Thursday, July 1, 2021

မြန်မာစစ်တပ်အာဏာသိမ်းခြင်းရဲ့ ကြံရာပါ ဘယ်သူတွေလဲ။


 မြန်မာစစ်အာဏာသိမ်းမှု၏ ကြံရာပါ ဘယ်သူတွေများလဲ


 ဧရာဝတီ 1 July 2021


မြန်မာစစ်အာဏာသိမ်းမှုကို တရုတ်နှင့် အခြားအိမ်နီးချင်းများက ရှုတ်ချရန် ရည်ရွယ်ချက် မရှိသည်မှာ တရားဝင် အချက်အလက်တခုဖြစ်သည်။


စစ်တပ်က ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တွေ့လာရသည်။ အာဏာသိမ်းပြီး ၅ လနီးပါးကြာသည်အထိ စစ်ကောင်စီသည် နေ့စဉ်ဆန္ဒပြပွဲများကို ရင်ဆိုင်နေရသော်လည်း စတင်အာဏာသိမ်းစဉ်ကထက် အရေအတွက်လျှော့ကျလာသည်။ တချိန်တည်းတွင် နိုင်ငံအချို့နေရာများတွင် အကြမ်းဖက်မှု၊ စစ်ကောင်စီပစ်မှတ်များကို သတ်ဖြတ်မှုများကို ပိုမိုတွေ့လာရသည်။ မြန်မာနိုင်ငံသားအများစုက စစ်ကောင်စီသို့ပေးပို့သည့် သတင်းစကားမှာ ရှင်းလင်းပြတ်သားလှသည်။ တိုင်းပြည်ကို စစ်ကောင်စီက အုပ်ချုပ်ခြင်းအား ခွင့်မပြုဆိုသည့် သတင်းစကားဖြစ်သည်။


“စစ်အာဏာသိမ်းမှုက အောင်မြင်ပြီး ဆက်လက်တည်မြဲနေမယ်လို့ တရုတ်က ထင်နေတယ်”


သို့သော်လည်း မြန်မာနိုင်ငံသည် ရှည်ကြာသည့် စစ်အုပ်ချုပ်ရေးနောက်တကြိမ်ကို ဖြတ်သန်းရတော့မည်ဟု တရုတ်အစိုးရက အခြေခံအားဖြင့် ကောက်ချက်ချထားကြောင်း Financial Times ၏ အဆိုအရ သိရသည်။


အမေရိကန် သုတေသနလုပ်ငန်းဖြစ်သော Stimson Center မှ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ ယွန်ဆန်းက “စစ်အာဏာသိမ်းမှုက အောင်မြင်ပြီး ဆက်လက်တည်မြဲနေမယ်လို့ တရုတ်က ထင်နေတယ်လို့ ယူဆတယ်” ဟုပြောသည်။


တရုတ်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတခုဖြစ်ပြီး ဘေ့ဂျင်းနှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးသည့် စွမ်းအင်ပိုက်လိုင်းများအပါအဝင် နိုင်ငံအတွင်း သေနင်္ဂဗျူဟာကျသည့် အခြေခံအဆောက်အအုံစီမံကိန်းများလည်း ရှိနေသည်။ တရုတ်သည် နယ်စပ်တွင် အခြေစ်ိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း နိုင်ငံရေးနှင့် စစ်ရေးအကူအညီများ ပေးနေသည်။


ဘေ့ဂျင်းသည် မြန်မာစစ်တပ်ကို ကာလကြာရှည်စွာ အခိုင်အမာ ထောက်ခံခဲ့ပြီး ဆက်လက်ထောက်ခံနေသည်ဆိုသည့် အမြင်ကြောင့် တရုတ်နိုင်ငံအပေါ် ယနေ့မြန်မာပြည်သူများ၏ မကျေနပ်မှု၊ မနှစ်မြို့မှုများ မြင့်မားလာနေသည်။


