Thursday, June 9, 2022

စစ်ကိုင်းကိုထိမ်းချုပ်ဖိုးစိတ်ကူးတောင်မယဉ်နဲ့လို့ ဗိုလ်နဂါးပြော


 စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး


ဧရာဝတီ , 9 June 2022

 

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းသည် တော်လှန်ရေးစုဖွဲ့မှုအင်အား အကောင်းဆုံးဒေသ ဖြစ်လာသည်နှင့်အမျှ စစ်ကောင်စီတပ်များကလည်း ပိုမို ဖိအားပေး ထိုးစစ်ဆင်လျက် ရှိသည်။


စစ်ကိုင်းတိုင်းတွင် ၂၀၂၂ ဇန်နဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီ တပ်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ရှိမည်ထင်သည့် ရွာတိုင်းကို မွှေနှောက် မီးရှို့ခြင်း၊ ဒေသခံ များ အား သတ်ဖြတ်ခြင်းတို့ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ၊ လူနေအိမ် အရေအတွက်နှင့် သတ်ဖြတ်ခံရမှုများမှာ နေ့စဉ် မြင့်တက်လာနေသည်။


ထိုသို့အခြေအနေတွင် စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် မည်သို့ တုံ့ပြန် ဆောင်ရွက် နေသည်ကို သိနိုင်ရန် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို ဦးဆောင်နေသည့် ဗိုလ်နဂါးနှင့် ဧရာဝတီ မှ ဆက်သွယ် မေးမြန်းထားပါသည်။


မေး ။ ။ ဒီလတွေထဲမှာ စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းက ရွာတွေကို တောက်လျှောက် မီးရှို့နေတာ တွေ့ရတယ်။ သူတို့က တရွာဝင်တရွာထွက် ရွာတိုင်းကို ရှို့နေတာမျိုးလား။


ဖြေ ။ ။ ဘုတလင်နယ်ထဲမှာဆိုရင် ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ခင်ကတည်းက ဆက်တိုက် ရှို့သွားနေတာ။ ၃ ရွာ ကို ရှို့ပြီးပြီဆိုလို့ သွားတိုက်တာ။ သူတို့ ရှို့ပြီးထွက်သွားချိန် ကျနော်တို့ ရောက်တော့ ရွာထဲကို ဝင်ကြည့်တဲ့အခါ သေတ္တာ တွေ၊ အိမ်တွေ အကုန်လုံး ရိုက်ခွဲဖွင့်ထားတာ။ လက်ဝတ်ရတနာထည့်တဲ့ ဘူးတွေကအစ။


ဒေသခံတွေက ကြောက်အားလန့်အားနဲ့ ပြေးရတော့ အားလုံး ယူမသွားနိုင်ဘူး ဒါကို စစ်ကောင်စီတပ်က စိတ်ကြိုက် မွှေနှောက်ပြီး အကုန်ယူပြီးမှ မီးရှို့သွားတာ။ သူခိုးတယောက်လို ခိုးကြောက်ခိုးဝှက် မဟုတ်ဘူး။ အုပ်စုလိုက်ကြီး လက်နက်ကိုင်ခိုးကြတာ။


ကျနော်တို့ ဖြတ်သွားရာ လမ်းတလျှောက်မှာ စိတ်ပျက် ဝမ်းနည်းစရာကောင်းလောက်အောင် ရွာပျက်ကြီးတွေ မြင် နေရတယ်။ ပြည်သူတွေက ကိုယ့်မြေလေးကိုယ် ခြစ်ခြစ်ကုတ်ကုတ် လုပ်စားပြီး နှစ်ရှည်လများ စုထားရတာတွေကို အချိန်တိုအတွင်း ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးပစ်တယ်။ ပြည်သူတွေက သွားစရာနေစရာ မရှိတော့ တောထဲတောင် ထဲပဲ နေကြရတယ်၊ အဆောက်အအုံ ကောင်း ကောင်းဆောက်လို့ မရဘူး။ ရွာတွေကို ရှို့လို့ တောထဲတဲလေးတွေနဲ့ နေကြရတော့လည်း သူတို့နဲ့ကြုံရင် မီးရှို့သွားတာပဲ။


