Thursday, June 2, 2022

မြန်မာ့အရေးအာဆီယံအထူးကိုယ်စလှယ်

 #မင်းအောင်လှိုင်_အချောင်ရမလားလို့ပါ


DVB | 2 June, 2022


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာဟာ မကြာမီ မြန်မာနိုင်ငံ လာရောက်ဖို့ ရှိတယ်တဲ့။ မကြာခင်ဆိုတော့ ဇွန်လထဲမှာ ရောက်လာမယ်ပေါ့။ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းလို မင်းအောင်လှိုင်နဲ့တွေ့၊ မင်းအောင်လှိုင်တွေ့ခိုင်းတဲ့လူနဲ့တွေ့၊ ပြီးတော့ မြန်မာ့အရေးဟာ ရှုပ်ထွေးနက်နဲတာမို့ တဆင့်ချင်း ဖြည်းဖြည်းသွားရမှာလိုလို၊ သူ့ခရီးစဉ်ကနေ ဖြစ်ပေါ်တိုးတက်မှုအသစ် ရခဲ့တာလိုလိုနဲ့ ဒီနေ့ထိတိုင် လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိတာမျိုးတော့ မဟုတ်လောက်ဘူးလို့ မျှော်လင့်ရပါတယ်။


ဒါဆို ဒေါက်တာနိုလင်းဟေဇာရဲ့ ခရီးစဉ်ဟာ သူ တွေ့ချင်တဲ့လူတွေနဲ့ တွေ့ဆုံခွင့်ရမယ့် ခရီးစဉ်မျိုးလား ဆိုတော့လည်း ဘယ်ဟုတ်မလဲ။ အထူးသဖြင့် သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်ရနိုင်မလားဆိုတာ အခုချိန်ထိ စာမလာ သတင်းမကြား။ စစ်အုပ်စုက အမှုရင်ဆိုင်နေဆဲလူတွေနဲ့ တွေ့ခွင့်မပြုနိုင်ဘူးလို့ ထပ်ခါတလဲလဲ ပြောနေတာဆိုတော့ တွေ့ခွင့်မပြုနိုင်ဘူးဆိုတဲ့ဘက် များပါတယ်။


စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရတယ်။ အထူးသဖြင့် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နောင်ဘဝထိတိုင် သူဘယ်လိုမှ ယှဉ်လို့မရတဲ့ လူတယောက်အဖြစ် သိရှိ မနာလိုစိတ်ကြီးခဲ့ရသူ။ ဒေါ်အောင်ဆန်းစုကြည်က လူထုထောက်ခံမှုနဲ့ တိုင်းပြည်ခေါင်းဆောင်နေရာ ရောက်လာခဲ့ပြီး မင်းအောင်လှိုင်ကျတော့ သေနတ်အားကိုးနဲ့ ဒီလောက် သတ်ဖြတ်နေတာတောင် ခွေးကတက်ကနေ ဆက်မတက်နိုင်တဲ့ ဘဝပေးမို့ ပိုနာကျင် ပိုအသည်းခိုက်ရတယ်။


ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက သူ့လို မနေ့တနေ့က သန်းရွှေကောင်းမှုနဲ့ ကာချုပ်ဖြစ်လာပြီးမှ လူလေး ဘာလေး နည်းနည်းပါးပါး သိလာတာမျိုး မဟုတ်ရုံတင်မက ကမ္ဘာ့အဆင့်ခေါင်းဆောင်တဦးမှန်း လက်မခံချင်ပေမဲ့ လက်ခံထားရလေတော့ ဒေါ်အောင်ဆန်းစုကြည် စကားတခွန်းရဲ့ သက်ရောက်မှု အတိုင်းအဆ သိပ်ကြီးနိုင်တယ်ဆိုတာလည်း ထည့်တွက်ရတယ်။


မင်းအောင်လှိုင်ဆိုတာက မဟုတ်ပေါင်းများစွာတွေနဲ့ အာဏာသိမ်းခဲ့တဲ့သူ။ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ စစ်အုပ်စုခေါင်းဆောင်တွေလောက်သာ သိတဲ့ အာဏာသိမ်းခြင်းနဲ့ ပတ်သက်တဲ့ မင်းအောင်လှိုင်ရဲ့ အရှုပ်ထုပ်တွေကို တန်းစီဖွင့်ချလိုက်ရင် မင်းအောင်လှိုင် ဘယ်လိုထပ်ရှင်းမလဲ။ နဂိုကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရတဲ့ မင်းအောင်လှိုင် အခု ပိုကြောက်နေရတဲ့ဘဝ။ သေချာတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုလင်းဟေဇာကို တွေ့ဆုံခွင့်ပေးလိုက်ခြင်းဟာ နေကောင်းလား၊ ကျန်းမာလားလောက်နဲ့ ပြီးခိုင်းလို့ မရတာပါပဲ။


