Friday, July 30, 2021

တသက်လုံး ဖုံးသမျှ ကုန်းကာမှ့ပေါ်




အာဏာသိမ်းခဲ့သည်မှာ ၆ လ တိုင်လာခဲ့ပြီ ဖြစ်သော်လည်း ပြည်သူများ အဖို့ ကောင်းမွေ ဟူ၍ တခုတလေမျှ မခံစားရသေးသည့်အပြင် ရှေ့လျောက် မျှော်လင့်ချက် ရောင်ခြည်ဟူ၍လည်း မြင်ခွင့်မရသေး၊ လျပ်စစ် ကား ထုတ်လုပ်မည်၊ ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်မည်ဟူသော ပေါက်ပန်းဈေး စကားများသာ ကြားနေရဆဲ ဖြစ်သည်။ လက်ရှိတွင်တော့ လမ်းများ ပေါ်တွင် အနှောက်အယှက်မရှိ ဘေးကင်းလုံခြုံစွာ သွားနိုင်လျင်ပင် ကံကောင်းလှ‌ပြီဟု ယူဆကြရမည့်အနေအထား မျိုး ဖြစ်လာနေသည်။


၎င်းကိုယ်တိုင်လည်း ကာကွယ်ရေး ဦးစီးချုပ် ရာထူး တွင် “We are ready” ဟူသော လေတလုံး မိုးတလုံးကြောင့် အဟုတ်လားဟု လူရိုသေ ရှင်ရိုသေ ဘဝ ရခဲ့သေးသည်။ အာဏာသိမ်း ပြီး ခေါင်းဆောင် လုပ်လာသည့် အခါတွင်တော့ “တသက်လုံး ဖုံးလာသမျှ ကုန်းခါမှပေါ်” ဆိုသကဲ့သို့ ၎င်းအား ထောက်ခံသူများပင် စိတ်ပျက်လက်ပျက် ဖြစ်သွားအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သွားခဲ့ရပေသည်။ ကိုယ်ပြောချင်တာ ပြောခွင့်ရနေသည့် အခြေအနေမျိုးထက် ပို၍ တိုးတက်လာခြင်း မရှိ၊ ကံဆိုးလျှင် အသတ်ခံနိူင်ရသေးသည်ဟူကာ မည်သူမျှ အားမကျသည့် ခေါင်းဆောင်ဘဝ နှင့် ဒရွတ်တိုက် သွားနေရပေသည်။


၎င်းအား ဟုတ်နိုးနိုး နှင့် ထောက်ခံခဲ့သူ တရုတ်ပင် စိတ်ပျက်စ ပြုလာနေသည်ကို ယခု အကျပ်အတည်းတွင် ဖာသိဖာသာ နေနေခြင်းက သိသာနေပေသည်။


အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ နိုင်ငံတွင်းရှိဒေသအတော်များများကိုထိန်းချုပ်လာနိုင်သည်နှင့် အမျှ တခါက ၎င်းတို့အားရွံကြောက်ကြီးဖြစ်နေသောတရုတ်သည် “နိုင်ငံပြန်လည် တည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ ရင်ကြား စေ့နိုင်ရေး” အတွက် တာလီဘန်သည် စစ်ရေးနှင့် နိုင်ငံရေးတွင် အခရာကျသောအင်အားစုကြီးဖြစ်လာပြီဟု ချက်ခြင်းလိုလေသံ ပြောင်းသွားခဲ့လေသည်။


ထိုမျှတင်မကသေးတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် နိုင်ငံအရှေ့မြောက်ပိုင်းတီယန်ဂျင်းမြို့တွင် တာလီဘန် ဒုတိယခေါင်းဆောင် နှင့် အဖွဲ့ဝင် ကိုးဦး ပါ ကိုယ်စားလှယ်အဖွဲ့ကိုဖက်လှဲတကင်းကြိုဆိုခဲ့ပြန်သည်။


၎င်းတို့နယ်မြေကိုခြေကုတ်ယူပြီးတရုတ်နိုင်ငံတွင်းဝင်ရောက်တိုက်ခိုက်မည့် လူများရန်မှ ကာကွယ်ပေးရန် ကတိကဝတ်ကိုလည်းအမိအရတောင်းမည် ဖြစ်သည်။ ယခင်က အမေရိကန်၏ အာဖဂန်နစ္စတန် တွင် ဝင်ရောက် စွက်ဖက်မှုကို ခါးခါးသီးသီး ရှုတ်ချခဲ့သော်လည်း ယခုအခါ တပ်များ အလျင်စလို ဆုတ်ခွာနေမှုကို အပြစ် ဆိုလာခဲ့ပြန်သည်။


တရုတ်သာမက တီဟီရန်၊ မော်စကိုမြို့ကြီးများသို့ လည်း တာလီဘန် တို့ ခရီးလှည့်လည် ခဲ့ပြီးဖြစ်သည်။


