Friday, May 28, 2021

နေ့မြင် ညပျောက်ဖြစ်သွားရတဲ့တောချစ်သူ

 စစ်ကြောရေးမှာ နေ့မြင်ညပျောက် ဖြစ်သွားရပြန်တဲ့ တောတောင်ချစ်သူ

ရွာလမ်းတွေခေါ်ရာနောက်ကို ဖွံ့ဖြိုးရေးအိပ်မက်တွေနဲ့အတူ သူသွားခဲ့


ဦးစိုးမိုးလှိုင်တစ်ယောက် မေလ ၂၂ ရက်နေ့ ညနေအစောပိုင်းလောက်က သူ ၅ နှစ်လောက် နေထိုင် အလုပ်လုပ်နေတဲ့ရွာဖြစ်တဲ့ ပဲခူးမြို့နယ်အတွင်းက တိုက်ကြီး ကျေးရွာ (ဇောင်းတူ အုပ်စု)ကို တောလမ်းလေးအတိုင်း သူ့ဆိုင်ကယ်ကို စီးလို့ ပြန်လာခဲ့ပါတယ်။


အဲဒီနေ့မတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ သူ့မိသားစုရှိရာ ရန်ကုန်ကအိမ်ကို သူသွားခဲ့ပါတယ်။ ရန်ကုန်ကနေအပြန် အတူခေါ်လာတဲ့ သူ့သားငယ်ကို ဇနီးဖြစ်သူရဲ့ အမျိုးတွေရှိရာ (ပဲခူးကနေ မြောက်ဘက် အထွက် ဘုရားကြီး လမ်းဆုံနားက) ဝင်္ဂဘော်ရွာမှာ သွားထားပြီး ညအိပ်နားခဲ့ပါသေးတယ်။


အဲဒီနေ့က ရွာကိုပြန်နေတဲ့ လမ်းမှာပဲ သူနေတဲ့ တိုက်ကြီးရွာကို စစ်သားတွေ ကားတစ်စီးနဲ့ (အစောပိုင်းတုန်းက) သွားနေတယ်ဆိုတာလည်း သူသိခဲ့ပါတယ်။


အဲဒီ စစ်တပ်က သူ့ကို ဖမ်းမှာဆိုတာကို သူထင်ကို မထင်ထားခဲ့ပါဘူး။


ဒီအကြောင်းတွေကို ပြန်ပြောပြရင်း သူအဖမ်းခံနိုင်ရလောက်တဲ့ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်မှုမျိုး ဘာမှလုပ်ထားတာမရှိဘူးလို့ သူနဲ့ အတူ အလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် ကိုအောင်တိုး (လုံခြုံရေးကြောင့် အမည် လွှဲထား)က ဘီဘီစီ ကို ပြောပြပါတယ်။


“သူက အရင်နိုင်ငံရေးလုပ်ဖူးတာကို သိထားကြတော့ ကျွန်တော်တို့က (စစ်အာဏာ သိမ်းပြီး တဲ့နောက်ပိုင်း) သပိတ်မလုပ်ဘူးလား၊ မေးကြတယ်၊ သူက ဘာမှမလုပ်ဘူး၊ ဒီလိုပဲ သူနေ နေတာ။”


တိုက်ကြီးရွာဟာ ဇောင်းတူ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စခန်းလည်းရှိတဲ့ရွာပါ။ အဲဒီရွာနဲ့ အနားကရွာ ၂ရွာပေါင်း ရွာစုမှာ အိမ်ခြေက ၄၀၀ လောက် ရှိပါတယ်။


အဲဒီရွာမှာ လူစုကြ၊ ဆန္ဒပြကြတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုလေး တွေ အနည်းအကျဉ်းသာ ဖြစ်ခဲ့တာပါ။ အဲဒီလှုပ်ရှားမှုတွေနဲ့လည်း သူပတ်သက်ခဲ့တာ မဟုတ်ပါဘူး။


သူ အဲဒီ ဒေသဘက်မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ စည်ပင်တိုးပွားလာဖို့ ကြိုးစားနေသလို၊ ပညာရေးနဲ့ တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာလို့ သူ့ မိသားစုဝင်တွေ၊ သူ့ မိတ်ဆွေတွေ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။


ကျေးလက်မှာ အခြေစိုက်နေတဲ့သူဟာ ရန်ကုန်က မိသားစုအိမ်ကို လအတော်ကြာမှ တစ်ခေါက်လောက်ပြန်တတ်တယ်လို့ ဇနီးသည်ကပြောပါတယ်။


