Sunday, May 23, 2021

စစ်ဗိုလ်ချုပ်များ၏ “ဒေါ်အောင်ဆန်းစုကြည်မပါသော အိပ်မက်”


အဆင်ခြင်မဲ့သည့်လုပ်ရပ်များကြောင့် စစ်တပ်ကြီးစိုးသည့်နိုင်ငံရေးစနစ် ပြန်လည်တည်ဆောက်ရေးအစီအစဉ်မှာ အောင်မြင်ရန် အလားအလာမရှိတော့ပေ။


Myanmar Now


စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက NLD ပါတီကို ဖျက်သိမ်းခြင်း၊ ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်အစည်းအဝေးပွဲတွင် မေလ ၂၁ ရက်နေ့က ထုတ်ဖော်ပြောကြားသွားခဲ့သည်။ အဆိုပါထုတ်ပြန်ချက်မျိုးမှာ အများပြည်သူ ထင်မှတ်မထားသော ထုတ်ပြန်ချက်မျိုး မဟုတ်သည့်အပြင် အာဏာသိမ်းမှု၏ ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းမဟုတ်သေးပါ။ အာဏာသိမ်းမှု တနည်းအားဖြင့် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် ထာဝရအကျိုးစီးပွားအတွက် မဟာစီမံကိန်း၏ ဇာတ်လမ်းအစသာဖြစ်သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခြင်းသည် အစမျှသာဖြစ်ပြီး နဝတအစိုးရလက်ထက်ကတည်းက စစ်ဗိုလ်ချုပ်များ တစိုက်မတ်မတ်ကြိုးစားခဲ့သော “ဒေါ်အောင်ဆန်းစုကြည်မပါဝင်သော နိုင်ငံရေးပြုပြင်ပြောင်းလဲရေး” သာလျှင် အန္တိမရည်မှန်းချက်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ 


၂၀၁၀ အခင်းအကျင်းအိပ်မက်


တပ်မတော်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ၁၉၈၈ စက်တင်ဘာလတွင် အပြီးတိုင်ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ထို့နောက် ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းလဲကာ တပ်မတော်ကပင် တိုင်းပြည်အာဏာကို ဆက်လက်ရယူခဲ့သည်မှာ ၂၀၁၁ ခုနှစ် မတ်လအထိဖြစ်သည်။ ၎င်းနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်သော အရပ်သားတပိုင်း ယူနီဖောင်းချွတ် စစ်ခေါင်းဆောင်များကို အာဏာလွှဲပေးခဲ့သည်။ 


အဆိုပါပြုပြင်ပြောင်းလဲရေးမတိုင်မီ စစ်တပ်သည် နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများစွာ ခံခဲ့ရသည်။ အဓိကအားဖြင့် ၁၉၉၇ ခုနှစ်ကစ၍ အနောက်နိုင်ငံများမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ၊ ၁၉၉၆-၁၉၉၈ ကျောင်းသားလှုပ်ရှားမှုများ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စသည်တို့အပြင် နှစ်စဉ် ဆုတ်ယုတ်လာသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေတို့သည် စစ်တပ်အတွက် အာဏာဆက်ထိန်းသိမ်းနိုင်ရေး များစွာအခက်အခဲဖြစ်လာခဲ့သည်။ ထို့ကြောင့် ပေါက်ကွဲတော့မည့် အခြေအနေတွင် ဖိအားလျော့ကျစေရန် ၂၀၀၈ အခြေခံဥပဒေဖြင့် စစ်တပ်အာဏာကို မထိပါးသည့် အရပ်သားတစ်ပိုင်း အစိုးရကို တင်သွင်းလာခြင်းဖြစ်သည်။ 


တပြိုင်နက်တည်းမှာပင် ၂၀၀၈ အစောပိုင်းကစပြီး ပြည်တွင်းပြည်ပ မီဒီယာတချို့ကပါ လိပ်ခဲတည်းလည်း အခြေအနေတွင် “ပေးထားချက်အတိုင်း ကစားရန်” တနည်းအားဖြင့် စစ်တပ်အလိုကျ ရေးဆွဲထားသည့် အခြေခံဥပဒေဘောင် အတွင်းမှပင် အတိုက်အခံအားလုံး လက်တွဲဆောင်ရွက်ကြရန် တွန်းတွန်းတိုက်တိုက် ပြောဆိုလာကြတော့သည်။ စစ်တပ်၏ အာဏာရေရှည်ထိန်းသိမ်းထားရေး မဟာစီမံကိန်းကို သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ထိုအချိန်က ကဝိပညာရှိများပင်လျှင် တိုင်းပြည်ဆက်လက် မနစ်နာစေရေးဆိုသည့် ခံယူချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ဝိုင်းဝန်းထောက်ခံပေးခဲ့ကြပေသည်။ ပြည်သူလူထုအနေနှင့်ကား ရွေးချယ်စရာ လုံးဝမရှိသည့်အလျောက် စစ်အာဏာရှင်တို့ ဖော်ဆောင်သော ရွေးကောက်ပွဲကို လက်ပိုက်ကြည့်နေခဲ့ရပေသည်။ 