ပြည်သူလူထု၏ ပြစ်တင်ရှုတ်ချမှုကို အာခံပြီး စစ်တပ်အုပ်ချုပ်သည့် မြန်မာနှင့် စီးပွားရေးလုပ်သောကြောင့် တရုတ်နိုင်ငံသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။


“တရုတ်သံအမတ်သည် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံသော ပထမဆုံး သံအမတ်ဖြစ်လာသည်။”


ဇွန်လ ၅ ရက်နေ့တွင် တရုတ်သံအမတ် ချန်ဟိုင်သည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံသော ပထမဆုံး သံအမတ်ဖြစ်လာသည်။


မြန်မာနိုင်ငံနှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုအပေါ်တရုတ်က တန်ဖိုးထား အလေးပေးကြောင်း ချန်က ပြောသည်ဟု တရုတ်သံရုံး၏ အဆိုအရ သိရသည်။ “မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု စောလျှင်စွာ ပြန်လည်ထိန်းသိမ်းနိုင်ရန် တရုတ်နိုင်ငံက ရိုးသားစွာမျှော်လင့်နေပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နှင့် မြန်မာအကြား ရရှိထားသော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖေါ်ရန် ထောက်ခံသည်။ ထိုကိစ္စတွင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းမှ ဆက်လက်ပါဝင်မည်” ဟု တရုတ်သံရုံးက ကြေညာချက်တစောင်တွင်ဖေါ်ပြပြီး ထိုကြေညာချက်တွင် အာဏာသိမ်းခေါင်းဆောင်ကို မြန်မာခေါင်းဆောင်ဟု သုံးနှုန်းထားသည်။


ယခင်က ဘေ့ဂျင်းသည် ယခုဖြုတ်ချခံလိုက်ရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်ဆောင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ခဲ့သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ဖမ်းဆီးခံထားရသည်။ သို့သော် တရုတ်က မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချရန် ငြင်းဆန်ခြင်းနှင့် စစ်ကောင်စီကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ဆက်စပ်အဖွဲ့အစည်းများတွင် ထောက်ခံခြင်းများကြောင့် တရုတ်နိုင်ငံသည် မြန်မာမှ စစ်ကောင်စီ ဆန့်ကျင်သူများအကြားတွင် ပစ်မှတ်တခုဖြစ်နေသည်။


အာဏာသိမ်းပြီးနောက် တရုတ်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများကို တိုက်ခိုက်မှုများကြောင့် တရုတ်သည် စစ်ကောင်စီအရာရှိများနှင့် အရေးပေါ်အစည်းအဝေး ကျင်းပရန် တောင်းဆိုပြီး လုံခြုံရေးတင်းကျပ်ပေးရန် တိုက်တွန်းသည်။


မြန်မာမှ တရုတ်အကျိုးစီးပွားသည် နက်ရှိုင်းသော်လည်း မြန်မာပြည်သူများအကြား တရုတ်ဆန့်ကျင်မှုကလည်း နက်ရှိုင်းနေသည်။


မြန်မာသည် ရှည်ကြာသော စစ်အုပ်ချုပ်ရေးကို ဖြတ်သန်းရတော့မည်ဟု ခန့်မှန်းရသည်မှာ လွယ်ကူသည်။ သို့သော် စစ်အာဏာသိမ်းမှု ရည်မှန်းချက်အောင်မြင်သည်၊ ဗိုလ်ချုပ်များသည် စစ်အုပ်ချုပ်ရေးကို အခိုင်အမာဆန့်ကျင်သော ပြည်သူလူထုအပေါ် အောင်နိုင်သည်ဟု အကဲဖြတ်လျှင် ပြည်သူများအနေဖြင့် စစ်တပ်နှင့် ကြံရာပါများ မည်သူတို့ဖြစ်သည်ကို စဉ်းစားရတော့မည်ဖြစ်သည်။


