Saturday, June 4, 2022

အကြမ်းဖက်စစ်တပ်ဖမ်းထားတဲ့ ဗိုလ်နဲ့တပ်ကြပ်ကြီးကိုပြန်မလွှတ်ပေးရင် ရွာနှစ်ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ဟုခြိမ်း‌ခြောက်


 ◼ ကျေးရွာဘက်ကို လက်နက်ကြီး အချက်(၅၀)ကျော်ခန့်ပစ်ခတ်၊ အသက်(၇၀)အရွယ် အမျိုးသားတဦးထိခိုက်ဒဏ်ရာရ


ဇွန်(၅)ရက် ||| နွေဦးအသံ |||


ကရင်အမျိုးသားအစည်းအရုံး(KNU) ကဖမ်းထားတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဗိုလ်ကြီး တဦးနဲ့ တပ်ကြပ်တဦးတို့ကို ပြန်မလွှတ်ပေးရင် သထုံမြို့နယ်ရှိ ထုံးဘိုကြီး နဲ့ ထုံးဘိုလေး ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ စစ်အုပ်စုရဲ့ ခမရ(၉) တပ်ရင်းမှူးက ခြိမ်းခြောက်လာတယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ (၁) ရက်က ခမရ(၉) ဝီယော်စခန်းက ဗိုလ်ကြီးကျော်ဇင်ထက်နဲ့ တပ်ကြပ်ကြီး နိုင်ဦးတို့ နှစ်ဦးက ထုံးဘိုကြီးကျေးရွာထဲကို ဆိုင်ကယ်နဲ့လာရောက် သတင်းထောက်လှမ်းချိန်မှာ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပြီး အဲ့ဒီ့တပ်ဖွဲ့ဝင် နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ စစ်အုပ်စုရဲ့ ခမရ(၉)တပ်ရင်းမှူးက ရွာလူကြီးက တဆင့် ပြောဆိုလာတာပါ။


ဇွန်လ (၂) ရက်မှာလည်း ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီ စခန်းတွေကို ရိက္ခာပို့လာတဲ့ စစ်အုပ်စုတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိနာလို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။


အဲဒီနောက် စစ်ကောင်စီရဲ့ ခမရ(၉)စခန်းကနေ ထုံးဘိုလေးနဲ့ ထုံးဘိုကြီးကျေးရွာဘက်ကို လက်နက်ကြီး နဲ့ အချက် (၅၀)ကျော် ဆက်တိုက်ပစ်ခတ်ခဲ့လို့ အသက် (၇၀) အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် လူနေအိမ် (၂)လုံး ပျက်စီးခဲ့ပြီး အိမ်မွေးဝက် (၁)ကောင် သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထုံးဘိုလေးကျေးရွာနဲ့ ထုံးဘိုကြီးကျေးရွာက ဒေသခံ ရွာသူရွာသားတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။


©ကျော်ဇေယျ

#thevoiceofspring

No comments:

Post a Comment