Saturday, August 21, 2021

စစ်အုပ်စုလက်ထက်များတွင်ဖ့စ်ပေါ်ခဲ့သော လုပ်ကြံမူများ

 ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် သို့မဟုတ် ထိခိုက်ဒဏ်ရာ ရအောင်ကြံစည်ခြင်းကို သြဂုတ်လ ပထမပတ်အတွင်းတွင် အမေရိကန် ဖက်ဒရယ်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဌာန (FBI) က သံသယရှိသူနှစ်ဦးအား ဖမ်းဆီးခြင်းဖြင့် ဖေါ်ထုတ်လိုက်သည်။ ထိုလုပ်ကြံမှုနောက်ကွယ်တွင် စစ်ကောင်စီရှိနေကြောင်း လူအများအပြားက ယုံကြည်ကြသည်။ သို့သော် စစ်ကောင်စီက ၎င်းတို့ပါဝင်ပတ်သက်ခြင်း မရှိကြောင်းပြောသည်။


နိုင်ငံရေးသဘောထားကွဲလွဲသူများ သွေးထွက်သံယို သုတ်သင်ရှင်းလင်းသော အစဉ်အလာသည် မြန်မာနိုင်ငံရေးတွင် အမြစ်တွယ်နေသေးကြောင်း ထိုကြံစည်မှုမှုက သက်သေပြနေသည်။


ကံမကောင်းအကြောင်းမလှသည်မှာ ထိုအစဉ်အလာသည် မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖေါ်ကိုင်ဘက်များအား မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေးမှ မလွတ်မြောက်မီ တနှစ်အလို ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေးပြိုင်ဘက်တဦးက လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးသောအခါ နောက်ထပ်လုပ်ကြံသတ်ဖြတ်မှု အများအပြားဖြစ်ပေါ်ခဲ့ပြီး ထိုအလေ့အထသည် ယနေ့တိုင် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ အချို့သော မအောင်မြင်သည့် လုပ်ကြံသတ်ဖြတ်မှုများ အပါအဝင် ထိုလုပ်ကြံသတ်ဖြတ်မှုများကို အနီးကပ်လေ့လာကြည့်ရှုသောအခါ နိုင်ငံရေးပယောဂမကင်းသည့် သတ်ဖြတ်မှုများသည် မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည့် ကာလအတွင်းဖြစ်ကြောင်း တုန်လှုပ်ဖွယ်ပြသနေသည်။ ထိုကိစ္စများကို တစေ့တစောင်းလေ့လာကြည့်ကြမည်။








၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံးသော လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုသည် ၁၉၆၅ ခုနှစ်တွင် ဖြစ်ပွားသည်။ ပစ်မှတ်ထားခံရသူမှာ ဗိုလ်ချုပ်နေဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ကျော်စွာမြင့်ဖြစ်သည်။ ထိုစစ်ဗိုလ်သည် အာဏာရှင်ထံမှ ထိုင်းသို့ ထွက်ပြေးသည်။ ဗိုလ်ချုပ်နေဝင်းသည် စမတ်ကျသော အသက် ၃၄ နှစ်အရွယ် ခရစ်ယာန် အင်္ဂလိပ်မြန်မာကပြား ထိုစစ်ဗိုလ်ကို လွန်စွာ သဘောကျခဲ့သည်ဟု ဆိုသည်။


စစ်အာဏာရှင်ထံမှ သူ ထွက်ပြေးရသည့်အကြောင်းရင်းကို အမျိုးမျိုးပြောနေကြသည်။ သူသည် ဦးနေဝင်း၏ ဇနီးဒေါ်ခင်မေသန်းနှင့် နီးစပ်လွန်းသောကြောင့်ဟုလည်းပြောကြသည်။ အချို့က သူသည် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မေးခွန်းထုတ်သောကြောင့်ဖြစ်သည်ဟုလည်း အချို့က ဆိုသည်။ (နောင်တွင် ထိုမြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သည် နိုင်ငံစီးပွားရေးကို ဖျက်ဆီးလိုက်ကြောင်း သက်သေပြပြီး ဖြစ်သည်။) အချို့ကလည်း သူသည် မြန်မာစစ်ရေးလျှို့ဝှက်ချက်များအား ထိုင်းစစ်သံမှူးသို့ ဒေါ်လာ ၃၅၀၀၀ ဖြင့် ရောင်းချသောကြောင့် ဟုလည်း ဆိုသည်။ နိုင်ငံမှ ခရစ်ယာန်များကို အာဏာရှင်ကဖိနှိပ်သည့်အတွက် သူက ဦးနေဝင်းကို အဆိပ်ခပ်ရန် ကြိုးစားသောကြောင့်ဆိုသည့် ကောလာဟလများလည်း ရှိသည်။