ဘယ်နေရာမှ ပြည်သူတွေ အတည်တကျနေလို့မရဘူး။ စိတ်ပျက်စရာကောင်းတယ်။ မိုးကလည်း ကျလာပြီ။ ဒါကြောင့် ကျနော်တို့က တော်လှန်ရေးကို လောနေရတာ။


တာဝန်မသိတတ်တဲ့လူတွေက ဒီကိစ္စကို မျက်နှာလွှဲပြီးတော့ သူတို့ စီးပွားရေးပဲ အာရုံစိုက်နေနိုင်ပေမယ့် ဒီလူယုတ်မာ တွေရဲ့ လက်ချက်ကို ကွင်းကွင်းကွက်ကွက် မြင်ထားပြီးသား။ လိုင်းပေါ်မှာ တွေ့နေတာထက် ဆိုးတယ်။ ဒီလူယုတ်မာ တွေ အောက်မှာ ကျနော်တို့ တိုင်းပြည်ကို ကျနော်တို့ အသက်ရှင်လျက် မထားဘူး။ ရအောင်ကယ်မယ်။


မေး ။ ။ စစ်ကိုင်းတိုင်းထဲမှာ ဒီလို စစ်ကောင်စီ မီးရှို့မှုတွေကို တားဆီးဖို့ ဗိုလ်နဂါးတို့အဖွဲ့က အထူးအဖွဲ့ ဖွဲ့မယ်လို့လည်း ကြားသိထားရပါတယ်။ ဟုတ်ပါသလား။


ဖြေ ။ ။ ဟုတ်တယ်။ အကြမ်းဖျင်းတော့ အင်အား ၁၅၀ လောက် မှန်းထားတယ်။ တချို့ကို စစ်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေယူဖို့ လွှတ်ထားတယ်။ မြေပြင်အတွေ့အကြုံ အားကောင်းတဲ့သူတွေကို အထူးလေ့ကျင့်နေတာတွေ လည်း ရှိတယ်။ ခန့်မှန်းတာတော့ ၁၅၀ လောက် တပ်ချင်တာ။ ဒါပေမဲ့ ငွေကြေးက လူ ၁၀၀ ကို ဒေါ်လာ ၄ သိန်းကျော် လောက် ကျနေတော့ နိုင်သလောက်နဲ့ပဲ လုပ်လိုက်ရတာပေါ့ဗျာ။


အဲဒါကို ကျနော် ၂ ပတ်အတွင်း ရှာရမယ်။ ဒေါ်လာ ၂ သိန်းခွဲက အရေးပေါ် လိုအပ်နေတယ်။ လောလောဆယ်က ၂ သိန်း နီးနီးလောက် ရှိတယ်။ လက်နက်ကတော့ရပြီဆိုပါတော့။ ငွေပြည့်စုံရင် ငွေချေဖို့ပဲ ရှိတော့တာ။ အထူး တပ်ဖွဲ့ တွေက လက်နက်တင်မကဘူး ယူနီဖောင်းဝယ်ပေးမယ်။ တခြားလိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ စီစဉ်ပေးမယ်။


အရေးကြုံရင် ကြုံသလို အထူးတပ်ဖွဲ့တွေ အနေနဲ့ လေ့ကျင့်ပြီးသင်တန်းက လွှတ်လိုက်တာနဲ့ သူတို့တွေက ပြည်သူ့ အတွက် တိုက်ပွဲကြားမှာပဲ ဖြတ်သန်းရမယ်ဆိုတာ အသိပေးထားပြီး သူတို့ နှလုံးသားထဲ ရိုက်သွင်းထားပြီးသား ဖြစ် တယ် အဲ့တော့ ပြည်သူကို ကာကွယ်ဖို့ ကြုံရာကျရာ ထမ်းဆောင်ရမယ်။ ကျနော့်အနေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ တိုင်ပင်ပြီးတော့ လိုအပ်ရင်လွှတ်မယ်။


