ၂၆ ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သည့် SNLD ညီလာခံတွင် ၎င်းက လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း အသိပေးလိုက်ခြင်းဖြစ်သည်။ 


"အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေမှာ စည်းမျောပါပြီး မသွားရလေအောင် သတိ နဲ့ ထိန်းကျောင်းပြီး ဆက်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ဓမ္မတရားဘက်တွေနဲ့ ရပ်တည်ဖို့ရှိပါတယ်။ ဓမ္မတရားနဲ့ အဓမ္မ မတရားမှု အားပြိုင်နေတဲ့ ဒီနေ့နိုင်ငံရေး အခင်းအကျင်းမှာ အဖြူနဲ့ အမဲ ကွဲကွဲပြားပြား ရှင်းရှင်း လင်းလင်း မြင်အောင်ကြည့်ပြီးတော့ ဓမ္မဆိုတဲ့ တရားတဲ့ဘက်မှာပဲ ကျွန်တော်တို့ မားမားမတ်မတ် ပြတ်ပြတ်သားသား ရပ်တည်ဖို့ ကျွန်တော်တို့ အားလုံး ဆုံးဖြတ်ထားပါတယ်" ဟု ဦးစိုင်းညွန့်လွင်က အသိပေးသည်။ 


လက်ရှိ ပဋိပက္ခကို မဖြေရှင်းနိုင်လျှင် မြန်မာနိုင်ငံ ကျရှုံးနိုင်ငံအဖြစ် ဦးတည်နေပြီး အာဏာရှင်နေဝင်းမှစတင်၍ လူတစ်ဦး၏ခေါင်းဆောင်မှုဖြင့် နိုင်ငံကို အောင်မြင်စွာ မအုပ်ချုပ်နိုင်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က သတိပေးသည်။ 


"လက်ရှိ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ကျဆုံးတဲ့ နိုင်ငံမျိုး ဖြစ်သွားဖို့ ဦးတည်နေပါတယ်။မြန်မာပြည်ရဲ့ သမိုင်း ဇာတ်ညွှန်းတွေထဲမှာတော့ လက်ရှိ ကပြနေတဲ့ အပိုင်းကို ကြည့်ရမယ်ဆိုရင် နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍဟာ ဇာတ်ရံ အဖြစ်နဲ့ပဲ ရှိနေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လူ တစ်ဦးတစ်ယောက်ရဲ့ ခေါင်းဆောင်မှု အောက်မှာ အုပ်ချုပ်ခံအဖြစ် နေခဲ့ရတာ ၁၉၆၂ ခုနှစ်တည်းကနေ တိတိကျကျ ပြောရမယ်ဆိုရင် ဒီနေ့ထိပါပဲ လူတစ်ယောက်တည်း ခေါင်းဆောင်မှုက အောင်မြင်မှုရခဲ့သလေားဆိုတဲ့ မေးခွန်း မေးခဲ့ရင် မရှိပါဘူးလို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ကြည့်လိုက်ရင် အတော်လေးကို ဆိုးဆိုးရွားရွား ကျဆင်းနေတာကို ဘယ်သူမှ ငြင်းဆန်နိုင်မယ် မထင်ပါဘူး။ ခေါင်းဆောင် တစ်ဦး တစ်ယောက် တည်းရဲ့ သဘောထားနဲ့ ဦးဆောင်ခဲ့မှု မအောင်မြင်နိုင်ဘူး ဆိုတဲ့ အချက်က အလွန်ကို သေချာပါတယ်" ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။ 


အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင် ဖြစ်မသွားစေရန်လည်း မိမိကိုယ်ကိုကိုယ် ပြုပြင်ပြောင်းလဲတော်လှန်ကြရန် အရေးကြီးသည်ဟု ၎င်းက ထောက်ပြသည်။