ဤသည်ကိုကြည့်လျှင် စစ်ရေးအရအသာစီးရလာသည်နှင့် အမျှ ယခင်ကဆေးဖေါ်ကြောဖက် မလုပ်သော တာဘီဘန်များကို တရုတ်တို့သာမက အခြားနိုင်ငံများကပါ တလေးတစားဆက်ဆံ လာကြသည်ကို တွေ့ရမည် ဖြစ်သည်။


ကမ္ဘာနိုင်ငံရေးမျက်နှာစာတွင် မပြောင်းမလဲတည်ရှိနေသောနိယာမတရားကြီးလည်းဖြစ်သည်ကိုမိမိတို့ ဖက်မှ သိရှိထားရပေမည်။ 


မြန်မာ ပြည်သူများက မည်သည့် တော်လှန်ရေး မှ သံတမန် နည်းဖြင့် အောင်မြင်ခဲ့ခြင်း မရှိသည်ကို ကောင်းစွာ နားလည် ထားပြီး ဖြစ်၍ အဆုံးစွန်အထိ တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ထားကြပြီးလည်း ဖြစ်သည်။


တပ်ထဲတွင်လည်း အသေအပျောက်များ များပြားလာခြင်း နှင့်အတူ လက်ရှိ အနေအထား အတိုင်း တသက်လုံး သွားရတော့မည်လားဟု မေးခွန်းများ ထုတ်လာကြလေသည်။


လောလောဆယ်တွင် နိုင်ငံအများအပြားအနေနှင့် အာဏာသိမ်းအဖွဲ့ကို မည်သို့မည်ပုံ သဘောထားဆက်ဆံရမည် ဆိုသည်အ‌ပေါ် ဝေခွဲမရဖြစ်လာနေချိန်မှာ ကိုဗစ် ကပ်ရောဂါကြီး ကျရောက်ချိန်၌ လူထု၏ အသက်ပေါင်း များစွာကို ကယ်တင်ရန် ပျက်ကွက်ခဲ့မှု ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်လာရချိန်တွင်တော့ အာဏာသိမ်း အဖွဲ့သည် မည်သို့မျှ အစိုးရတရပ် အဖြစ် တရားဝင် အသိအမှတ် ပြု ဆက်ဆံသွားဖို့ မဖြစ်နိုင်တော့မှန်း ကောင်းစွာ သိနားလည် သွားကြပြီ ဖြစ်သည်။


ထို့အတွက် ယမန်နေ့က ပြုလုပ်သော ကုလ လုံခြုံရေးကောင်စီ အာရီယာ ပုံစံ ကြားနာပွဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ သဘောထားကို တလေးတစား နားထောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။


နယ်ခြားမဲ့ ဆရာဝန်များ အသင်းကလည်း မြန်မာနိုင်ငံတွင် “အထိန်းအချုပ် မဲ့ လူ့အဖွဲ့အစည်း အတွင်း ပျံ့နှံ့ ကူးစက်နေမှုကြီး” အဖြစ် ကင်ပွန်းတပ်လိုက်ပြီ ဖြစ်သည်။


လက်ရှိတွင် အာဏာသိမ်း အဖွဲ့က တနေ့လျှင် လူ ၆,၀၀၀ ခန့် ကူးစက်ပြီး ၃၀၀ ခန့် သေဆုံးလျှက် ရှိသည်ဟု ဆိုသည်ကိုပင် မည်သူမျှ အယုံအကြည် မရှိကြတော့ပေ။ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် အစိုး ရတရပ်အား လက်နက်အားကိုး ဖြင့် ဗြောင်ကျကျ အာဏာသိမ်းခဲ့သည့် အဖြစ်ကိုပင် ဖွဲ့စည်းပုံအရ အကျုံး ဝင်သည် ဟု လိမ်ညာခဲ့ကြသူများလည်း ဖြစ်နေကြသောကြောင့်ဟု ဗြိတိန် နိုင်ငံရှိ The Conversation ဝက်ဆိုဒ် တွင် ရေးသားထားသည်။ ရန်ကုန်တွင်ပင် တနေ့ ၁,၀၀၀ ခန့် သင်္ဂြိုလ်ပေးနေရသည်ဟု နာရေး ကူညီရေး အသင်းများ နှင့် ပရဟိတ အဖွဲ့များ၏ အပြောအရ သိရသဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် လွန်စွာ များပြားနေမည်ဟု ယူဆရကြောင်း ရေးသားခဲ့သည်။


ကိုဗစ် ကုသရေး အထောက်အကူ ပစ္စည်းနှင့် ဆေးဝါးများ ပြတ်လတ်လာနေမှု နှင့်အတူ အဆမတန် ဈေးမြင့် တက် လာနေသည်။ Oxygen Concentrator ကဲ့သို့ ပစ္စည်းမျိုးပင် စင်္ကာပူမှ အလွယ်တကူ တင်သွင်း၍ မရ ဖြစ်နေသည်။


