Sunday, June 12, 2022

ပြည်သူကိုရန်သူလို့သဘောထားတော့ ဒုက္ခကောင်းကောင်းတွေ့ပြီ


 စစ်တုရင်စကားနဲ့ပြောရင်တော့ဗျူဟာခင်းပြီးပြီပေါ့။


အကွက်တွေ စိပ်လာပြီ။

အမြန်ရွှေ့ကွက်တွေလာပြီပေါ့။NUG ကလည်းစစ်ရေးမြှင့်တင်မယ်လို့ပြောထားတယ်။

ချောင်ပိတ်သွားတဲ့စစ်အုပ်စုကထွက်ပေါက်ကိုဘယ်လိုရှာမလဲ။

ဘယ်လိုချောင်ပိတ်မိတာလဲ


ယူအက်စ်သံတမန်ထပ်ရောက်လာတယ်

တွေ့စရာရှိသွက်သွက်တွေ့၊

ထုတ်ပြန်စရာရှိ၊မြန်မြန်ထုတ်ပြန်တယ်။


အာဆီယံ+အိန္ဒိယမှာ တက်ရနိုးနိုး

စကစရဲ့နောက်ဆုံးမျော်လင့်ချက်လည်း

အိုးမည်းအသုတ်ခံရ။ဟိုကအမြန်ထုတ်ပြန်တယ်။စစ်ကောင်စီတက်ခွင့်မရှိဘူးဒါပါပဲ။အဲဒီတော့ သံတမန်ရေးမှာသူတို့ကိုဘယ်သူ လက်ခံသလဲ


လတ်လတ်ဆတ်ဆတ်လူမွဲစာရင်းဝင်ဒေဝါလီခံသီရိင်္လကာနိုင်ငံကသာခန့်အပ်လွှာလာပေးတာပြရပုံ။ခုနေသီရိင်္လကာနဲ့ပေါင်းရင်တော့တပြားမရတဲ့အပြင်ဝိုင်းလျော်ရမည့်ကိန်းပဲရှိ။


လူထုတော်လှန်ရေးဘက်ကတော့ နွေဦးတော်လှန်ရေးဟာကမ္ဘာသင်ရိုး တကယ်ဖြစ်လာတယ်။သံအမတ်ဦးကျော်မိုးထွန်းလုပ်သလိုပဲ

ရုရှားသံအမတ်လိုက်လုပ်ခဲ့ရတာကိုး။မကြာသေးမီကတွေ့ခဲ့ကြမှာပါ။


စီးပွါးရေးမှာလဲစက်မှုကုန်ကြမ်းတွေအပါအဝင်လောင်စာဆီအဆုံး၊ဆိပ်ကမ်းရောက်မှငွေချေရမယ့်စနစ်တဲ့။ဒါတော့စစ်အုပ်စုရဲ့

ဒေါ်လာတရွက်မှအပဲ့မခံ အနေအထားကြောင့်သာ။

ဒါကြောင့်လည်းလျပ်စစ်မီးတွေဂဒီးဂဒီးပြတ် ၊လျှပ်စစ်ပစ္စည်းတွေအကုန်ပျက်ဆီးတာတွေကြုံရတာပဲ။