အကူညီလိုလို့ တောင်းတယ်ဆိုရင်လည်း လက်လှမ်းမီသလောက် အဲဒီအဖွဲ့က သွားတိုက်မယ်။ ဒီအဖွဲ့က အင်အား အနေနဲ့လည်း ရပ်တန့်နေမှာ မဟုတ်ဘူး။ လုပ်ငန်းအနေနဲ့ ရပ်တန့်နေမှာ မဟုတ်ဘူး။ ရှေ့တိုးနိုင်သလောက် တိုးမယ်။ ကျနော် ခြေလှမ်းလှမ်းနေနိုင်သရွေ့ အဲဒါက အကန့်အသတ် မရှိဘူး။ အားလုံးအတွက်ပါ။


မေး ။ ။ လက်နက် အခက်အခဲနဲ့ လက်နက်ရရှိမှုက ဘယ်လောက် အရေးကြီးသလဲ။


ဖြေ ။ ။ လက်နက် အခက်အခဲက အဖွဲ့တိုင်းမှာ ရှိနေတယ်။ ဒီနေရာမှာ အတ္တဆန်တာတော့ မဟုတ်ဘူး။ ကျနော်က တော့ အဖွဲ့လေးတွေကို တတ်နိုင်သမျှ သိန်း ၁၀၊ ၂၀၊ ၃၀ ခွဲ ခွဲပြီးတော့ လှူပေးတယ်။ လက်နက်ရရှိမှုကိုတော့ ကျနော် အဖွဲ့ကို ဇောင်းပေးကြိုးစားတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီက တောင်းပေးရမှာဆိုရင် အားလုံးကို လက်နက်တပ်ဆင်ပေးဖို့ အော်ခဲ့ဖူး တယ်။ ကျနော်ကတော့ အင်အားကိုလည်း ရသလောက် ချဲ့ထွင်တယ်။ လက်နက်ကိုလည်း အဆင်ပြေသလောက် တပ်ဆင်ပေးတယ်။ အဖွဲ့တိုင်းကတော့ လက်နက် လိုအပ်နေကြတာပါပဲ။ အဲဒီတော့ နီးစပ်ရာနီးစပ်ရာ ဝိုင်းကူပေးကြပါ။ ကျနော်တို့လည်း တတ်နိုင်သမျှ ရှာနေပါတယ်။


လက်နက် အခက်အခဲက တော်တော်ရှိတယ်။ အခု တူမီးကနေ မောင်းပြန် ကိုင်နိုင်ပြီ။ ဒါကလည်း ပြည်သူတွေ လှူ တဲ့ငွေနဲ့ တပ်ပေးထားတာနဲ့အမျှ တန်အောင်လည်း မြို့နယ်တော်တော် များများမှာ ကျနော့်အဖွဲ့တွေ အလုပ် လုပ် နေပါတယ်။ မြို့နယ်ခြားတွေကနေ ကျနော်တို့အဖွဲ့ကို ဝင်လာတာတွေလည်း ရှိတယ်။ အင်အား များလာတာနဲ့အမျှ အခက်အခဲတွေ အများကြီး ရှိတယ်။ တော်လှန်ရေးက မပြီးသေးဘူး။ မပြီးသေးတော့ လက်နက်ကိုင် တိုက်နေရဦးမယ့် အချိန်မှာ လက်နက်မပါဘဲနဲ့ တော်လှန်ရေးက ခရီးမပေါက်နိုင်ဘူး။


