Thursday, August 12, 2021

အကြမ်းဖက်စစ်တပ်ကို ဘယ်လိုဖျက်သီမ်းမလဲ


 အကြမ်းဖက်လူသတ် ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာကို ၂၀၂၃ အထိ ယူထားမယ်လို့ အတိအလင်းပြောသွားတယ်။ ၂၀၂၂ အကုန်ရောက်ရင်လည်း ၂၀၂၅ အထိ ထပ်တိုးဖို့ ရှိမှာပဲ။ တပ်မတော်လို့ခေါ်တဲ့ အကြမ်းဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေအားလုံးအပေါ်မှာ အစဉ်အမြဲ ရန်သူလို့ သတ်မှတ်ခဲ့တာ။ စစ်တပ်မှာ ဖက်ဆစ် သန္ဓေပါလာတယ်။ ဂျပန် train ဖြစ်တာလည်း ပါမယ်။ ၁၉၆၂ မှာ နေဝင်း အာဏာသိမ်းလိုက်ကတည်းကစလို့၊ စောမောင်၊ သန်းရွှေ၊ ခင်ညွန့်၊ အခု မင်းအောင်လှိုင်အထိ သူတို့တစ်ဦးချင်းစီရဲ့ စိတ်သဏ္ဍာန်မှာ ပြည်သူတွေဟာ လိုသလို ဖိနှိပ်နိုင်တဲ့ subject တွေလို့ မှတ်ယူကြသလို၊ စစ်တပ်ထဲက ဒုဗိုလ်အဆင့်ကစလို့၊ ကစထ မှူး၊ ညှိကွပ်အဆင့်အလယ်၊ ဒုချုပ်၊ ကာချုပ်အထိ ကလည်း ပြည်သူဟာ သူတို့ စစ်ခင်းချင်သလို ခင်းလို့ရတဲ့ ကျွန်တွေလို့ သတ်မှတ်ကြတာ။ ဒါတွေဟာ ရမ်းကာ သမ်းကာပြောနေတာမဟုတ်ဘူး၊ စစ်တပ်ထဲမှာ ကျွန်သဘောက်အဆင့်လောက် ဆက်ဆံခံရတဲ့ ဗိုလ်အဆင့်၊ ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီးအဆင့်အထိတွေရဲ့ ပြောစကားတွေ၊ အမူအရာ၊ အပြုအမူတွေ၊ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ လမ်းမကြီးတွေပေါ်မှာ “မင်းတို့မိန်းမတွေ၊ သမီးတွေကို မုဒိန်းကျင့်ပစ်မယ်” “သေရဲတဲ့ကောင်ထွက်ခဲ့” လို့အော်ဟစ်ကြတဲ့ အကြပ်၊ စစ်သားတွေရဲ့ လုပ်ရပ်တွေ၊ တိုင်းရင်းသားဒေသတွေမှာ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေက သက်သေပဲ။

စစ်တပ်ဟာ ဖျက်ပစ်မှကို ရမယ့် အင်စတီကျူးရှင်းဆိုတာ အသေအချာပဲ။ တချို့က ပြောတယ်၊ စစ်တပ်ကို ဖျက်ဖို့ logistic အရ မဖြစ်နိုင်ဘူးဆိုတာ။ မဖြစ်နိုင်ဘူး၊ သိတာပဲ။ သိပ်ခက်ခက်ခဲခဲစဉ်းစားစရာတောင်မလိုဘူး။ မဖြစ်နိုင်လို့ မဖျက်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ အပေးစားခံပြီး စစ်တပ်ကို တတ်နိုင် သမျှစည်းရုံးသိမ်းသွင်းတာပဲ။ ဖျက်လို့ မလွယ်ဘူးဆိုတာ သူလည်းသိတာပဲ။  ဒီလောက် ညင်ညင်သာသာနဲ့ သိက္ခာရှိရှိ၊ လူဆန်ဆန် ပြောင်းလဲဖို့ စည်းရုံးတာတောင်၊ နောက်ဆုံး ဒီဘူတာ ဆိုက်တာပဲ။