၂၀၁၀ ရွေးကောက်ပွဲကျင်းပခြင်းသည် စစ်အာဏာရှင်များအတွက် အခြားရည်ရွယ်ချက်လည်း ရှိခဲ့ကြပေသည်။ နိုင်ငံရေးပါတီများအကြား အထူးသဖြင့် အဓိကအတိုက်ခံပါတီ NLD ခေါင်းဆောင်များအကြား ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး အငြင်းပွားစေရန်ဖြစ်သည်။ NLD ပါတီသည် ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်သောအခါတွင်လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပြုပြင်ပြောင်းလဲရေးကို ဆာလောင်နေသည့် ပြည်သူများ၊ ဆိုခဲ့သည့် ပေးထားချက်အတိုင်း ကစားလိုသည့် ပညာရှင်များအကူအညီဖြင့် အင်တိုက်အားတိုက် ပွဲထွက်လာခဲ့တော့သည်။ သို့သော် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မပါဝင်သော ပြုပြင်ပြောင်းလဲရေးကို သံသယရှိခဲ့သည့်အတွက် ဦးသိန်းစိန်အစိုးရက သူ့ကို လွှတ်တော်အတွင်းသို့ ဖိတ်ခေါ်ခဲ့ရသည်။ အဆိုပါ ဆုံးဖြတ်ချက်အတွက် ကြံ့ခိုင်ရေးပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်များစွာ သဘောထားကွဲလွဲခဲ့သည်ကို ၎င်းတို့ကိုယ်တိုင် ရေးသားထုတ်ဝေသော စာအုပ်များတွင် ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ 


၎င်းတို့ရေးသားချက်များမှ တူညီသောအချက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် မထင်မှတ်ဘဲ လွှတ်တော်တွင်း ဝင်ရောက်ခဲ့ခြင်းက ၎င်းတို့အတွက် နောက်ပိုင်းတွင် များစွာ အကျပ်ရိုက်ခဲ့ကြကြောင်း ဖော်ပြချက်များပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိသောအခါတွင် စစ်တပ်၏ “ဒေါ်အောင်ဆန်းစုကြည်မပါဝင်သော ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရန် (သို့) ဒေါ်အောင်ဆန်းစုကြည်၏ အာဏာကို အကန့်အသတ်ဖြင့်ထားကာ စစ်တပ်ဩဇာအာဏာ တည်ဆောက်ရေးလမ်းစဉ်” မှာ ဝေဝါးလာရတော့သည်။ 


၂၀၂၀ ရွေးကောက်ပွဲနှင့် လတ်တလောအခြေအနေများ


လတ်တလောအခြေအနေများနှင့် ပတ်သက်၍မူ အများပြည်သူသိရှိပြီးဖြစ်သည့်အတိုင်း စစ်တပ်က ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုစွပ်စွဲချက်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် ၂၀၁၅-၂၀၂၀ အတွင်း တဖြည်းဖြည်း ယုတ်လျော့လာသော ၎င်းတို့၏ စီးပွားရေး၊ နိုင်ငံရေး ခြယ်လှယ်နိုင်စွမ်းအပေါ် များစွာ စိတ်မသက်မသာဖြစ်လာကြတော့သည်။ သို့သော် စစ်ခေါင်းဆောင်များသည် NLD ပါတီ၏ အားနည်းချက်များကို အပြင်းအထန် ထောက်ပြဝေဖန်လာသည့် လုပ်ငန်းရှင်ကြီးများ၊ ပညာတတ်များ၊ တက်ကြွလှုပ်ရှားသူများကို မြင်တွေ့လာရသည့်အခါ မျှော်လင့်ချက်ဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်လာရသည့် စစ်ခေါင်းဆောင်များမှာ အာဏာကို မတရားထိန်းသိမ်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။ 