မေး ။ ။ NUG နဲ့ လက်နက်ထောက်ပံ့မှု ဆွေးနွေးတာကရော ဘယ်အဆင့်အထိ ရောက်သွားပြီလဲ။


ဖြေ ။ ။ သူတို့ကလည်း အဆင်ပြေအောင် လုပ်ပေးပါမယ်လို့ ပြောထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပေးဖို့ရာ မျှော် လင့်နေဆဲပါ။ ပေးမယ်လို့လည်း ထင်ပါတယ်။ ကျနော်တို့က NUG မပါခင်ကတည်းက ဒီတော်လှန်ရေးကို လုပ်နေတာ နောက် NUG ကို ကိုယ့်အစိုးရလို့ သဘောထားပြီး ပူးပေါင်းလုပ်ဆောင်တယ်။ NUG က ကျနော်တို့ ခေါင်းဆောင် ဖြစ် နေပြီ။ သူတို့က ဒါကို တာဝန်ယူပြီး လုပ်နေတာဖြစ်တော့ ကျနော်တို့ရဲ့ တပ်ရင်း ၄ ရင်းကို တင်ပြထားတယ်။


ထုံးစံအရ သူတို့ရဲ့ တပ်ရင်းတွေ ဖြစ်သွားပြီဆိုရင် သူတို့ တာဝန်ယူရတော့မယ်။ အဲဒီ ၄ ရင်းစာလုံး မတတ်နိုင်ဘူး။ ဒါကို ကျနော်တို့က တော်လှန်ရေး အစကတည်းက လမ်းဖောက်ခဲ့တယ်၊ အခုထိလည်း လုပ်နေတာဆိုတော့ ကျနော်တို့ နောက်က လူတွေတောင် ရနေပြီဆိုတော့ ကျနော်တို့လည်း ရချင်တယ်။


ကျနော့်မှာ အလှူငွေ တွေနဲ့ လက်နက်ဝယ်တာတွေ ရှိနေပေမယ့်လည်း အင်အားက တော်တော်များများကို ဖြန့် ကျက်ပြီးတော့ အလုပ်လုပ်နေတာ။ ကျနော်တို့က အသိအမှတ်ပြု လက်တွဲပေးထားမှတော့ MOD အနေနဲ့ တင်ထားတဲ့ ၄ ရင်း မဟုတ်တောင်မှ တပ်ရင်း ၁ ရင်းစာ တပ်ဆင်ပေးသင့်တယ်။ အဲဒါကို တောင်းဆိုထားပါတယ်။ ကျနော်တို့ စောင့်ကြည့်နေပါတယ်။


မေး ။ ။ လက်ရှိမှာ တိုက်ပွဲတွေ အခြေအနေကရော ဘယ်လို ရှိပါသလဲ။


ဖြေ ။ ။ ကနီဘက် တိုက်ပွဲ အခြေအနေကတော့ မေ ၂၀ လောက်ကတည်းက ဖြစ်နေတာ။ မြစ်ကြောင်းက ဆင်း လာမယ့် ကျောက်စိမ်း သင်္ဘောတွေအတွက် ဒီဘက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ လွှတ်တယ်။ ကျနော်တို့ ဘက်ကလည်း တပ်ဖွဲ့တခု လွှတ်ထားပြီးတော့ တန်ပြန် ပြောက်ကျားထိုးစစ် ဆင်နေတယ်။ နောက်တဖွဲ့ အင်အား ထပ် တိုးပြီးတော့လည်း လွှတ်ပြီးပြီ။ ကနီကနေ ဘုတလင်ဘက်ကမ်းမှာ အိမ်တွေ မီးရှို့နေတယ်ဆိုတော့ သွားတိုက်သေး တယ်။ ကနီ-မင်းကင်းအဆက်ထိ သင်္ဘောတွေ ဆင်းလာတဲ့အချိန်မှာ တိုက်ပွဲ ဖြစ်ခဲ့သေးတယ်။ ပုလဲ မှာလည်း ထိတွေ့ တိုက်ပွဲတွေ ဖြစ်တယ်။


မေး ။ ။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်က ဘယ်မြို့နယ်တွေကို ပိုဖိနေလဲ။