ဆက်စပ်လို့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်နဲ့ပေးစားလွန်းမက ပေးစားတဲ့ CSO အသိုင်းအဝိုင်းထဲက လူတွေ (မှတ်ချက် - ထူးဆန်းတာက အဲဒီ CSO အသိုင်းအဝိုင်းထဲကလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးအရအပေါ်မှာ အာကျယ်ပြီး စွာရဲသလောက် စစ်တပ်ကိုတော့ တို့ထိရမှာ အလွန်ရွံ့ကြတာဟာ အထူးစိတ်ဝင်စားဖွယ်ပါပဲ။ လက်သုံးစကားဖြစ်တဲ့ “စစ်တပ်ကတော့ ပြောစရာကိုမလိုအောင် ရိုင်းစိုင်းနေလို့” ဆိုတာကိုသုံးပြီး လက်တွေ့မှာ စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်တာမျိုးလည်းမတွေ့ရသလို၊ ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ ကြေညာချက်တစ်ခု တစ်လေတောင် မတွေ့ရ။)  အလွန်လေးစားကြည်ညိုကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီဖက်ဆစ် စစ်တပ်ကို ဖျက်လို့မရဘူးဆိုတာ သိတာပဲ။ ဒါကြောင့်လည်း သူတို့လည်း တစ်ဖွဲ့ချင်းစီနဲ့ ကိုက်ညီမယ့် ဗျူဟာနဲ့ သွားနေကြတာ။စစ်တပ်ကို ဖျက်လို့ရတယ်၊ မရဘူး ဘယ်လိုပဲ ငြင်းခုန်နေကြပါစေ၊ သဘောတရားအပိုင်းမှာတော့ ဖျက်ပစ်မှရမယ့် အင်စတီကျူးရှင်းဆိုတာ အရင်းဆုံး ရှင်းလင်းနေဖို့လိုတယ်။ ပြီးမှ လက်တွေ့ဘယ်လိုဖြစ်အောင်လုပ်မလဲ ဆိုတဲ့ အပိုင်းသွားရမှာ။  


လက်တွေ့အပိုင်းမှာတော့ သေချာတာက စစ်တပ်ကို ဖျက်ဖို့က foreign power မပါဘဲတော့ မလွယ်ဘူး။ foreign power ပါရင် အချိန်မြန်မယ်။ မပါရင် အချိန်ယူရလိမ့်မယ်။ မြန်မြန် ဖြစ်ချင်တဲ့ ဆန္ဒတွေရှိပေမယ့် လက်တွေ့ကျကျ တော့လည်း စဉ်းစားဖို့လိုပါတယ်။ အထူးသဖြင့် လက်တွေ့ကျကျ လုပ်နိုင်မယ့်လူတွေများများလိုပါတယ်။ အရမ်း abstract ဖြစ်တဲ့ (စိတ္တဇဆန်တဲ့) နိုင်ငံရေးအိုင်ဒီယိုလိုဂျီတွေ၊ နိုင်ငံရေးစနစ်တွေ (ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့) ကို ထိုင်ပြောနေပြီး၊ အချိန်တွေအရမ်းကုန်မှာမျိုးဟာ မဖြစ်သင့်ဘူး။ ပြောသင့်သလောက်ပြောရင် ရပြီထင်ပါတယ်။ နောက် ဝေဖန်ရေးနဲ့ လေကန်ရေးကိုပဲ နိုင်ငံရေးထင်နေသူတွေများနေရင်လည်း မဟုတ်သေးဘူး။ ဝေဖန်တယ်ဆိုတာ အရမ်းလွယ်ပြီး “လေ” ပဲစိုက်ရတာ။ ဘာမှလည်း အားထုတ်စရာမလိုဘူး။ ကိုယ်ထင်တာတွေကို လျှောက်ပြောနေရုံပဲ။ မြေပြင်မှာ ဖြစ်နေတာနဲ့ ကိုက်သော်ရှိ၊ မကိုက်သော်ရှိ ပါးစပ်ကနေ လျှောက်ပြောပြီး လေပေါ နိုင်ရင်ရပြီ။ အခုအချိန်က “လေ” သမားတွေ မလိုဘူး။ လက်တွေ့ operation သမားတွေလိုအပ်တာ။