“တရုတ်နှင့် ရုရှားအပြင် မြန်မာ့ အိမ်နီးချင်းများသည် မြန်မာပြည်သူများက ဖွင့်ချ အပြစ်တင်သော စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ကြမည်ဖြစ်သည်။”


အဖြေမှာ လွန်စွာ ရှင်းလင်းလှသည်။ တရုတ်နှင့် ရုရှားအပြင် မြန်မာ့ အိမ်နီးချင်းများသည် မြန်မာပြည်သူများက ဖွင့်ချ အပြစ်တင်သော စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ကြမည်ဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသို့ တပတ်ခန့်ကြာ သွားရောက်ပြီးနောက် တနင်္ဂနွေနေ့ညတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ထိုခရီးအတွင်း သူက ရုရှားသည် မြန်မာ၏ ထာဝရမိတ်ဆွေဟု ချီးကျူးသည်။ နှစ်နိုင်ငံအကြား စစ်ဖက်ဆက်ဆံရေးကြောင့် အာဏာသိမ်းခေါင်းဆောင်သည် ထိုစကားကိုပြောသည်။ ထို့အပြင် ရုရှားသည် တရုတ်ပြီးလျှင် မြန်မာသို့လက်နက်ရောင်းချမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး မော်စကိုနှင့် ဘေ့ဂျင်းတို့သည် စစ်အာဏာသ်ိမ်းမှုကို မရှုတ်ချရုံသာမက စစ်ကောင်စီကို ကုလသမဂ္ဂ အရေးယူမှုများမှ သံတမန်ရေး အကာအကွယ် ဆက်လက်ပေးကြသည်။


ဒေသတွင်းတွင် ထိုင်း၊ အိန္ဒိယကဲ့သို့သော အိမ်နီးချင်းများသည်လည်း စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေကြသည်။ တရုတ်ပြီးလျှင် မြန်မာ၏အကြီးမားဆုံး အိမ်နီးချင်းနှင့် ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယ ရေငုံနှုတ်ပိတ်နေခြင်းမှာ မြန်မာစစ်တပ်နှင့် စစ်ဖက်ဆက်ဆံရေးအပြင် အာဏာသိမ်းခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအကြား ကောင်းမွန်သော ဆက်ဆံရေးကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။


ထိုင်းနိုင်ငံသည်လည်း အလားတူပင်ဖြစ်သည်။ ထိုင်းဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝန်က ခေါင်းရှောင်သော နည်းကို သုံးပြီး မြန်မာမှ စစ်အာဏာသိမ်းမှုသည် ပြည်တွင်းရေး ကိစ္စသာဖြစ်ကြောင်း ပြောသည်။ မြန်မာန်ိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် အိန္ဒိယနှင့် ထိုင်းတို့က မဲမပေးဘဲ စစ်ကောင်စီ ရာဇဝတ်မှုများတွင် ကြံရာပါလုပ်ခဲ့သည်ကိုလည်း မှတ်သားသင့်ပေသည်။


“နောက်ဆုံးကျ ကျနော်တို့ အမှတ်ရနေမှာက ရန်သူရဲ့စကားတွေ မဟုတ်ဘဲ မိတ်ဆွေတွေရဲ့ တိတ်ဆိတ်မှုကိုပါ”


ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ၏ စကားကို ကိုးကားပါက “နောက်ဆုံးကျ ကျနော်တို့ အမှတ်ရနေမှာက ရန်သူရဲ့စကားတွေ မဟုတ်ဘဲ မိတ်ဆွေတွေရဲ့ တိတ်ဆိတ်မှုကိုပါ” ဟုသာ ဆိုရပေတော့မည်။


(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ If Myanmar’s Coup Is a Fait Accompli, Who Is Complicit in the Crime? ကို ဘာသာပြန်ဆိုသည်။)

.

ဧရာဝတီ 1 July 2021

No comments:

Post a Comment