" ကိုယ်ကိုတိုင် ကိုယ့်ကိုကိုယ်မှ မအောင်မြင်သေးဘူးဆိုရင် ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်သေးဘူးဆိုရင် ကိုယ့်ရည်မှန်းချက်ဖြစ်တဲ့ အများကို ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြောရမယ်ဆိုရင်တော့ အာဏာရှင် တိုက်ဖျက်ဖို့ လုပ်ရင်းနဲ့ အောင်မြင်လာတဲ့ တစ်နေ့မှာ ကိုယ်ကိုတိုင်က အာဏာရှင်ကြီး ဖြစ်သွားတဲ့ အခြေအနေကို မဖြစ်စေချင်ပါဘူး။ အာဏာရှင်ကို တိုက်ဖျက်နေတဲ့ လူကိုယ်တိုင်က အာဏာရှင် စိတ်ဓာတ်တွေ သူ့ရင်ထဲမှာ ကိန်းအောင်းနေခဲ့မယ်ဆိုရင် ကိုယ်ကိုတိုင် အာဏာရှင် ဖြစ်ဖို့ အတွက် ရှိတဲ့ အာဏာရှင်ရဲ့ နေရာကို လုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ လူထုအတွက် ဘာမှ အကျိုးမရှိနိုင်ပါဘူး"ဟု ၎င်းက သတိပေး ပြောဆိုသည်။ 


လက်ရှိတွင် နိုင်ငံရေးအခင်းအကျင်းမှာ နေရာတိုင်းတွင် လက်နက်မရှိလျှင် မျက်နှာငယ် လူရာမဝင်ဖြစ်နေရခြင်းမှာလည်း တိုင်းပြည်အတွက် ဆိုးဝါးသော ထိခိုက်မှုဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 


"လက်နက်နဲ့ နိုင်ငံတော်ကို တည်ဆောက်နေသလို ဖြစ်နေတာကို သတိပြုမိကြမယ် ဖြစ်ပါတယ်။ လက်နက်မရှိရင်လည်း မျက်နှာငယ်ရတယ်။ လူရာမဝင်သလို ဖြစ်ရတယ်။ နေရာတိုင်း နေရာတိုင်းမှာ လက်နက်ကိစ္စဟာ အရေးပါသလို ဖြစ်နေတယ်။ လက်နက်မရှိရဘူးလို့ မဆိုလိုချင်ပါဘူး။ လက်နက်ရှိဖို့ လိုအပ်ပါတယ်။ သို့သော် လက်နက်နေရာမှာပဲ လက်နက်ရှိဖို့ လိုပါတယ်။ လက်နက်မလိုတဲ့ နေရာမှာ လက်နက် မရှိစေချင်ပါဘူး။ အခုတော့ ကျွန်တော်တို့ဟာ နေရာတကာမှာ လက်နက်ဖြစ်နေတော့ တိုင်းပြည် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပညာရဲ့ အခန်းကဏ္ဍတွေ ပျောက်နေတယ်။ တခြား ပညာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ နောက်ကျနေတယ် ဆိုတဲ့အတွက် တိုင်းပြည်အတွက် အလိုလို ထိခိုက်မှု ကြီးမားတယ်လို့ ပြောကြားချင်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နေတဲ့ အချိန်မှာ ကျွန်တော်တို့က လက်နက်ကိုပဲ ဦးစားပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်နေဆဲ ဆိုတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။ ဒါကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုမယ်လို့ ယူဆပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကတော့ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ တဖြည်းဖြည်းနဲ့ ယုတ်လျော့ကျဆင်းနေပါတယ်။ ကျန်းမာရေး အခန်းကဏ္ဍ၊ ပညာရေး အခန်းကဏ္ဍ၊ လူမှုရေး အခန်းကဏ္ဍ တွေမှာ အလွန်အမင်း ထိခိုက်နစ်နာနေကျတာ အတော် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး စီးပွားရေး လုပ်ငန်းတွေ အဆ မတန် ကျဆင်းနေတာနဲ့ အမျှ ပြည်သူလူထုရဲ့ စားဝတ်နေရေး အသက် မွေးဝမ်းကြောင်း လုပ်ငန်းတွေဟာလည်းပဲ အလွန် အင်မတန်ကို ခက်ခဲနေ ကျပ်တည်းနေတယ်" ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။ 


လက်ရှိတွင် SNLD သည် အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသော ရွေး ကောက်ပွဲကော်မရှင်က ဆောင်ရွက်သည့် ပါတီစစ်ဆေးမှုကို ခံယူခြင်းမရှိသေးပေ။

No comments:

Post a Comment