Monday, June 13, 2022

အသားစားတဲ့ကောင်ကိုအလုပ်ကြွေးပြုနေသူ

 တစ်နေ့မှာ သမင်တစ်ကောင်က တောထဲကို ဖြတ်လာရင်း သစ်ငုတ်တစ်ခုပေါ်မှာ ယုန်တစ်ကောင် မျက်စိမှိတ်ပြီး ထိုင်နေတာတွေ့ရတယ်။


“ကိုယုန် … ခင်ဗျား ဘာလုပ်နေတာလဲ” 

“တရားထိုင်နေတာပါကွာ”

 “တရားထိုင်တယ်ဆိုတာ ဘာလဲဗျာ”

 “ချမ်းသာ သုခရှာတာ”

 “ဘာတွေ ချမ်းသာသလဲ”

 “ဘာတွေ ချမ်းသာသလဲ သိချင်ရင် ငါနေတဲ့ ဂူထဲ သွားကြည့်လိုက်”


 သမင်က ဂူထဲဝင်သွားတယ်။ အသံတွေ ကြားလိုက်ရတယ်။ ပြန်ပြီး တိတ်ဆိတ်သွားတယ်။ အဲဒီအချိန်မှာ မြေခွေးတစ်ကောင် ရောက်လာပြန်တယ်။ “ယုန်ဆိုတဲ့ကောင် ဘာတွေ လုပ်နေသလဲ”

 “တရားထိုင်နေတယ်” 

“ဘာလဲကွ တရားထိုင်တယ်ဆိုတာ”

 “ချမ်းသာသုခရအောင်ပါ”

 “ချမ်းသာတော့ ဘာဖြစ်မှာလဲ”

 “သိချင်ရင် ဂူထဲသွားကြည့်လိုက်”


 ဂူထဲမှာ အသံတွေ ကြားလိုက်ရပြန်တယ်။ တိတ်ဆိတ်သွားတယ်။ ဒီလိုပဲ ယုန်ထိုင်နေတာကို လာမေးတဲ့သူတွေအများကြီး။ လာမေးတိုင်း တရားထိုင်တယ်ပြောတယ်။ လေးစားပြီး သူပြောတဲ့အတိုင်း ဂူထဲဝင်သွားရင် ပြန်မထွက်လာတော့ဘူး။ ဂူထဲမှာ ဘာတွေရှိသလဲ။ 


လိပ်တစ်ကောင် အရမ်းစိတ်ဝင်စားသွားတယ်။ ဒါကြောင့် ယုန်ကို မမေးဘဲ လိပ်က ဂူထဲကို သွားကြည့်တယ်။ ဂူထဲမှာ အရိုးတွေ တောင်လိုပုံနေတယ်။ အမှောင်ထဲကနေ ခြင်္သေ့တစ်ကောင်ထွက်လာတယ်။ 


လိပ်ကို ခုန်အုပ်ပြီး စားဖို့ပြင်တယ်။ လိပ်ကခေါင်းသွင်းလိုက်တော့ စားလို့မရတော့ဘူး။


 ခြင်္သေ့က “ဟေ့ကောင် ယုန်စုတ် … မင့် ငါ့ဆီကို ဘယ်လိုသတ္တဝါမျိုးပို့လိုက်တာလဲ … စားမရ … ဝါးမရတွေ မပို့နဲ့ကွာ” လို့ အော်ပြောလိုက်တယ်။ အချို့သော ကိစ္စတွေမှ အသားစားရဖို့ဆိုတာ အပြင်ထွက်ပြီး အမဲလိုက်စရာမလိုဘူး။ 


ယုန်လို တရားထိုင်ပြတဲ့ အကောင်တစ်ကောင် မွေးထားလိုက်ရင် ဂူထဲကို သားကောင်ရောက်တယ်။ ယုန်ဆိုတာကလည်း မြင်တာနဲ့ သနားစရာဆိုတော့ ယုန်မွေးစားတဲ့သူတွေ အများကြီး။ ဂူထဲမှာ အပုပ်နံ့တွေက တထောင်းထောင်းထနေတယ်။ ဒါကို ယုန်ပြောတာ ယုံပြီး ဝင်သွားတဲ့ကောင်တွေ ကလည်း အများကြီး။ ယုန်ဆိုတာ အသားမစားဘူး။


 ဒါပေမဲ့ အသားစားနေတဲ့ကောင်တွေကို အလုပ်အကျွေးပြုနေတဲ့ ယုန်တွေလည်း လောကမှာ အများကြီး။ ခက်တာက ဖြူဖြူစင်စင်နဲ့ တရားထိုင်ချင်ယောင်ဆောင်လိုက်ရင် သူတော်စင်လို့ထင်ကြတဲ့ တိရစ္ဆာန်လောကမှာ နောက် ကွယ်က ခြင်္သေ့တွေ ကောင်းစားနေတာလည်း အများကြီး။ 


တိရစ္ဆာန်လောကမှာ ဇာတ်တူသား စားချင်တဲသူတွေလည်း အများကြီး။ ဥပုသ်စောင့်ပြီး အသားရှာကျွေးနေတဲ့ သူတော်ယောင်တွေလည်း အများကြီး။ 

အများကြီးမှ … အများကြီး … 


Credit....







.....ဆရာဦးတင်ညွန်


Via Min Nya

No comments:

Post a Comment