Friday, May 20, 2022

စစ်ပွဲတွေမရှိတော့တာကြာပြီ

 " စစ်ပွဲတွေ မရှိတော့တာ ကြာပြီ " 


သေနတ်လွယ်ထားတဲ့ စစ်သားတွေ

နိုင်ငံမြေပုံကို နင်းသွားတာတွေ့တော့

အသုဘသီချင်းသံကိုပဲ ငါကြားနေရတယ် 


ငါသိတာတော့ သူတို့က စစ်တိုက် 

နေတာ မဟုတ်ဘူးထမင်းကြမ်းခဲ 

စားရင်း အသေခံနေတာ၊  

ငှက်ဖျား ဒဏ်ခံပြီး အသေခံနေတာ၊  

နိုင်ငံတော်လူကြီးမင်းတွေ 

ချမ်းသာပြီး တည်းက

စစ်ပြီးသွားတာ ကြာပြီ 


ဒါကို သူတို့ တကယ်မသိကြဘူး 

ရေဒီယိုတွေ နားမထောင်ဘူးလား

သတင်းစာတွေ မဖတ်ရဘူးလား မသိ

ဒါကို သူတို့ တကယ်မသိကြတာ 


အိမ်နီးချင်းတွေလည်း စီးပွားရေးပဲလုပ်နေတာ၊ 

အစိုးရလူကြီးတွေလည်း စီးပွားရေးပဲလုပ်နေတာ၊ 


စာသင်ကျောင်းမဆောက်ချင်တဲ့လူကြီးတွေ 

ဘန်ကာ ဆောက်နေကြတာဟာ 

စစ်တိုက်တယ်လို့ လုံးစေ့ပတ်စေ့မခေါ်ဘူး 


ငါ့မျက်စိရှေ့မှာ သေနေတဲ့အလောင်းတွေက 

စစ်တိုက်လို့ သေနေတာတွေ မဟုတ်ဘူး 


ဟိုခြေပြတ် လက်ပြတ် ယောင်္ကျားများဟာလည်း 

စစ်တိုက်လို့ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူး 


တကယ်တော့ စစ်တိုက်တယ်ဆိုတာ

ဘယ်မှာမှ မရှိတော့တာ


အီရတ်မှာ အမေရိကန်တွေ ရေနံတူးတာကို၊ 

စစ်တိုက်တယ်မခေါ်ဘူး၊

ကင်ဂျုံအန်က နန်းတော်ကို

နယူးကလီးယားနဲ့ ဆောက်နေတာကို

စစ်တိုက်တယ်မခေါ်ဘူး 


စစ်ပွဲရှိတယ်လို့ 

အလိမ်ခံရတဲ့ စစ်သားတွေဟာ 

ကျောပေါ်က ခြင်းတောင်းထဲကို 

မိသားစုဘဝတွေ ထည့်ထားတယ်

သူတို့တွေ အပစ်ခံရတော့ 

မိသားစု ဘဝတွေ ကျကွဲကုန်တာပေါ့ 


ဟိုဘက်က စစ်သားကလည်း

ပစ်ဆိုလို့သာ ပစ်လိုက်ရတယ်

ဒါဟာ စီးပွားရေးတခုပဲဆိုတာ

သူနားမလည်ဘူး၊ 

သူ့သေနတ်ကို ကျည်ဖြည့်တိုင်း 

အိပ်မက်ဆိုးတွေ မက်တယ် 

သေနတ်ဒဏ်ရာနဲ့ ဘိန်းခင်းတွေကို

ဖြတ်ပြေးကြတဲ့ နှစ်ဖက်တပ်သားတွေ

သူတို့ဖြတ်ပြေးလာတဲ့ ဘိန်းခင်းဟာ

သူတို့လူကြီးတွေ စိုက်ထားတယ်ဆိုတာကို 

မသိကြဘူး 


ဘိန်းခင်းတွေနဲ့ သယံဇာတတွေက

ဒေသခံတွေရဲ့ ဘဝတွေကို

လောင်မြိုက်လိုက်တယ်

စာသင်ကျောင်း ဆေးခန်းနဲ့

လူ့ဂုဏ်သိက္ခာတွေ ပြာကျကုန်တယ် 

မုဆိုးမတွေသာ သံကုန်ဟစ်ပီး ငိုနေရှာတယ်၊

ခေါင်းဆောင်ကြီးများကတော့

လူစုမိရင် ညစာစားတုန်းပါပဲ

လက်ဆွဲနှုတ်ဆက် 

မိတ်ဖက်စီးပွားရေးတွေ လုပ်တုန်းပါပဲ။ 


စီးပွားရေးဈေးကွက်ဟာ 

သေနတ်ပြောင်းဝက ထွက်နေတယ်၊ 

ငြိမ်းချမ်းရေးအတွက် ဘယ်ကောင်မှ

လက်ကြောမတင်းဘူး 


လူ့အသက် ဆိုတာ 

အလွယ်ရတဲ့ အရင်းအနှီးပဲ

ကုန်တိုက်တွေမှာ 

တင်မရောင်းသေးတာ ကံကောင်းတယ်၊ 

ဗိုလ်ချုပ်ကြီးတွေ အလုပ်မပြုတ်ရေးအတွက် 

အသေခံနေကြတဲ့သူတွေ စစ်ချီတေးကိုဆိုနေကြ 

စီးပွားရေး ဈေးကွက်ဟာ 

သေနတ်ပြောင်းဝ က ထွက်တယ်။။ 


ဆရာညီပုလေး DVB debate မှာ ရွတ်တဲ့ကဗျာ ကြက်သီး


ထအောင် ကောင်းလိုက်ပါဘိ။


[ ] crd : မောင်မြတ်သူ


Cartoon : Wai Yan Tgi


via U Ohn Khin

No comments:

Post a Comment