ဗိုလ်ကြီးကျော်စွာမြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူ၏ဆရာသမားက သူ့ကို မည်သည့်နည်းဖြင့်မဆို တွေ့အောင်ရှာရမည်ဟု အမိန့်ထုတ်သည်။ သူထွက်ပြေးသောအခါ သူ့မိသားစုကို ဖမ်းသည်။ ဘန်ကောက်ရှိ စားသောက်ဆိုင်တခုတွင် ဝင်ရောက်စားသောက်နေစဉ် မြန်မာနိုင်ငံမှ စေလွှတ်လိုက်သည့် လူသတ်သမားက သူ့ကို ဓါးဖြင့်ထိုးသော်လည်း ဦးကျော်စွာမြင့်သည် လွတ်မြောက်သွားကြောင်း ဦးနေဝင်း၏ တပည့် စစ်အုပ်စု၏ စီးပွားရေးနှင့် ဥပဒေအတိုင်ပင်ခံ လုပ်ခဲ့သည့် ကြည်ဝင်းစိန်က သူ၏စာအုပ်ဖြစ်သော “ကျနော်နှင့်တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်ကြီးများ” စာအုပ်တွင် ရေးသည်။ ဦးကျော်စွာမြင့်သည် နောင်တွင် သြစတြေးလျ၌ ခိုလှုံပြီး အသက် ၄၉ နှစ်အရွယ် ၁၉၈၁ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။


၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အမည်ရှိ အဝေးရောက်အစိုးရအဖွဲ့မှ ဦးဝင်းကိုနှင့် ဦးလှဖေတို့ ပြည်ပတွင် သတ်ဖြတ်ခံရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် စစ်အုပ်စုက ၎င်းတို့ ၂ ဦးကို ဝရမ်းပြေးများအဖြစ် ကြေညာထားသည်။


ဦးဝင်းကိုသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှဖြစ်ပြီး ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရေဦး မြို့နယ်မှ ရွေးကောက်ခံရသည်။ ထိုရွေးကောက်ပွဲ ရလဒ်များကို စစ်အုပ်စုက အသိအမှတ်မပြုပေ။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ မောင်နှမ ဝမ်းကွဲ ဒေါက်တာစိန်ဝင်းအစိုးရတွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းဆောင်သည်။ သူသည် တရုတ်နိုင်ငံ ကူမင်းရှိ ဟိုတယ်တခုတွင် သတ်ဖြတ်ခံရသည်။ သေဆုံးစဉ်က အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။


ဦးလှဖေသည်လည်း ဝန်ကြီးတဦးဖြစ်သည်။ NLD အဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပျော်ဘွယ် မြို့နယ်မှ ရွေးကောက်ခံရသည်။ သူ့ကိုဘန်ကောက်တွင် လုပ်ကြံသတ်ဖြတ်သည်။ ထိုစဉ်က အသက် ၅၄ နှစ်ရှိပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၁၉၉၀ ရွေးကောက်ပွဲပြီး လအနည်းငယ်အကြာတွင် စစ်အုပ်စုက လွှတ်တော်ကိုယ်စားလှယ်များကို အာဏာလွှဲပေးရမည့်အစား လိုက်လံဖမ်းဆီး သောကြောင့် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်အုပ်ချုပ်ရေးကို ထိပ်ဆုံးမှဆန့်ကျင်သည့် ခေါင်းဆောင်တဦး အဖြစ် လုပ်ကြံသတ်ဖြတ်မှု၏ ပစ်မှတ်ဖြစ်ခဲ့ဖူးသည်။ ဓါး၊ လှံနှင့် ဝါးချွန်များ ကိုင်ဆောင်ထားသည့် စစ်အုပ်စုကျောထောက်နောက်ခံပြု လူရမ်းကားများစွာက ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် တိုက်ခိုက်သည်။


ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့်ယာဉ် လွတ်မြောက်ခဲ့သော်လည်း လူ ၇၀ ခန့်သေဆုံးပြီး အများအပြား အပြင်းအထန်ဒဏ်ရာရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏လက်ထောက် ဗိုလ်ချုပ်ကြီး စိုးဝင်း (နောင်တွင် စစ်အုပ်စု ဝန်ကြီးချုပ်ဖြစ်လာသူ) ကို အမိန့်ပေးကြောင်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းခင်ညွန့်က သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ရေးသည်။



၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှားလားဖန်းကို ထိုင်းနယ်စပ် မဲဆောက်ရှိ သူ၏နေအိမ်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်လိုက်သည်။ ထိုစဉ်က သူသည် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။


ထိုထင်ရှားသည့် KNU ခေါင်းဆောင်သည် ဒီမိုကရေစီလှုပ်ရှားမှုနှင့်ပတ်သက်ပြီး အမြင်ကျယ်သောကြောင့် ကရင်တိုင်းရင်းသားများကသာမက ဗမာနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကလည်း လေးစားကြသည်။