ဖြေ ။ ။ ဒီမိုးတွင်းမှာ စစ်ကိုင်းရဲ့ မြေပြန့်ဒေသတွေကို ပိုပစ်မှတ်ထားလာတယ်လို့ ယူဆတယ်။ ကနီ၊ ယင်းမာပင်၊ ပုလဲ အဲဒီလိုနေရာတွေ မြောင်၊ ချောင်ဦး စတဲ့ နေရာတွေလည်းပါတယ်။ ဒီပဲယင်း၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည် ဘက် တွေရော တိုက်ပွဲ ဖြစ်နေတယ်။

ဒါပေမဲ့ သူတို့ မြေပြန့်ဒေသတွေကိုတော့ ပိုအားစိုက်တယ်။ တိုက်ပွဲမှာတော့ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေက ပြည်သူကြားကနေ ထွက်လာတဲ့လူဆိုတော့ တိုက်ပွဲရဲ့ အနေအထားက အားသာတယ်။ ကိုယ့်နယ်မြေ ကိုယ်ဆိုတော့ ပိုင်တယ်။ သတင်းဦးတယ်။ ကျနော်တို့က ပြောက်ကျားအစစ်။


ကျူးကျော်လာတဲ့ ရန်သူကို ချောင်းမြောင်း တိုက်ခိုက် ရတာမျိုးဆိုတော့ ကျနော်တို့က အသာစီးရတယ်။ အထိအခိုက် မရှိတာတော့ မဟုတ်ဘူး။ နည်းနည်းပဲ ရှိတယ်ပေါ့။


ရန်သူကတော့ ထုံးစံအတိုင်းပေါ့။ စစ်တိုက်လို့မနိုင်ရင် ပြည်သူတွေကို ဒုက္ခပေးတာပဲ။ ပြည်သူတွေကတော့ အထိနာ တာပေါ့။ ဒါပေမဲ့ ဒါက မလုပ်လို့ မရတဲ့ တော်လှန်ရေး။ ပြည်သူတွေကို ဒုက္ခပေးမှာကြောက်လို့ ကျနော်တို့က မတိုက် ပြန်ရင်လည်း သူတို့က တတိုင်းပြည်လုံးကို သူတို့အလိုကျ လက်ဝါးကြီး အုပ်ကြတော့မှာ။ ဒီအထိနာမှုတွေကို ကြည့်ပြီး လက်တွန့်နေလို့ မရတော့ဘူး။ ကျနော်တို့က သေပြီးသားဘဝ ဖြစ်နေပြီ။ ဒီတော်လှန်ရေးပြီးရင် ပြန်လည်ရှင်သန်ဖို့ပဲ ရှိတော့တယ်။ တိုက်ပွဲမှာတော့ ကျနော်တို့ အသာစီးရတယ်။ မဆီမဆိုင် မီးရှို့ဖျက်ဆီးတာတွေကြောင့် ပြည်သူတွေ ကတော့ အထိနာကြတယ်။


မေး ။ ။ အခု စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ အသုံးပြုနေတဲ့ နည်းဗျူဟာ၊ မဟာဗျူတွေအပေါ်မှာ ဘယ်လို သုံးသပ် ချင်ပါသလဲ။ အခု တောက်လျှောက် ထိုးစစ်ဆင်နေတဲ့အချိန်မှာ စစ်ကိုင်းကို ဘယ်အတိုင်းအတာအထိ စစ်ကောင်စီက ထိန်းချုပ်သွားတာမျိုး ရှိန်ိုင်လဲ။