စာရင်းချုပ်တော့ဘာရသလဲ 

ဒီခေတ်ဘဏ္ဍာရေးမှာအတွက်အချက်

အကောင်းဆုံးတွေဖြစ်တဲ့ကမ္ဘာ့ဘဏ်လိုအဖွဲ့

အစည်းမျိုးကတောင်”မြန်မာ့စီးပွါးရေးကို 

တွက်ချက်ခြင်းငှါမစွမ်းသာတော့ဘူး ၊

ဒါကြောင့်အလားအလာသုံးသပ်ချက်လည်းဘယ်လိုမှရေးလို့မရဘူး “လို့

ညည်းတွားဝန်ခံပြီး မြန်မာတနိုင်ငံထဲ ထူးကဲ

ချန်လှပ်ထားခံ ဘဝ ရောက်ခဲ့ပါပြီ။


စစ်ရေးမှာ တိုင်းရင်းသားတွေကစခန်းတွေပါ

သိမ်းပြတယ်။ စကစတပ်မှူးတွေကို ရာဇသံ

ပြတ်ပြတ်ပေးတယ်။စကစ အသံတိတ်

ဇာတ်ကားရိုက်သွားရ။


NUGကာ/ဝန် ကလက်နက်လှမ်းတောင်း၊

သမ္မတနဲ့ ဝန်ကြီးချုပ် မြေပြင်မှာရပ်ပြ၊

ပီဒီအက်ဖ်တွေကရှေ့တိုးပြလိုက်တယ်။

စစ်တပ် ဘာလုပ်သလဲ

မယှဉ်နိုင်တော့တဲ့အဆုံး ထုံးစံအတိုင်းရွာကိုမီးတင်ရှို့တယ်။ ဝမ်းစာစပါး၊မျိုးစပါးတွေပါအားလုံးကုန်ပဲ။ဒါ သူတို့ကိုယ်တိုင်လည်းပျက်ဆီးကြောင်းပြုမိအမှားကိုစစ်အုပ်စုမသိရှာဘူး။ 


လူကောအလွတ်ပေးလားဆိုတော့မလွတ်ပါ။

ဆိုင်ကယ်သော့ မပေးမှုနဲ့ ရွာသားတွေကို ထပြေးခိုင်းပြီး နောက်ကနေသေနတ်တွေနဲ့

စိမ်ပြေနပြေပစ်တယ် ။တကယ့်ကမ္ဘာကျော်

Killing Field ဖြစ်ရပ်မှန်ဇာတ်ကားကိုသတိရ

စရာပဲ ၊ ဘာကြောင့်ကမ္ဘာ့မှတ်တမ်းဝင်ရိုင်းစိုင်းကြမ်းကြုတ်မှုကိုကျူးလွန်သလဲ။


ကြောက်စေချင်လို့ပေါ့ အကြောက်တရားနဲ့အညံ့ခံအောင်ပေါ့


ပြည်သူ့မေတ္ထာ မရတဲ့လူတွေဟာ အကြောက်တရားတခုထဲပဲစဉ်းစားတတ်တော့တယ်။

ကိုယ်တိုင်က ကြောက်ဖို့ပဲသိသလို သူတပါးကိုလည်းကြောက်စေချင်တာပဲသိတယ်။


ဉာဏ်ပညာ မသိဘူး ချစ်ခြင်းမေတ္တာ တန်ဖိုးကိုလက်မခံဘူး ။


အခုလူတွေရဲ့စားရေးနေရေးတွေကိုမီးရှို့

လိုက်တော့ပြည်သူလူထုကဘယ်လိုတုံ့ပြန်သလဲ။ အိုစာမင်းစာ လက်ဝတ်ရတနာတွေထုတ်ပေးလှူတော့တာပေါ့


“ပြည်သူကိုရန်သူလုပ်မိတာဟာဒီစစ်အုပ်စုရဲ့အမှားတကာအမှားထဲမှာအဆိုးဆုံးအမှားပဲ”


နွေဦးတော်လှန်ရေးမှာက 

ချစ်မေတ္တာနဲ့ဉာဏ်ပညာ ဦးစီးတာ။


အညာသူအမေအိုကြီးတွေကသူတို့နားကပ်ကိုချွတ်ပြီး သူတို့သားတွေလက်ကိုအပ်တယ်ဆိုတာအဲဒါသေနတ်အဖြစ်ပြောင်းပြီးတော့အမေတို့ကိုကာကွယ်ပေးပါဆိုတဲ့စကားပဲ။

ဒါကစစ်အုပ်စုကြောင့်ဖြစ်လာတာ စစ်အုပ်စုရဲ့ဒီအမှားဟာဒီပွဲရှုံးဖို့အကြီးဆုံးအမှားပဲ။


NUG ရဲ့ထိန်းချုပ်နယ်မြေကကျောင်းဖွင့်ပွဲတွေကိုကြည့်ပါကွင်းလုံးပြည့်၊ဝန်းလုံးပြည့်။ပန်းပွါးအကတွေနဲ့ပါ။ကျကျနနပွဲခံပြီးတော့ကျောင်းတွေဖွင့်ထားတာ။ဒီလိုပဲမုံရွာ ယာကြီး ကလေးဝအဝေးပြေးလမ်းပေါ်လည်းပြည်သူတွေကသိမ်းပိုက်လိုက်ပြီးတော့

