Tuesday, April 26, 2022

ပြည်သူ့အောင်ပွဲကသေချာနေပြီ

 #ပြည်သူ့အောင်ပွဲက_သေချာတယ်


ဧပြီလ ၂၆ ရက်


အင်အားကြီးတဲ့လက်နက်တွေနဲ့တိုက်ခိုက်၊ မြို့တွေရွာတွေကိုမီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး နိုင်ပြီထင်သလား၊ နိုင်ငံကိုအုပ်ချုပ်လို့ရပြီထင်သလား။ စစ်ရေး၊ စီးပွါးရေး၊ လူမှုရေးအရ အကြမ်းဖက်စစ်ကောင်စီဟာရှုံးနိမ့်နေပါပြီ။ အဖက်ဖက်မှာဘယ်လိုမှ ကောင်းမွန်စွာအုပ်ချုပ်လို့မရတော့တဲ့စစ်ကောင်စီဟာ နိုင်ထက်စီးနင်းလေသံနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ခေါ်ပါတယ်။တိုင်းရင်သားတွေဟာ အယုံအကြည်မရှိလို့ သူတို့ထပ်ပြီးရှုံးပြန်ပါတယ်။ အဖြေထွက်မှာမဟုတ်တဲ့ဆွေးနွေးပွဲတွေကို တိုင်းရင်းသာအဖွဲ့အစည်းတွေဘက်မှ အကောင်းမြင်ခြင်းမရှိပါ။ မတရားအာဏာသိမ်းပိုက်ထားတဲ့စစ်ကောင်စီဟာ အဖက်ဖက်မှာထိန်းသိမ်းအုပ်ချုပ်နိုင်ခြင်းမရှိလို့ တကယ်ကိုရှုံးနိမ့်နေပါပြီ။  


ပြည်သူတွေကိုမတရားအနိုင်ကျင့်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်နဲ့အဖွဲ့ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ကိုဖွဲ့စည်းတည်ထောင်ခဲ့တာ တစ်နှစ်ခန့်ရှိလာပါပြီ။ တစ်နှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ PDF တွေဟာအကြမ်းဖက်စစ်တပ်ကိုခုခံစစ် ဆင်နွှဲလာတာဟာ ပွဲပေါင်း ၂,၆၇၃မျှရှိခဲ့ပါပြီ။ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သားပေါင်း ၁၂,၄၃၇ဦးခန့်သေဆုံးခဲ့ပြီး ၄,၁၈၉ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ပါပြီ။ သူတို့သဲကြီးမဲကြီးတိုက်ခိုက်နေတဲ့ ကရင်နီပြည်နယ်ဘက်မှာဆိုရင် ဖေဖော်ဝါရီနဲ့မတ်လ နှစ်လအတွင်းမှာ စစ်ကောင်စီဘက်က စစ်သား၆၀၀ကျော်ကျရှုံးခဲ့ပါတယ်။လက်နက်အင်အားမမျှစွာ ပြန်လည်ခုခံနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်၊ တိုင်းရင်းသားတပ်တွေဘက်မှလည်း ၁၀၀ကျော်လောက်ကျဆုံးခဲ့ပါတယ်။ ကိုယ့်ဖက်ကပေးခဲ့ရတဲ့ အသက်တွေဟာ စစ်ကောင်စီဖက်ကထက် ကိုးဆလောက်နည်းပေမယ့် ထိုက်တန်ခြင်းအလျင်းမရှိပါ။ အကြမ်းဖျဉ်းပြောရရင် အကြမ်းဖက်စစ်တပ်ဖက်က ငါးဆကနေ ၂ဝ ဆခန့်မျှပိုပြီးကျဆုံးခဲ့ပါတယ်။  


တကယ်တမ်းမြေပြင်ပေါ်မှာတိုက်ခိုက်ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်ဖက်က အရာရှိတပ်သားအမြောက်အများအားလုံးဟာ အမှန်ကိုသိပြီး ပြည်သူ့ရင်ခွင်ဖက်ကို ကူးပြောင်းလာနေကြပါတယ်။ ဒါတွေဟာပြည်သူ့ဘက်က နိုင်ခြင်းဖြစ်တယ်ဆိုတဲ့ အမှန်တရားတွေပဲဖြစ်ပါတယ်။ လတ်တလောထွက်လာတဲ့မြေပုံကိုကြည့်ပါ။ စစ်အာဏာရှင်တွေဟာ နယ်မြေအတော်များများကို အုပ်ချုပ်နိုင်ခြင်းမရှိတော့ပါဘူး။ စစ်ကောင်စီဟာ သူရဲ့တပ်စခန်း အတော်များများလည်း ဆုံးရှုံးခဲ့ပါတယ်။ သူတို့တပ်တွေတစ်နေရာကနေ တစ်နေရာကိုရွှေ့တဲ့အခါ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေကြလွန်းတဲ့အတွက်လည်း တပ်အရွှေ့အပြောင်းလုပ်ခိုင်းတာ လျှော့ချလိုက်ကြပါတယ်။  