၅၄ သန်း ရှိသော တိုင်းပြည်တွင် မင်းအောင်လှိုင်၏ စီမံခန့်ခွဲမှု အောက်၌ တနေ့လျှင် လူ ၁၅,၀၀၀ ခန့် သာ စစ်ဆေး နိုင်ခဲ့ပြီး ၃၇% သည် ရောဂါပိုး ကူးစက်ခံထားရသည်ကို တွေ့ရပြန်သည်။ ဆိုလိုသည်မှာ လူ ၁,၀၀၀ စစ်လျှင် ၃၇၀ ကူးစက်ခံနေရခြင်းပင် ဖြစ်သည်။


ဆင်းရဲသော ပြည်သူများမှာ လူချင်းခွာနေရန်လည်း မဖြစ်၊ ဆေးကုသခံရဖို့ကလည်း လက်လှမ်း မမှီ ဖြစ်နေ၍ အထိအနာဆုံး ဖြစ်နေသည်။ တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် ထိုနည်းနှင်နှင် ပင် ဖြစ်လာနေသည်။


စစ်အာဏာသိမ်း အဖွဲ့ အတွက် ပြဿနာ ဖြစ်နေရသည်က အာဏာမသိမ်းမီ နှစ်ရက် သုံးရက်အလိုတွင် နိုင်ငံ တကာ ငွေကြေးရံပုံငွေ အဖွဲ့မှ ပေးထားသော ကိုဗစ် ကုသရေး အကူအညီ ဒေါ်လာ သန်း ၃၅၀ ကို စာရင်းမပြနိုင် ဖြစ်နေရခြင်းပင်။


သို့သော် ကျပ်တန်ဖိုး ကျဆင်းနေသည်ကို ကျားကန်ရန် အာဏာသိမ်းပြီးချိန်မှစ၍ ဗဟိုဘဏ်မှ စုစုပေါင်း ဒေါ်လာ သန်း ၉၀ ခန့် ထုတ်ရောင်းချခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကလည်း မရှိသဖြင့် တဖြေးဖြေး နှင့် နိုင်ငံခြား အရံငွေများ ကုန်ခမ်းလာရဖို့ သာ ရှိနေပေသည်။


အာဏာသိမ်း အဖွဲ့သည် လက်ရှိ ကိုဗစ် အကြပ်အတည်းကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည် ဆိုလျှင် လူထု ထောက်ခံမှု အပိုင်းတွင် ပြန်လည် ဦးမော့လာနိုင်စရာ ရှိသော်လည်း မည်သို့ လုပ်ရမည်မှန်းလည်း မသိ၊ စိတ်ထင် ရာ လျှောက်လုပ်နေသဖြင့် လူထု၏ ဒေါသက အမြင့်ဆုံး ရောက်ရှိခဲ့ရသည်။ လူထု အတွက် ကျန်းမာရေး မည်သို့မည်ပုံ စောင့်ရှောက်ရမည်ကို မစဉ်းစား၊ အလောင်းများ မြင်မကောင်းအောင် ဖြစ်လာက ဖုံးမရ ဖိမရ ဖြစ်လာကာ နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်လာမည် စိုး၍ မီးသင်္ဂြိုလ်စက်များ အမြန်တည် ဆောက်ပြီး အစဖျောက်နိုင်ရန် ကြိုးပမ်းလာခဲ့ကြခြင်းကပင် မည်မျှအထိ အသိတရား ခေါင်းပါးလွန်းနေသည်ကို ပြဆို နေပေသည်။


ဖွံ့ဖြိုးပြီး နိုင်ငံ အချို့တွင် ကာကွယ်ဆေးများ အလျှံပယ် ဖြစ်လာနေပြီး မြန်မာသို့ အလျှင်အမြန် ပို့ပေးမည် ဆိုက ပို့ပေး နိုင်သော်လည်း ရွံရှာဖွယ် ကောင်းနေသည် အာဏာသိမ်း အဖွဲ့နှင့် အရင် စာရင်းရှင်ဖို့ လိုအပ်သည်ဟု ခံယူထားကြပြန်သည်။ အကူအညီများကို ပရဟိတ အဖွဲ့များသို့ ဦးတည်ပေးပို့နေသော်လည်း စစ်တပ်၏ နှောက်ယှက်နေမှုများကြောင့် အရာမရောက် ဖြစ်နေရသည်။


လောလောဆယ်တွင်တော့ ကပ်ရောဂါကြီး၏ ဒဏ်ကို မြန်မာပြည်သူပြည်သားများ ခါးစီးခံရဖို့ ရှိနေပေသည်။


အရေးတော်ပုံ အောင်ရမည်!!!

No comments:

Post a Comment