အောင်ပွဲခံဆန္ဒပြပွဲတွေသရုပ်ပြပွဲတွေလုပ်ကြတာပေါ့။

   စစ်ရေးမှာတော့အရပ်ရှစ်မျက်နှာစကစဘယ်သွားသွားတိုက်ပွဲချည်းပဲ ပွဲတိုင်းမှာလည်းရှုံးပါရစေဆိုတဲ့ဆုတောင်းတွေပြည့်နေတယ်။


တကယ်တော့သူတို့စစ်သားတွေကိုယ်၌က

ကျင့်သားရစစ်သားတွေမဟုတ်တော့ဘူးလေ။ပညာသည်အုပ်စုဝင်တပ်ကြပ်ကြီးတွေပြီးတော့သက်ကြီးရွယ်အိုတွေ၊လူပြည့်ရင်ပြီးရောထည့်ပေးလိုက်ရတာကိုး။


တခါရဲနဲ့စစ်သားကိစ္စတွေ၊အဲဒါတွေကရန်ပွဲများမဟုတ်ဘူးနော်၊တကယ့်အတွင်းသရုပ်တွေ။ကြီးနိုင်ငယ်ညှဉ်းခံစားချက်တွေကိုတွေ့ရလိမ့်မယ်။အဲဒီငယ်နိုင်ဆိုတဲ့ဓလေ့ဆိုးက ပြုသူရောအပြုခံရသူပါ အရှက်သိက္ခာမဲ့ရတဲ့ကိစ္စတွေ။ဖွဲမီးလိုလှိုက်လောင်နေတာ၊


အခုနောက်ဆုံးတပ်ထဲတင်ကိုယ့်စစ်သားကိုယ် တန်းစီခိုင်းပြီးပစ်တယ်ဆိုတာဘာကိုပြနေတာပါလဲ။


စစ်သားဆယ်ဂဏန်းချီ၊တန်းစီပြီးတော့ပစ်တာတပ်ထဲကအခြေအနေအမှန်ကိုပြနေတာ။ဘယ်လိုမှဖုံးကွယ်ပေးလို့မရဘူး

ဘာလဲ ၊တပ်ထဲမှာဘာမဆိုအချိန်မရွေးဖြစ်သွားနိုင်တယ် ဆိုတာပြသွားတာ။


တကယ်လို့

နွေဦးတော်လှန်ရေးသာမရှိခဲ့ရင်

ဒီနေ့ဒီအခြေအနေတွေမရှိခဲ့ရင်

အခုလိုသူ့စစ်သားသူ ဆယ်ယောက်ကိုတန်းစီပြီးတော့ပစ်သတ်ပြီးထွက်လာတာမျိုးရှိမလား

စဉ်းစားမိမှာတောင်မဟုတ်။ဒါမျိုးတွေဘယ်တော့မှမရှိခဲ့ပါဘူး


ဒါကဘာလဲ 

နွေဦးတော်လှန်ရေးရဲ့လှိုင်းတံပိုးတွေ၊

စစ်တပ်အပေါ်မှာသွားပြီးတော့သက်ရောက်မှုကြီးဖြစ်နေတာ။အက်ကြောင်းတွေဖြစ်နေတာထိုးနှက်ချက်တွေဖြစ်နေတာ မကျေမချမ်း အကြိတ်အခဲတွေက အခွင့်ကြုံတာနဲ့ပေါက်ကွဲထွက်ဖို့ ချောင်းမြောင်းနေတာကို ညွှန်ပြပါတယ်


တပ်ကစွန့်ခွါချင်တာတွေအများကြီး။

ဒီလိုပဲမိသားစုအလိုက်ခြိမ်းခြောက်ထားလို့၊အဲဒီတော့သူတို့ကရေရှည်မှာဘယ်လိုမှမရတော့ဘူးတကယ်ပြေးပြီ ပျက်ပြိုပြီဆိုထိန်းလို့ရတော့မှာမဟုတ်ပါ။