သူဖမ်းဆီးခံရ၊ သေဆုံးခဲ့ရပုံ

သူရွာကို ဆိုင်ကယ်နဲ့ တောလမ်းအတိုင်း ပြန်လာတုန်း လမ်းမှာ စစ်သားတွေက သူ့ခေါင်းကို သေနတ်နဲ့ လွှဲရိုက်ချပြီး ဖမ်းခေါ်သွားတယ်၊ အဲဒီအချိန် ကတည်းက သူသတိမရတော့တာလို့ အစပိုင်းတုန်းက သတင်းကြားခဲ့ရပေမယ့် နောက်ပိုင်းမှာ အဲဒီ ရွာထဲက မျက်မြင်တွေရဲ့ အပြောအရ အသေအချာသိလိုက်ရတာကတော့ သူ့ကို ရိုက်နှက်တာမျိုးမရှိဘဲ လူတွေရှေ့မှာပဲ ဖမ်းဆီးခေါ်ယူသွားတာလို့ သူ့ဇနီးဖြစ်သူ ဒေါ်မြတ်မူယာဝင်းက ပြောပြပါတယ်။


“သူ့ကို ရွာထဲမှာပဲ လူတွေရှေ့မှာ ဖမ်းခေါ်သွားတာ၊ ဖမ်းခေါ်သွားတဲ့သူတွေက ၉၀၁ အမြောက်တပ်မမှူး ဗိုလ်မှူးကြီးနဲ့ စစ်သားတွေ၊ သူတို့က ကျွန်မယောက်ျားကို အကောင်းပကတိ ခေါ်သွားတာ။”


(သူ ပြောတဲ့ ၉၀၁ အမြောက်တပ်မ ဆိုတာ ပဲခူးမြို့နယ် ၊ ဘောနက်ကြီးရွာအနီး ရန်ကုန် - မန္တလေး အမြန်လမ်းမ မိုင်တိုင် ၄၁ နားမှာ အခြေစိုက်တဲ့ အမှတ် ၉၀၁ အမြောက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ဆိုလိုတာဖြစ်ပြီး၊ ဦးစိုးမိုးလှိုင်ကို လာဖမ်းစဉ်က အဲဒီတပ် ဟုတ်၊ မဟုတ်နဲ့၊ အဲဒီ ဗိုလ်မှူးကြီး ပါ၊ မပါဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။)


သူနဲ့ အဲဒီ မေ ၂၂ ရက်နေ့က ဖုန်း ၃ ခါလောက် သူ့အမျိုးသားနဲ့ ပြောဖြစ်တယ်၊ ပြဿနာရှိနေတဲ့ အရိပ်အယောင်တွေ ဘာမှမရှိဘူး၊ ညနေ ၃ နာရီလောက်အထိ နောက်ဆုံးပြောဖြစ်ပြီး ညနေ ၆ နာရီ လောက်မှာတော့ ဦးစိုးမိုးလှိုင်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းရခဲ့တယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။


အဲဒါနဲ့ ဒေါ်မြတ်မူယာဝင်းဟာ သူ့ခင်ပွန်းသည်ရဲ့ မိုဘိုင်းဖုန်းကို အကြိမ်ကြိမ် ဆက်ကြည့်ရာမှာ နောက်ဆုံး “အခေါက် ၄၀၊ ၅၀ လောက်ဆက်ပြီးတဲ့ အချိန် ည ၇ နာရီလောက်မှာ ယောကျ်ား တစ်ယောက် (ဦးစိုးမိုးလှိုင် မဟုတ်)က ဖုန်းကိုင်ပြီး “စစ်တပ်ထဲမှာ” ရောက်နေတယ်”လို့ ပြောကာ ဖုန်းချသွားကြောင်း ပြောပါတယ်။


တိုက်ကြီးရွာမှာ ရဲစခန်းရှိပေမယ့် သူ့ကို စစ်တပ်ကဖမ်းတာ၊ စစ်တပ်က စစ်ဆေးတာ ဖြစ်ပြီး ရဲတွေကို ပါဝင်ပတ်သက်ခွင့်မပေးဘူးလို့ သိရပါတယ်။ သူနဲ့ အတူ အဲဒီရွာထဲက ကျောင်းဆရာ အပါအဝင် လူ ၅ ယောက်လည်း အဖမ်းခံခဲ့ရပါတယ်။