ဖြေ ။ ။ သူတို့ ဗျူဟာကတော့ အောက်တန်းအကျဆုံးအဆင့်ကို ရောက်ရှိသွားပြီ။ လက်နက်အကောင်းတွေ ကိုင် တယ်။ တင့်ကား၊ လက်နက်ကြီး၊ အမြောက်တွေ သုံးတယ်။ ဒါလည်း မနိုင်ဘူး။ မနိုင်ရင် ရွာတွေကို မီးရှို့တယ်။ အဲဒါက သူတို့ရဲ့ ဗျူဟာပဲ။ သူတို့ ဗျူဟာကတော့ ကမ္ဘာမှာ အောက်တန်းအကျဆုံး ဇီးရိုးအောက်ကနေ အနုတ်တောင်ပြနေတဲ့ ဗျူဟာလို့ပဲ သတ်မှတ်တယ်။


သူတို့ စစ်ကိုင်းကို မပြောနဲ့ မြန်မာတပြည်လုံး ထိန်းချုပ်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်မှာ တောင်မှ ပေါက်ကွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိနေတယ်။ လောလောဆယ် အင်အား အဆမတန်သုံးနေလို့၊ အရက်စက်ဆုံး အလုပ်တွေ လုပ်နေလို့ ခဏလေး ငြိမ်သွားတာပဲ ရှိလိမ့်မယ်။


ဘယ်နေရာကိုမှ သူတို့ မထိန်းချုပ်နိုင်သေးဘူး။ သူတို့ စခန်းအတွင်းတောင် သူတို့ မထိန်းချုပ်နိုင်သေးဘူး။ စစ်ကိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး။ ကျနော်တို့ အလုံးစုံ မရသေးဘူး ဆိုရင်တောင် သူတို့ နည်း နည်းမှ မရစေရဘူး။ စစ်ကိုင်းဆိုတာ တော်လှန်ရေးကို ရွပ်ရွပ်ချွံချွံ လုပ်နေတဲ့ နေရာတိုင်းက လူပီသတဲ့လူတွေ စုနေ ကြတာဗျ။ လူ့ဗာလတွေနေတဲ့ မြို့တွေသာ ထိုက်သင့်အားလျော်စွာ သူတို့ ထိန်းချုပ်လို့ ရချင်ရလိမ့်မယ်။ ပြတ်သားတဲ့ တော်လှန်ရေးသမားတွေ ရှိနေတဲ့ နေရာမျိုးမှာတော့ သူတို့ ထိန်းချုပ်လို့ မရဘူး။


မေး ။ ။ မကြာမီ မိုးကျတော့မယ်ဆိုတော့ မိုးကျလာရင် စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေကရော ဘယ်လို ဖြစ်လာနိုင်လဲ။


ဖြေ ။ ။ ရှင်းရှင်းပြောရရင် စစ်ရေးအခြေအနေက ကျနော်တို့ ပြည်သူလူထုအတွက် အားတက်စရာပေါ့။ ကျနော်တို့ မြေပြင်တော်လှန်ရေးသမားတွေအတွက် အသာစီးဘက် ရောက်လာတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးလေကျတဲ့ အချိန်က သူတို့အတွက် လေကြောင်းကူဖို့ မလွယ်တဲ့အချိန်။ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ နေရာတွေကလွဲရင် သူတို့ အနေနဲ့ ထိုးဖောက်ဝင်ရောက်လို့ မလွယ်တဲ့အချိန်။


အဲဒီလိုအချိန်မှာ ဒီဘက်ကို စခန်းအခြေစိုက်လေးတွေ လုပ်ထားရင်လည်း သူတို့လူတွေ သေဖို့ရာ လွှတ်ပေး ထားတာမျိုးပဲ ဖြစ်လိမ့်မယ်။ မလွဲမသွေ မိုးတွင်းရောက်လာရင်တော့ သူတို့ နောက်ကို ပြန်ဆုတ်ရမယ်။ မဆုတ် ရင်လည်း သူတို့ အသေခံဖို့ ပို့ထားတာနဲ့ အတူတူပဲ။ မိုးတွင်းကတော့ ကျနော်တို့ မျှော်လင့်နေတဲ့ကာလလို့ ပြောရမှာပဲ။

.

ဧရာဝတီ , 9 June 2022

No comments:

Post a Comment