ပြီးတော့ မင်းအောင်လှိုင်ရဲ့ အခိုင်မာဆုံး သန္နိဋ္ဌာန်က ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ NUG နဲ့ သူ့ဩဇာမခံတဲ့ မြန်မာ့နိုင်ငံရေးအင်အားစု အားလုံးကို မြန်မာ့နိုင်ငံရေးထဲ လုံးဝခြေချခွင့်မရရေး ဖြစ်တယ်။ မင်းအောင်လှိုင်ရဲ့ စစ်ရေးစွမ်းဆောင်ရည်က လက်လုပ်သေနတ်ကို ထိပ်တိုက်ရင်မဆိုင်နိုင်လို့ လေယာဉ်ပစ်ကူယူရတဲ့ အခြေအနေ။ မင်းအောင်လှိုင် အတွေ့အကြုံများစွာ ရှိလှပါတယ်ဆိုတဲ့ စီမံခန့်ခွဲမှုကလည်း ငှက်ပျောသီးစိုက်မယ်၊ လျှပ်စစ်ရထားပြေးမယ် ဆိုတာနဲ့ ၆ လကျော်ကာလအတွင်း တိုင်းပြည်စီးပွားရေး ထိုးဆင်းသွားလိုက်တာ ငရဲထဲရောက်တဲ့ထိတိုင်။ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးစွမ်းရည်ကို ကြည့်ပြန်တော့ မူလတန်းကလေးတွေတောင် မင်းအောင်လှိုင်ဆို ဆဲလိုက်မယ်ဆိုတာချည်း။


အဲဒီလို ဘာကြည့်ကြည့် ဒေါင်ဒေါင်မြည် ချည့်နဲ့လွန်းလှလေတော့ မြန်မာ့နိုင်ငံရေးထဲ လူစွာတက်လုပ်ဖို့ ဆိုတာက စွာနိုင်မယ်ထင်ရတဲ့ နိုင်ငံရေးသမားတင်မက ပြည်သူတွေကိုပါ ရှင်းထားနိုင်မှ တော်ရုံကျမယ့် အနေအထား။ မင်းအောင်လှိုင် ပြောနေတဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို စွာနိုင်သမျှ အကုန်ရှင်းပြီး သူ့ဩဇာခံတွေနဲ့သာ ရွေးကောက်ပွဲကျင်းပလိုခြင်း ဖြစ်တယ်။ အဲဒီ ၂၀၂၃ ရွေးကောက်ပွဲကနေတဆင့် ပြည်သူရွေးချယ်ခံ သမ္မတအဖြစ် သူ့ကိုယ်သူ ခေါင်းစဉ်တပ်ကာ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ တောင်းဆိုချက်အရလို့ ဆိုကာ နောက် အနှစ် ၂၀ လောက် သမ္မတမင်းအောင်လှိုင် ဖြစ်ချင်တာ မင်းအောင်လှိုင်ရဲ့ အရူးမီးဝိုင်းအိပ်မက်ပါပဲ။


ဒါကြောင့် မင်းအောင်လှိုင်က အာဆီယံမူ ၅ ရပ်ကို ကိုယ့်နည်းကိုယ့်ဟန် အာဆီယံမူ ၅ ရပ်အဖြစ် လုပ်ချင်တယ်။ ကိုယ့်နည်းကိုယ့်ဟန် အာဆီယံမူ ၅ ရပ်ဆိုတာက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနေရာမှာ ကိုယ်ကျိုးစီးပွားအတွက် အပိုးကျိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့နဲ့ ရင်ဘတ်စည်တီး ငြိမ်းချမ်းရေးစကားတွေ ရေရွတ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကိုတော့ PDF အကြောင်းပြချက်နဲ့ သတ်ဖြတ်မီးရှို့ အစွမ်းကုန် မြေလှန်ခြင်းတွေနဲ့ ပက်ပက်စက်စက်။


အဲဒီလို ရပ်တည်ချက် ခိုင်မာပြီးသား မင်းအောင်လှိုင်က ဒေါက်တာနိုလင်းဟေဇာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ဖို့ရာ ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်ရပါမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့မှ အတွေ့မခံရင် NUG အစိုးရနဲ့ တရားဝင်တွေ့ဆုံတာမျိုးတွေ ဖြစ်လာတော့မှာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးလိုက်တာက သက်သာရာရမလားလို့လည်း တွေးနိုင်ပါတယ်။


မင်းအောင်လှိုင်အတွက် နောက်ထပ်ပြဿနာတရပ်က သူ့ဘာသာသူ လုပ်ချင်သလို လုပ်မယ်ဆိုတာကို သူ အားကိုးအားထားပြုနေရတဲ့ တရုတ်ကလည်း သဘောမတူခြင်းပါပဲ။ တရုတ်က NLD ပါတီကို လုံးဝဖျက်သိမ်းမှာ သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြန်လည်အတည်ပြုတဲ့ အဆင့်ထိလည်း သဘောတူပုံ မရပါဘူး။ ၂၀၂၂ ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကအပြန် မင်းအောင်လှိုင် နားသွင်းခဲ့တဲ့ အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးကိုတော့ လက်ခံချင်ပုံပါ။


တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးစေချင်ပုံ ရပါတယ်။ ဘာအတွက် တွေ့ဆုံဆွေးနွေးစေချင်တာလဲဆိုတော့ မင်းအောင်လှိုင် လုပ်ချင်နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုပြီး NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရေးပဲ ဖြစ်ပါတယ်။ အဲဒါဟာ ကြားကျတဲ့ အဖြေတခု၊ မြန်မာနိုင်ငံ အမြန်ဆုံး တည်ငြိမ်ရေးအတွက် နှစ်ဖက် win-win အဖြေလို့ တရုတ်က တွက်ဆပုံရတယ်။


မြန်မာနိုင်ငံ တည်ငြိမ်ရေးဟာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ချိတ်ဆက်နေတာမို့ မင်းအောင်လှိုင် အလွန်မှာ ဖက်ဒရယ်ပြဿနာတွေနဲ့ တော်ရုံနဲ့ တည်ငြိမ်နိုင်ပါ့မလားလို့ တရုတ်ဘက်က စိုးရိမ်ပူပန်ပုံရတယ်။ ဒါ့အပြင် စစ်တပ်နဲ့ အရပ်ဘက် အာဏာနှစ်ခွ လွန်ဆွဲနေတဲ့ စစ်တပိုင်း ဒီမိုကရေစီက ဟိုဘက်ဒီဘက် နှစ်ဖက်စလုံးကို တရုတ်တို့ လည်သလို ကစားပြီး အမြတ်ထုတ်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ ပြီးတော့ အရပ်သားအစိုးရစစ်စစ် ဒီမိုကရေစီခေတ်ကို ရောက်ခဲ့ရင် မြန်မာနိုင်ငံတွင်း အမေရိကန်ဩဇာ ပိုကြီးလာမှာကို မလိုလားတာကြောင့်လည်း ပါပါမယ်။


ဒါပေမဲ့ တရုတ်ဖြစ်ချင်တဲ့ပုံစံကို စစ်အုပ်စုကလည်း မလုပ်ချင်သလို မြန်မာ့ဒီမိုကရေစီအင်အားစု အားလုံးရော မြန်မာပြည်သူတွေကပါ လုံးဝလက်မခံပါဘူး။ ဒီမိုကရေစီအင်အားစုတွေရဲ့ လိုအင်က အနိမ့်ဆုံးအဆင့် အာဆီယံမူ ၅ ရပ်ကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖော်ဆောင်ရေးနဲ့ တိုင်းပြည်တွင်း ဥပဒေမဲ့ လုပ်ရပ်တွေအတွက် မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေ တာဝန်ခံရေး ဖြစ်တယ်။


ဆိုတော့ မင်းအောင်လှိုင်အတွက် အကြပ်ရိုက်စရာချည်းပါပဲ။ ဒီကြားထဲ မေလ ၂၈ ရက်နေ့၊ သတင်းစာရှင်းလင်းပွဲမှာ ဘန်ကောက်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ Michael Heath က အာဆီယံအနေနဲ့ မြန်မာ့အရေးကို အမြန်ဆုံးအဖြေရှာဖို့ တိုက်တွန်းလိုက်တာကလည်း ပိုအကြပ်ရိုက်စရာပါ။


ဒါ့ကြောင့် အဲဒီအကြပ်ရိုက်စရာတွေကနေ နည်းနည်းဖြစ်ဖြစ် သက်သာရာရမလားဆိုပြီး ဒေါက်တာနိုလင်းဟေဇာကို မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပြုလိုက်တာလို့ နားလည်ရတယ်။ ဘာတွေ အမြတ်ထုတ်လို့ ရမလဲ၊ ဘယ်လို ရသလောက် အချိန်ဆွဲရမလဲ။ စစ်အုပ်စုက အဲဒီနှစ်ချက်ကို လုံ့လစိုက်လိမ့်မယ် ထင်တယ်။


ပြောရရင် စစ်အုပ်စုဟာ ခြေတလှမ်း ဆုတ်လိုက်ပုံရပါတယ်။ အလျှော့ပေး တထစ်လျှော့လိုက်တာတော့ မဟုတ်ပါဘူး။ ဒေါက်တာနိုလင်းဟေဇာနဲ့ တွေ့လိုက်ဆုံလိုက် ပုံပြင်တွေပြောလိုက်နဲ့ အာဆီယံမူ ၅ ရပ်ကို ဟိုလိုလိုဒီလိုလိုနဲ့ မျှောလို့ရမလားလို့ ကြိုးစားကြည့်ခြင်းသာ ဖြစ်ပါတယ်။


ထွန်းလင်း

DVB | 2 June, 2022

No comments:

Post a Comment