နောက် ၂ ရက်အကြာ မေလ ၂၄ ရက် ညပိုင်းမှာတော့ ဦးစိုးမိုးလှိုင် သေဆုံးသွားပြီ ဆိုတဲ့ သတင်းကို သူ့မိသားစုဝင်တွေ၊ သူ့အနီးအနားက မိတ်ဆွေတွေ တဆင့်စကား၊ တဆင့်နားနဲ့ ကြားသိ လိုက်ရပါပြီ။


ဦးစိုးမိုးလှိုင်အပါအဝင် ဒေသခံရပ်ရွာအသိုင်းအဝိုင်းနဲ့ သိကျွမ်းတဲ့ ရဲစခန်းမှူး တစ်ယောက်ဆီကို စစ်တပ်ကနေ သတင်းဖောက်ထုတ်ပေးပြီးတဲ့နောက်၊ အဲဒီ ရဲစခန်းမှူးကနေ တစ်ဆင့် လူတွေ သိကြရတာပါ။


မိသားစုက သူ့ရဲ့ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို စျာပနလုပ်ပေးဖို့ နောက်နေ့ မေလ ၂၅ ရက်နေ့ မနက်အစောကြီးကတည်းက ပြန်လိုက်လံ တောင်းရာမှာ သတင်းတွေ အမျိုးမျိုးရ၊ လိုက်ရတဲ့နေရာ အမျိုးမျိုးဖြစ်တာတွေ ကြုံခဲ့ရပြီးတဲ့နောက် နောက်ဆုံးမှာ တော့ ရန်ကုန်၊ မင်္ဂလာဒုံ စစ်ဆေးရုံကိုသွားပါ၊ အလောင်းပို့လိုက်ပြီ ဆိုလို့ သွားခဲ့ကြ ရပါတယ်။


အလောင်းကို စစ်တပ်ကပဲ အခေါင်းထဲမှာ ထည့်ပြီး ပြင်ထားပေးသလို၊ မျက်နှာက လွဲလို့ အလောင်းရဲ့ တခြား ကိုယ်ခန္ဓာနေရာတွေကို မိသားစုက ကြည့်ရှု စစ်ဆေးခွင့် မရခဲ့ပါဘူး။ စျာပနကို မိသားစုဝင်တွေ တက်ရောက်ခွင့်ရပေမယ့် စစ်တပ်က သင်္ဂြိုဟ် ပေးတဲ့ စစ်ဆေးရုံနားက သုသာန်မှာပဲ သင်္ဂြိုဟ်ခွင့်ရခဲ့တာပါ။


ဒီလိုအလောင်းပြန်ရဖို့၊ စျာပနတက်ခွင့်ရဖို့အတွက်တောင် ဦးစိုးမိုးလှိုင်ရဲ့ အစ်ကိုဖြစ်သူ စစ်ကောင်စီရဲ့ ပြည်ထဲရေးဌာန ဒုဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်က ဝင်ရောက် လုပ်ပေးတာကြောင့် ဖြစ်လာတာလို့ မိသားစုဝင်တွေက ယုံကြည်ကြပါတယ်။


ကျေးလက်လမ်းတွေရဲ့ ခေါ်ရာနောက်ကို

လုပ်ဖော်ကိုင်ဖက်တွေက ကိုစိုးမိုးလို့ ခေါ်ကြတဲ့ သူ၊ အသားမည်းမည်း၊ လူပုံတောင့်တောင့် တင်းတင်း၊ အရပ်က ထောင်ထောင်မောင်းမောင်းမို့ သူ့ အပေါင်းအသင်း နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက ကိုမဲ ဒါမှမဟုတ် မဲကြီးလို့ ခေါ်ကြတဲ့သူဟာ ကျေးလက်ပျော် တစ်ယောက်ပါ။


ပဲခူးချောင်းဖျားက ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ရင်း သူနေထိုင်နေတဲ့ တိုက်ကြီးရွာဟာ တော်တော်သွားရခက်ပါတယ်။