စစ်ကောင်စီရဲ့လက်နက်အတော်များများလည်း ပြည်သူ့တပ်တွေဆီမှာ ဆုံးရှုံးခဲ့ကြပါတယ်။ ကား၊သေနတ်၊လေယာဉ်၊ သင်္ဘောတွေဟာ တစ်နှစ်အတွင်း အဆုံးအရှုံးများခဲ့ကြပါပြီ။ ဒါတွေဟာ စစ်ကောင်စီရဲ့စစ်ကုန်ကျစရိတ်တွေပါ။ ပြည်သူတွေကိုဗုံးတစ်လုံး ပစ်ပြီးတိုက်ခိုက်လိုက်တိုင်း ဒေါ်လာ၁,ဝဝဝ ခန့်ကုန်ကျပါတယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်ခြင်းကြိုးစားမှုတိုင်းဟာ ပြည်သူ့အခွန်ဘဏ္ဍာငွေသန်းပေါင်းများစွာကုန်ကျပါတယ်။ ဒီငွေတွေကိုပြန်ဖြည့်ဖို့အတွက်လည်း ဝင်ငွေရနိုင်တဲ့လမ်းတွေဟာလည်း အတော်ကိုပိတ်ဆို့မှုတွေဖြစ်နေပါတယ်။ မိုင်တဲ၊ မြန်မာဘီယာ၊ အက်ဒမန်ဘီယာတွေဟာလည်း အရောင်းအားအတော်ကျဆင်းလာပါပြီ။ ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သမျှအားနဲ့ ပြည်သူ့ထောက်ပို့ရေးအနေအထားဖြင့် NUG နှင့် PDF များကို ထောက်ပံ့မှုတွေမရပ်မနားရှိနေပါတယ်။ နည်းလမ်းမျိုးစုံနဲ့ငွေရအောင်ဝိုင်းဝန်းကြိုးစားကြပါတယ်။ ဘယ်သူ့ဖက်ကအားသာပြီး ဘယ်သူတွေနိုင်နေလည်းဆိုတာ အထင်အရှားမြင်တွေနေရတာ ဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်အာဏာရှင်လူတစ်စုနဲ့ သူတို့ကိုအထောက်အပံ့ပြုနေတဲ့လူတစ်စုကို ပေါင်းကြည့်လိုက်ရင် ဘယ်လောက်ရှိနိုင်ပါသလဲ။ လူဦးရေတစ်သန်းထက် များနိုင်ပါသလား။ ပြည်သူ့အင်အားစုကြီးနဲ့ယှဉ်လိုက်ရင် ပြည်သူတွေရဲ့ အင်အားဟာ အထင်အရှားကို အသာကြီးသာနေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လူမဆန် နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေ၊ သူတို့ကြောင့်ဆင်းရဲဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေ၊ မတရားချမှတ်တဲ့ အမိန့်တွေကြောင့် ရိုးသားစွာစီးပွားရှာဖို့ ခက်ခဲလာကြတဲ့ ပြည်သူတွေဟာလည်း ပြည်သူ့တာဝန်ကို ကိုယ်စီထမ်းဆောင်နေကြတာဖြစ်ပါတယ်။ အခွင့်အခါကြုံတိုင်း သူတို့ရဲ့အမိန့်ကို ဆန့်ကျင်နေကြတာလည်း တညီတညွတ်တည်းပါပဲ။ ပြည်သူတွေနိုင်နေပါတယ်။ ဖြတ်သန်းလာခဲ့ကြတဲ့ တော်လှန်ရေးတစ်နှစ်တာ ကာလရဲ့ အဆုံးအဖြတ်တွေဟာ ပြည်သူတွေရဲ့အောင်မြင်မှုတွေကို သက်သေ ထူနိုင်ခဲ့ပါတယ်။ 


ပြည်သူတွေဟာ အနစ်နာခံတော်လှန်ခဲ့ကြပြီး ကိုယ်ပိုင်အခွင့်အရေးတွေကို အများကြီး စွန့်လွှတ်ခဲ့ကြပါတယ်။ စွန့်လွှတ်ပြီးတိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေရဲ့ အင်မတန်ပြင်းပြစွာလိုချင်ကြတဲ့ အရာကတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားပြီး အရင်ကလို လွတ်လပ်စွာ နေထိုင်ရှင်သန်ရဖို့ပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့တောက်ပတဲ့အနာဂတ်ကို ပြန်ပေးလိုခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အသက်တွေဘဝတွေပေးပြီးတိုက်ပွဲဝင်နေကြတယ်၊ တတ်နိုင်တဲ့ဘက်မှကူညီကြတယ်။ လွတ်လပ်ခွင့်ကိုမြည်းစမ်းပြီးခဲ့ကြတဲ့သူတွေမို့လို့ သဘောထားမတိုက်ဆိုင်တာရှိရင် အငြင်းပွားကြပြီး၊ သဘောမတူနိုင်တဲ့အချက်အလက်တွေကို ထောက်ပြကြတယ်။ အောင်ပွဲတိုင်းကိုလည်း အားရဝမ်းသာ ပျော်ရွှင်ကြတယ်တယ်။ တော်လှန်ရေးတွက် အသက်ပေးခဲ့ရတဲ့ ရဲဘော်တစ်ယောက်ချင်းစီ အတွက်လည်း ရင်ဘတ်ချင်းထပ်တူခံစားဝမ်းနည်းကြရတယ်။ ဒီလိုညီညွတ်တဲ့ပြည်သူတွေဟာ လူနည်းစုဖြစ်တဲ့အကြမ်းဖက်စစ်အာဏာရှင်တွေကို ကာကွယ်ပေးနေကြတဲ့စစ်သားတွေနဲ့ ထောက်ခံပေးနေကြတဲ့သူတွေအားလုံးကို အမှန်တကယ်အနိုင်ရရှိတော့မယ်ဆိုတာ အသေအချာပါ


ပဲ။ 

.

Mizzima

No comments:

Post a Comment