လုပ်ကြံသတ်ဖြတ်မခံရမီ ၃ ရက်အလိုက ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် သူက “ စစ်မှန်တဲ့ ဒီမိုကရေစီရပြီး ပြည်ထောင်စုစနစ်ပေါ်ပေါက်လာဖို့ ကျနော်တို့အနေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ (ထိုစဉ်က စစ်အုပ်စုက ၎င်းတို့ကိုယ် ၎င်းတို့ ခေါ်သောအမည်) ကို အားကိုးနေလို့မရဘူး။ စစ်အာဏာရှင်စနစ်နဲ့ ဗမာလူမျိုးကြီးဝါဒကို အမြစ်ဖြတ်ရမယ်” ဟု ပြောသည်။


စစ်အုပ်စုနှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီတို့သည် ထိုလုပ်ကြံသတ်ဖြတ်မှုအတွက် စွပ်စွဲခံရသည်။ ဗိုလ်ချုပ်မြထွန်းဦး (ယခု ဗိုလ်ချုပ်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး) သည် ထိုလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံရသည်။


မြထွန်းဦးသည် အမှတ် ၁၀၁ ခြေလျှင်တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းမှူးစသည့် ရာထူးများတွင် လုပ်ကိုင်ခဲ့သည်။ သူသည် စစ်အုပ်စုနှင့် ကရင်တိုင်းရင်းသားလက်နက်က်ိုင်အဖွဲ့များကြား ဆက်ဆံရေးအဆင်ပြေအောင် လုပ်ကိုင်ပေးသူ ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အတွက်လည်း ကိုယ်စားလှယ်ဖြစ်သည်။


NLD ၏ ထင်ရှားသော ဥပဒေအကြံပေး ဥပဒေပညာရှင် ဦးကိုနီကို ၂၀၁၇ ခုနှစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နေ့ခင်းကြောင်တောင် ပစ်သတ်သည်။ အသက် ၆၄ နှစ်ရှိပြီဖြစ်သော ထိုရှေ့နေကြီးသည် NLD က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိိုုင်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသောကြောင့် နိုင်ငံတော်အတိုင်ပင်ခံဆိုသည့် ရာထူးကို ဖန်တီးပေးခဲ့သူဖြစ်သည်။ သူသည် စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြင်းထန်ဆုံး ဝေဖန်သူလည်းဖြစ်သည်။


ထိုလုပ်ကြံသတ်ဖြတ်မှုကို စစ်တပ်မှ ဗိုလ်မှူးဟောင်းများက စီစဉ်ခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် ထိုလုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်တွင် ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။ လူသတ်သမားအား ငှားရမ်းသူ ဗိုလ်မှူးဟောင်း အောင်ဝင်းခိုင်သည် လွတ်မြောက်နေဆဲဖြစ်သည်။


နောက်ဆုံးလုပ်ကြံသတ်ဖြတ်မှု သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုတွင် ဖြိုးဟိန်ထွဋ် (၂၈ နှစ်) နှင့် ရဲဟိန်းဇော် ( ၂၀ နှစ်) တို့က ကုလမသဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အပြင်းအထန် နာကျင်စေရန် သို့မဟုတ် သတ်ဖြတ်ရန်ကြိုးစားသည်။ ထိုင်းနိုင်ငံမှ လက်နက်ပွဲစားတဦးက သူ့ကိုအွန်လိုင်းမှဆက်သွယ်ပြီး သံအမတ်ကို ထိခိုက်စေရန်နှင့် ရာထူးမှ နုတ်ထွက်စေရန် တိုက်ခိုက်သူများငှားရမ်းရေးအတွက် ငွေပေးကြောင်း ဖြိုးဟိန်းထွဋ်က FBI စုံစမ်းစစ်ဆေးရေးမှူးများကို ပြောသည်။


FBI နှင့် နယူးယောက်ရဲတပ်ဖွဲ့က သူ့အတွက် လုံခြုံရေးစီစဉ်ထားပေးကြောင်း ဦးကျော်မိုးထွန်းပြောသည်။ သူသည် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကို အာဏာသိမ်းသော ဖေဖေါ်ဝါရီလက ကုလသမဂ္ဂအစည်းအဝေးတွင် လူသိရှင်ကြား ဆန့်ကျင်သူဖြစ်သည်။ ထိုအချိန်မှစတင်ပြိး စစ်ကောင်စီသည် သူ့ရာထူးတွင်အစားထိုးရန် ကြိုးစားသော်လည်း စစ်ကောင်စီ၏ တောင်းဆိုမှုကို ကုလသမဂ္ဂက အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် လက်ရှိအချိန်အထိ အချည်းနှီးသာဖြစ်နေသည်။ လက်ရှိအချိန်တွင် သူသည် ဖြုတ်ချခံအစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်ထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရကို ကိုယ်စားပြုနေသည်။



No comments:

Post a Comment