ပဲခူးကနေ ထွက်လာ၊ ဘုရားကြီး လမ်းဆုံကျရင် ဘယ်ဘက်ကို ချိုး၊ အဲဒီကနေ (ရန်ကုန် - မန္တလေး)အမြန်လမ်းမကို ဖြတ်လာပြီး ဇောင်းတူရွာကိုရောက်အောင်က ပဲခူးကစတွက်ရင် ၃ နာရီကျော်ကျော် မောင်းရပါတယ်၊ အဲဒီနေရာမှာတော့ ကားလမ်းက ဆုံးသွားပါပြီ။ အဲဒီဇောင်းတူကနေ တောလမ်းအတိုင်း ၁ နာရီကျော် ၂ နာရီလောက် ခရီးနှင်ပါမှ တိုက်ကြီးရွာကို ရောက်တာလို့ ဆိုပါတယ်။ ဇောင်းတူ -တိုက်ကြီးလမ်းက မိုးတွင်းဆိုရင် ကားသွားလို့ မရအောင် ဆိုးပါတယ်။ (တရားမဝင်)သစ်တင်ကားတွေ သုံးတဲ့လမ်းမို့ ခဏ ခဏလည်း ပျက်တတ်ပါ သေးတယ်။


“သူက ကျောင်းလိုချင်တဲ့ ရွာဆိုရင် ရွာကလူတွေနဲ့ (ပဲခူးတိုင်း)အစိုးရပိုင်း လွှတ်တော်ပိုင်းက လူတွေနဲ့ ချိတ်ဆက်ပေးတယ်၊ အလှူရှင်တွေနဲ့ ချိတ်ပေးတယ်၊ ဒီအတောအတွင်း ကာလမှာ ထားဝယ်နဲ့ မဒေါ့မြောင် (တိုက်ကြီးရွာနားက ရွာ ၂ ရွာ)မှာ လျှပ်စစ်မီးသွယ်နိုင်အောင် သူက လုပ်ပေး နေတာ၊ မဒေါ့မြောင်မှာ ကျောင်းဖြစ်လာ တာဆိုရင် သူ့ ကြိုးစားမှုလည်း ပါတယ်၊ အဲဒီကျောင်းက ကလေးတွေကို သူက လွှတ်တော်ကို (လေ့လာရေးခရီး) ခေါ်သွားပြ ပေးသေးတာ” လို့ ကိုအောင်တိုးက ပြောပြပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှာပါဝင်ပြီး ၁နှစ်ကျော် တောထဲမှာ လက်နက်ကိုင်ကာ အဲဒီတုန်းက စစ်အစိုးရကို တိုက်ပွဲဝင်ခဲ့ ဖူးသူ၊ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆုရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနဲ့ ဒီမိုကရေစီရလိုကြောင်း ဒီဇင်ဘာ ၁၀ ရက် ၁၉၉၁ ခုနှစ်မှာ ဆန္ဒပြခဲ့တဲ့အတွက် အကျဉ်းထောင်ထဲမှာ ၁၃ နှစ်ကျခံခဲ့ရတဲ့သူဟာ ထောင်က လွတ်ပြီးနောက်ပိုင်း အထူးသဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ နှစ်ပေါင်း များစွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လာသူပါ။


စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းမှာရှိတဲ့ ဇလုံတောင် အရပ်ဒေသဖက်မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်း စတင်အကောင်အထည် ပေါ်လာအောင် လုပ်ဆောင်ခဲ့တဲ့သူလို့ သူ့ ရဲ့ နိုင်ငံရေး အပေါင်းအသင်းတွေက သိထားကြပါတယ်။


“ခရီးသွားလုပ်ငန်းတွေ(အဲဒီ ဇလုံတောင်ဘက်မှာ)ဖြစ်ထွန်းလာတော့ စီးပွားရေးသမားတွေက ဝင်လာ၊ သူက စီးပွားရေးလုပ်ငန်းထဲ ဝင်မလုပ်ဘဲ အဲဒီဒေသကနေ ပြန်ထွက်လာခဲ့တယ်၊ နောက်နေရာတွေကို သွားတယ်၊ သူ့ ဇနီးဘက်က အမျိုးတွေရှိရာ ပဲခူး၊ ဝင်္ဂဘာရွာဘက် မှာသွားပြီး ပညာရေး ကွန်ရက်လုပ်ငန်းတွေ သွားလုပ်ပေးဖူးသေးတယ်”လို့ သာယာဝတီ ထောင်ထဲမှာ သူနဲ့ အတူနေဖူးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသမားဟောင်းတစ်ယောက်က ပြောပြပါတယ်။