ပြည်သူတွေရက်ပေါင်းများစွာ

အချက်ပေါင်းများစွာခုတ်လာတဲ့ ဒီစစ်တပ်၊

ဒီအပင်ကြီးကိုဆက်ပြီးတော့သူတို့အခုတ်မခံ

နိုင်တော့ဘူး။ထပ်ခုတ်တာနဲ့ပြိုလဲတော့မှာ။ဒါကြောင့်ရပ်ခိုင်းတာ၊ဒါကြောင့်နိုင်ငံရေး

ဘက်ကိုပြန်လှည့်လာတာ၊ထွက်ပေါက်ရှာတာ၊

ကြည့်သောသူမြင်ပြီးသား။


ဘက်ပေါင်းစုံပိတ်မိသွားတော့ ထွက်ပေါက်ရှာပါတယ် နိုင်ငံရေးအင်အားစုတွေဘက် 

မျက်စပစ် ။ပီဒီအက်ဖ်ကို လက်နက်အပ်နှံကြိုဆိုရန် ကမ်းတော့တာ။

အဲဒါကြောင့်ပြောတယ်၊အရင်ကတည်းက

အမှတ်နဲ့ကစားတုန်းကနိုင်ပြီးသားပါဆိုတာကိုသူကခုအမှတ်နဲ့ပြန်ကစားဖို့စကားစ လုပ်ပြတာ


ဘယ့်နှယ် အလဲထိုးနေတာ အလဲထိုးနေတာ

ဆက်တိုက်ထိုးပြရမှာ 

သူ့တိုကတော့

မကြာခင် သူနဲ့တွေ့ဆွေးနွေးမည့်နိုင်ငံရေးအင်အားစုတွေပါဆိုကာ တဖွဲ့ပြီးတဖွဲ့အလံရှုးတွေပွဲထုတ်ဖို့ကြံဦးမှာ။


နောက်တကြိမ်ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာ ပြည်သူလက်ခံမည့်မက်လုံးမဟုတ်၊

ပြည်သူ့အဆုံးအဖြတ်ဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်ကို ကိုယ်ရှုံးတိုင်းလက်မခံ ငြင်းပါယ်ခဲ့သူက ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတာ ဘယ်ပြည်သူက ထပ်အရူးလုပ်ခံမလဲ မီးလောင်တိုက်သွင်းခံလိုက်ရတဲ့ဘဝများစွာကို တရားခံကတစ်ကပြန်စမယ်လို့နားချ ရရိုးလား


ဒီမြေမှာ လူမျိုးဒေသအလိုက်ရဲရင့်ကြ

ပြောင်မြောက်ကြသူတွေရှိပါရဲ့ ၊ဒါပေမယ့်

သည်းခံစွမ်းကုန်လို့အညာသူအညာသားများက 

 “ကဲ မထူးတော့ပါဘူး “ ဆိုလို့ကတော့ 

ထူးပြီသာမှတ်ပေရော့။


မီးတိုက်ခံဘဝ ပြာပုံထဲကကြုံးထလာတဲ့

အညာသူနှမ/အစ်မများရဲ့

လက်ဝတ်လက်စားတွေ

ပြီးတော့အခု 

အမေအို ပြတ်သားစိတ်နဲ့ဖြုတ်ပေးလိုက်တဲ့

နားကပ်များမှာ 

သနပ်ခါးခြောက်တွေကပ်နေသေးတာ 

စိတ်လှုပ်ရှားဖွယ်တွေ့လိုက်ပါတယ်


အဲဒီနားကပ်ပေါ်က

အညာသနပ်ခါးခြောက်ဖတ်ကလေးတွေဟာ

မြန်မာပြည်သူတွေရဲ့အဆုံးအဖြတ်ပါ

ပြတ်သားတဲ့စကား ပြောသွားတာပါ


နားပေါက်ဟောင်းလောင်းနဲ့စိုက်ကြည့်နေမယ့်အမေအိုမြင်သွားအောင်

သားများက စစ်အာဏာရှင်အပင်ကို

အပြိုအလဲဆက်ခုတ်ပြကြမယ့်ပွဲပါ ။


#မင်းကိုနိုင်

12-06-2022

No comments:

Post a Comment