ဘယ်လိုတိုက်မှာလဲ၊ ဘယ်ကပိုက်ဆံနဲ့တိုက်မှာလဲ၊ ပိုက်ဆံဘယ်လိုရှာမလဲ၊ (CRPH က အလှူခံထားတဲ့ ၉ သန်းဟာ တစ်ကယ်တိုက်ရပြီဆိုရင် အသေးသုံးပဲရမယ်။) ရှာထားတဲ့ ပိုက်ဆံကို မှန်ကန်မျှတစွာ စနစ်တကျ ဘယ်လိုခွဲဝေမလဲ။ Transaction တွေ ဘယ်လိုလုပ်မလဲ၊ လူသူလက်နက် ဘယ်လိုစုဆောင်းမလဲ၊ စုဆောင်းထားတဲ့ လူသူလက်နက်တွေရဲ့ အင်အားကို maximum value ရအောင် ဘယ်လိုစီမံမလဲ၊ စစ်ရေးမဟာဗျူဟာ/နည်းဗျူဟာတွေကို ဘယ်လိုဆွဲမလဲ၊ Command structure ဘယ်လိုတည်ဆောက်မလဲ၊  စစ်ရေးနဲ့ နိုင်ငံရေး ဘယ်လိုပေါင်းစပ်ပြီးသွားမလဲ၊ စသဖြင့်စသဖြင့်။ ဒါတွေက အခုရေးလိုက်ရတာ စာလေး ၄ ကြောင်းထက်မပိုပေမယ့် လက်တွေ့ကျကျ အဖြေပေးဖို့ကျတော့ အလွန်ခက်တယ်။ လက်တွေ့ကျကျ အလုပ်လုပ်မယ့် operation သမားတွေက လုပ်ရတာ။ logistic နဲ့ management မပိုင်ဘဲ စစ်တိုက်လို့မရဘူး။ မပိုင်ဘဲ တိုက်လည်း ရှုံးမှာပဲ။  


ဗီယက်နမ်စစ်ပွဲဟာ foreign power တွေပါတဲ့ proxy war တစ်ခု။ နှစ် ၂၀ ကြာတယ်။ စူပါပါဝါကို ဘာလို့ အနိုင်တိုက်နိုင်သလဲဆိုတာကို သေချာစေ့စေ့ငှငှ လေ့လာကြည့်ဖို့ကောင်းတယ်။ resource mobilization လုပ်သွားပုံ၊ logistic လမ်းကြောင်း (Ho Chi Minh Trail) တည်ဆောက်သွားပုံတွေဟာ အတုယူမယ်ဆိုရင် ယူလို့ရတယ်။ ကိုယ့် context နဲ့ကိုက်အောင် တော့ ပြောင်းသုံးနိုင်ရမှာပေါ့။  


မည်သို့ဆိုစေ၊ ဆက်ပြီးတော့ ချီတက်ကြရဦးမယ်။ သေချာတာတစ်ခုကတော့ ပြည်သူရယ်၊ CRPH ရယ်၊ NUG ရယ်၊ တော်လှန်ရေးသစ္စာတည်ကြည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရယ် စုပေါင်းပြီး လုပ်ကြမှရမှာ။   မဟုတ်ရင် ဟိုတစ်စ၊ ဒီတစ်စနဲ့ စစ်တပ်အကြိုက်ပဲဖြစ်သွားမှာ။ ပြည်သူကိုယ်တိုင်ကလည်း ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကြ ရလိမ့်ဦးမယ်။ ကမ္ဘာ့ဘယ်နေရာမှာ ရောက်သည်ဖြစ်စေ၊ ဒီတော်လှန်ရေးအတွက် လက်တွေ့ကျကျ အလုပ်ဖြစ်မယ့် ပံ့ပိုးမှုတွေလည်း လုပ်ကြဖို့လိုတယ်။


No comments:

Post a Comment