Friday, July 23, 2021

ဆရာတော်တစိပါးရေးထားတာလေးပါ။

 အတော်ဆိုးတဲ့ အာဏာရူးတွေ။ တိုင်းပြည် ဒီလောက်မွဲ ဒီလောက်နိမ့်ကျ ဒီလောက်သေမယ်မှန်း သိပါလျက်နဲ့ အာဏာလုရက်တယ်။ 


ဒီလို ဖြစ်မယ်မှန်း မသိလို့ အာဏာလုခဲ့သည် ထားဦး။ အခု ပြည်သူတွေ ဒီလောက်ဒုက္ခရောက် ဒီလောက်သေနေတာကို ငဲ့ကွက်သောအားဖြင့် သနားသောအားဖြင့် ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေးသင့်ပြီ။ 


လက်ရှိလူတွေထက် ဘာတွေကများ တန်ဖိုးရှိနေလို့လဲ။ 


(၁) နိုင်ငံအတွက်လို့ ပြောရအောင်လဲ။ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်က ၁၉၄၈မှ စခဲ့တာ မဟုတ်လား။ ဘယ်မလဲ ထာဝရပိုင်ဆိုင်မှုဆိုတာ။ 


(၂) လူမျိုးအတွက်လို့ ပြောရအောင်လဲ။ ဒီလောက်သေ ဒီလောက်ဒုက္ခရောက်နေတာ။ ဘယ်လူတွေ အတွက်လဲ။


(၃) အမျိုးဘာသာလို့ ပြောရအောင်လဲ။ ဘာသာကွယ်ပျောက်မှာ ဒီလောက်စိုးရိမ်နေရင် အသေခံပြီး တရားအားထုတ်တော့လေ။ အကြမ်းစား အဒိန္နာဒါန၊ အရက်စက်ဆုံး လူသတ် ပါဏာတိပါတတောင် မစောင့်နိုင်တာ ဘယ်ဘာသာကိုများ စောင့်ရှောက်မှာလဲ။ 


သေချာတာက အာဏာလု စစ်ခေါင်းဆောင်တွေက သူတို့အကျိုးစီးပွါးအတွက် သက်သက်၊ သူတို့အတ္တ သက်သက်အတွက် တိုင်းပြည်ကို ချနင်းနေတာ။ အာဏာလု ခေါင်းဆောင်ပိုင်းကို ဦးဇင်းကတော့ နားလည်ပေးလို့ ရသေးတယ်။ သူတို့ အကျိုးစီးပွါး ရှိတယ်လေ။


အဲ နားလည်ပေးလို့ မရတာက သာမန် ရဟန်းရှင်လူတွေ အာဏာလု လူတစ်စုကို ထောက်ခံသူတွေ။ ဘယ်မလဲ ကိုယ့်လူတို့ အကျိုးစီးပွါးက။ နိုင်ငံအတွက်လား။ လူမျိုးအတွက်လား။ ဘာသာအတွက်လား။


စဉ်းစာကြပါဦး။ လက်ရှိလူတွေထက် ဘာတွေကများ တန်းဖိုး ရှိနေတာလဲ။


မေတ္တာရပ်ခံတာပါ။ 


အာဏာလု လူတစ်စုနဲ့ နီးစပ်သူတွေ 

ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဖို့ တိုက်တွန်းကြပါ။


သေခြင်းတရားဆိုတာ ဒီဘဝအတွက် ဒီမိသားစုအတွက် တစ်ဖန် ပြန်မလာတော့တဲ့ အရာ။ 


ရောဂါဆိုးကြောင့် သေရတာထက် စနစ်ဆိုးလို့ ငါတို့ ပြည်သူ အမိအဖ ညီအစ်ကို မောင်နှမတွေ သေနေရတယ်ဆိုတာ နားလည်ကြပါ။ 


နိုင်ငံတိုင်းမှာ ကိုဗစ်က ဖြစ်နေတာပါ။ သူတို့က မသေကြပါပဲ ဒီမှာကြ အသေများနေတယ် ဆိုကတည်းက အဖြေက ရိုးရှင်းလှပါတယ်။ 


“အမေ အဖေ သေခါနီးတောင် အောက်ဆီဂျင်မရလို့ မောဟိုက်ပင်ပန်း အသက်ကို ခကခက်ခဲခဲ ရှုရှိုက်ပြီး ရက်စက်ကြမ်းတမ်း ပြင်းထန်ခက်ခဲစွာ ထွက်ခွါသွားရတယ်” လို့ ကိုယ်ချင်းစာကြည့်ပါ။ 


မေတ္တာပို့ သစ္စာဆိုကြရုံပါပဲ။ 


“ရှင်ရဟန်းဘဝ ရောက်သည့်နေ့မှ စ၍ သုရာမေရယသိက္ခာပုဒ်ကို တစ်ခါမှ မကျူးလွန်ဖူးပါ၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ပြည်သူပြည်သား အားလုံး ဒီရောဂါဆိုး ဒီစနစ်ဆိုးမှ အမြန်ဆုံး လွတ်မြောက်ပါစေသတည်း”

No comments:

Post a Comment