Monday, February 5, 2024

သမ္မတဖြစ်ချင်သလား

သမ္မတ ဖြစ်ချင်သလား ----------------------- “မင်း” ဆိုသည်မှာ “ဘုရင်” နှင့် အတူတူပင်ဖြစ်သည်။ “သမ္မတ” ဆိုသည်မှာ ပါဠိစကားဖြစ်ပြီး လူအများက မိမိတို့ဆန္ဒအရ တင်မြှောက်ထားသောမင်းဟူသည့် အဓိပ္ပာယ်ရသည်။ ဘုရင့်ဆွေတော် မျိုးတော်၊ အစိုးရအမှုထမ်း အကြီးအကဲတို့ကိုလည်း မင်းဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ ဂုဏ်ပြုချီးမြှင့်ခေါ်သောစကားဟု မှတ်ရန်ဖြစ်သည်။ “မင်း” ဘယ်ကစပြီးပေါ်လာရသနည်း လူတွေ၏ ဝိသမလောဘတရားနှင့် မုသားကြောင့် ပေါ်လာရသည်။ လူတွေသည် ကိုယ်နှင့်မဆိုင်သော ပစ္စည်းများကို သိမ်းပိုက်လိုခြင်းကြောင့် “မင်း" ရှိမှဖြစ်တော့မည်ဟု ထင်မြင်လာကြသည်။ တစ်နည်းဆိုရလျှင် “သူခိုး” ပေါ်လာသောကြောင့် “မင်း” လည်းပေါ်လာရခြင်းဖြစ်သည်။ ထို့ကြောင့် "မင်း" အစ "သူခိုး" က ဟုဆိုရမည်။ ကိုယ်ပိုင်သည်ထက် ပိုလိုချင်သောသူများ၊ ကိုယ်မပိုင်သည်ကို ရယူလိုသောသူများသည် သူများဥစ္စာကို ခိုးရုံသာမက ရယူလိုမှုကြောင့် "မုသား" စကားတွေဆိုလာကြသည်။ ခိုးသည်ကစပြီး လိမ်သည့်အဆုံးတွင် လူသတ်ရန်ပါ ဝန်မလေးသည့် အပြုအမူများကို လုပ်ဆောင်လာကြသောကြောင့် ရှေးကမ္ဘာဦးက “မနု” မည်သော သုခမိန်ကို မဟာသမ္မတမင်းအဖြစ် တင်မြှောက်ကြရာမှ “မင်း” ဆိုပြီး ပေါ်ပေါက်လာရပေတော့သည်။ “မင်း” သုံးမျိုးရှိသည် မဟာသမ္မတ = ပြည်သူကသဘောတူစွာဖြင့် ကြည်ဖြူစွာ တင်မြှောက်သောမင်း ခတ္တိယ = လယ်ယာတို့ကို အစိုးရသောမင်း ရာဇာ = တရားသဖြင့် စီရင်ညွှန်ပြတတ်သောမင်း ဟူ၍ဖြစ်သည်။ ထိုသုံးချက်ညီမှသာ “မင်း” ဟု သတ်မှတ်သော်လည်း၊ ထိုသုံးချက်လုံးနှင့် မညီသူတွေက မင်းဖြစ်ချင်ကြ သောကြောင့် မင်းနေရာကို အဓမ္မစိုးမိုး သိမ်းပိုက်ကာ မတရားမင်းအဖြစ် ခံယူခြင်းများ နှောင်းကာလတွင် ပေါ်ပေါက်လာခဲ့သည်။ ပြည်သူက မကြည်ဖြူသော မင်းဆိုသူတွေကို ပြည်သူတွေက သတ်ပစ်ပြီး ရှင်ဘုရင်သစ် တင်မြှောက်ကြသည် ဆိုသော အလေ့အထများကို ဧကနိပါတ် သံကိရဇာတ်၊ နဝနိပါတ် ပဒကုသလဇာတ်များတွင် တွေ့ရသည်။ ပုဂံရာဇဝင်တွင်လည်း စလေမင်းခွေးကို သတ်ပစ်ပြီး မင်းသစ်တင်ခဲ့ကြသော အစဉ်အလာ ရှိခဲ့ဖူးသည်။ မြန်မာ့အစဉ်အလာ ရာဇနီတိကျမ်းများတွင် အကြီးအမှူး (မင်း) ရာထူးနေရာ မခန့်ထိုက်သူတို့ အကြောင်းကို ဤသို့ ပြဆိုသည်။ ၁။ ကြမ်းတမ်း ရုန့်ရင်းထသော ၂။ ပျက်စီးရာသော အမှုကို ပြုတတ်သော ၃။ အလိုရမ္မက် ကြီးထသော ၄။ ကျမ်းဂန် အသိအမြင်နည်းထသော ၅။ စဉ်းလဲဝန်တိုထသော ၆။ အရှင့်ကျေးဇူးကို ချေတတ်ထသော ၇။ မဟုတ်မမှန်သော စကားကို ဆိုတတ်ထသော ထိုသူမျိုးတွေကို အကြီးအမှူး (မင်း) အဖြစ် မတင်မြှောက်ထိုက်ဟု ဆိုထားသည်။ ရှေးကမင်းအဖြစ်တင်မြှောက်သော ဘိသိက်ပွဲတွင် မင်းအဖြစ်ပြုသူသည် တိုင်းပြည်ကို တိုးတက်ကြီးပွား စည်ပင်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပါမည်ဟု ကတိပြုရသည်။ အကယ်၍ ကတိအတိုင်းမတည် ဘိသိက်သစ္စာပျက်ချေသော် “ကမ္ဘာဆူဝေ၊ လေမုန်တိုင်းဆင်၊ ငလျင်တော်လဲ၊ မြေကြီးကွဲ၍၊ ငရဲမီးလျှံ၊ ဝင်းဝင်းပြောင်ပြောင်၊ တောက်လောင် ကျေညက်၊ သူပျက်သူလောင်၊ ထောင်ထောင်ထားထား၊ ခိုးသားတန္တ၊ စသည်ထွေထွေ၊ နေလတံခွန်၊ ငှက်ပျံ ငှက်ယုတ်၊ စုန်းဖုတ်တစ္ဆေ၊ နန်းထက်နေ၍၊ မွှေမွှေလှန့်ခြောက်၊ မြွေဟောက်ငန်းကျား၊ တက်၍စားသည်ဖြစ် စေသော်” ဟူ၍ မြန်မာစကားနှင့် လျှောက်ကြားရွတ်ဆိုရသည်။ “ကတိအတိုင်း မင်းပြုသော် ကောင်းပါစေ ကတိအတိုင်း မပြုသော် ဦးခေါင်း ခုနစ်စိတ် ခုနစ်ဖြာကွဲစေသတည်း” ဟုသစ္စာတိုင်ရသည်။ မဟာသမ္မတမင်း ဖြစ်ချင်သူတွေ လေ့လာဆင်ခြင်စရာဖြစ်သည်။ (ရည်ညွှန်းကိုးကား - မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း နှင့် ဘိုးတော်ဘုရားကြီး၏ ရာဇသတ်ခေါ်သော အမိန့်တော် တမ်းကြီး၊ ဦးတင်) တင်ညွန့် ၃၁.၁.၂၀၂၃

No comments:

Post a Comment