စစ်တပ်က လာဖမ်းခေါ်သွားတယ်၊ ကျန်းကျန်းမာမာကြီးနဲ့သူဟာ အဖမ်းခံရပြီး တရက်ကျော်ကြာအချိန်အတွင်းမှာပဲ သေဆုံးခဲ့ရတာမို့ မိသားစုဝင်တွေအပါအဝင် လူအများက နှိပ်စက်ခံရတာကြောင့် သူသေဆုံးခဲ့ရတာလို့ ယုံကြည်ထားကြပါတယ်။


သူနေသွားတဲ့ အရပ်ကနေလာတဲ့ သတင်းတွေအရ အဲဒီဒေသဘက်တွေမှာ သစ်ခိုးထုတ်သူ တွေရှိတယ်၊ ရေရှည်ဖွံ့ဖြိုးရေးအတွက် သစ်တောတွေ မပြုန်းရေး ဆန္ဒရှိတဲ့ သူ့ကို ရန်သူလို့ သတ်မှတ်ထားသူတွေက ဒီလို နိုင်ငံအနှံ့ မတည်ငြိမ်တဲ့ အချိန်ကာလမျိုး မှာ “ဖောက်ခွဲရေး သမား”လို့ လုပ်ကြံဇာတ်လမ်းခင်းကြတဲ့နောက် (ဒေသတွင်းမှာ အခြေစိုက်တဲ့ ) စစ်တပ်က အရာရှိကြီးကိုယ်တိုင် တက်လာဖမ်းတာလို့ သိရပါတယ်။


ဖမ်းထားချိန်မှာ သွေးပေါင်ကျပြီး သူကွယ်လွန်သွားတာလို့ စစ်တပ်က အကြောင်းပြချက် ပေးပေမယ့် ဒါကို ယုံမယ့်သူ အတော်ရှာရပါလိမ့်မယ်။


သစ်ခိုးသမားတွေ လုပ်ကြံဇာတ်လမ်းလွှင့်လိုက်တာလား၊ ဒါကို စစ်တပ်က ဘာလို့ ဝယ်လိုက်တာလဲ၊ ၂၄ နာရီ ကျော်ကျော် ကာလအတွင်း လူ့အသက်တစ်ချောင်း ပျောက်သွားအောင် စစ်တပ်က ဘာလို့ လုပ်လိုက်တာလဲ။ ဒါတွေက အမေးတွေ သာရှိပြီး အဖြေရနိုင်စရာ မမြင်သေးပါဘူး။


ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ တွေက သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ပြည်သူ ၈၃၀ ကျော်ရှိပြီး ဖမ်းခေါ်သွားပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့ရသူပေါင်းက အယောက် ၂၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန် ထားပါတယ်။


“သစ်တောတွေက ပြုန်းတယ်၊ ခုတ်တဲ့သူတွေ မခုတ်ပါနဲ့လို့ ကိုယ်တွေက တားနိုင်သူမဟုတ်တော့ အဲဒီပြုန်းတဲ့တောတွေထဲ ကိုယ်နိုင်သလောက် အပင် လိုက်စိုက်မယ်ဗျာ”လို့ ကိုမဲက ပြောခဲ့တဲ့စကားကို သူ့ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တစ်ယောက်က ဒီရက်ပိုင်းမှာ အမှတ်တရ ပို့စ် ရေးတင် ပါတယ်။


သဘာဝတောတောင်ကို ချစ်ရင်း ကျေးလက်ကို ဖွံ့ဖြိုးစေချင်တဲ့သူ၊ ကျေးလက်မှာ ပျော်တဲ့သူ တစ်ယောက် ဒီကမ္ဘာမြေကနေ အချိန်မတိုင်မီ စွန့်ခွာလိုက်ရပါပြီ။


မြန်မာနိုင်ငံရဲ့ ဒီလိုခေတ် ဒီလိုကာလမှာ သူ့အတွက် တရားမျှတမှုကို ဘယ်လိုရှာဖွေ သွားကြမှာပါလဲ။


“ဥပဒေကြောင်းအရ ဆက်လုပ်သွားချင်ပါတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ မသိဘူး” လို့ ကလေးငယ် ၅ ယောက်ကို လူတလုံး သူတလုံးဖြစ်အောင် ပြုစု ပျိုးထောင်ရမယ့် တာဝန်နဲ့ ကျန်ရစ်သူ သူ့ဇနီးသည်က ဆိုပါတယ်။

No comments:

Post a Comment