စစ်ကောင်စီ၏ မျှော်လင့်ချက်


စစ်ကောင်စီသည် ယင်းတို့၏ စီနီယာများ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထားရှိခဲ့သော ၂၀၀၈ အခြေခံဥပဒေလမ်းစဉ်အပေါ်မှ သွေဖယ်ရန် လတ်တလော စဉ်းစားဦးမည်မဟုတ်ပေ။ ၁၉၈၈ မှ ၂၀၁၀ အတွင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ခံစားခဲ့ရသည့် ခြောက်အိပ်မက်ကို ပြန်သွားလိုစိတ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့်လည်း ၂၀၀၈ ခြေဥကို ရေးဆွဲကာ ထာဝရ သက်တောင့်သက်သာ အာဏာကို ဆုပ်ကိုင်သွားရန် အထူးသတိပြုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်ရောက်လာခြင်းသည် ၎င်းတို့အတွက် မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤအမှားကို အမြန်ဆုံးပြင်ဆင်သည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ NLD ပါတီကို ဖျက်သိမ်းကာ ၎င်းတို့ ကြိုးပမ်းခဲ့သည့် ၂၀၁၀ အိပ်မက်ကို ပြန်မက်ရန် တာစူလာကြခြင်းဖြစ်သည်။ 


၂၀၂၁ သည် ၂၀၁၀ မဟုတ်တော့


၂၀၂၁ သည် ၂၀၁၀ ကဲ့သို့ စစ်အာဏာရှင်အလိုကျ ပြန်လည်အသက်သွင်းမည့် ပြုပြင်ပြောင်းလဲရေးကို လက်ခံမည့် ရေခံမြေခံ မရှိတော့သည်ကို စစ်ခေါင်းဆောင်များ တွက်ချက်ထားခြင်းမရှိပါ။ 


လူထု။ ။ ၂၀၂၁ လူထုသည် ၂၀၁၀ လူထုနှင့် မတူညီဘဲ ဒီမိုကရေစီ၏ အရသာတချို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာအသိုင်းဝိုင်းကို ပြန်လည်ဝင်ဆံ့လာမှုတို့ကို ခံစားသိရှိပြီး ဖြစ်သည်။ ထို့အပြင် ၂၀၁၀ မှ ပြည်သူလူထုမှာ အကြွင်းမဲ့ စစ်အုပ်ချုပ်ရေးကို ရွေးမည်လား၊ အရပ်သားတစ်ပိုင်းအစိုးရကို ရွေးမည်လား ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ အခု ပြည်သူကို ရွေးခိုင်းနေသည်မှာ ပြည်သူ့မဲနှင့် ရွေးကောက်တင်မြှောက်ရသည့်အစိုးရနှင့် စစ်အာဏာရှင်အလိုကျအစိုးရဖြစ်နေသည်။ 


နိုင်ငံတကာ။ ။ ၂၀၁၁ ဦးသိန်းစိန်အစိုးရအား နိုင်ငံအများစု ထောက်ခံခဲ့သည်ကို စစ်ကောင်စီအနေဖြင့် ပြန်ပြောင်း စိတ်ကူးမယဉ်ဖို့လိုသည်။ ထိုအခြေအနေက စစ်အာဏာရှင်စနစ်မှ ကူးပြောင်းလာခြင်းဖြစ်သည့်အတွက် တစိတ်တပိုင်း အရပ်သားအစိုးရအပေါ် ကြိုဆိုကြခြင်းဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်တွင် လွှတ်တော်အတွင်း ပါဝင်လာခြင်းကြောင့် အပြည့်အဝ ထောက်ခံမှုရလာခဲ့သည်ကို သတိချပ်သင့်သည်။ အထူးသဖြင့် ပြည်သူထောက်ခံမှု မရရှိနိုင်သည့် စစ်အာဏာရှင်ပုံဖော်မည့် အစိုးရအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စကဲ့သို့ နိုင်ငံတကာဖိအားများကို ရင်ဆိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ 


ဒီမိုကရေစီအင်အားစုများ။ ။ ဒီမိုကရေစီအင်အားစုများ ပြီးခဲ့သည့် ၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအပေါ် ဖိအားပေးခဲ့ခြင်းကို စစ်ဗိုလ်ချုပ်ကြီးများ မျှော်လင့်ချက်မကြီးဖို့လိုသည်။ ယခုစစ်ကောင်စီတွင် NLD ပါတီကို မကျေနပ်ခဲ့ကြသည့်၊ အတိုက်အခံပြုခဲ့ကြသည့် လူပုဂ္ဂိုလ်များ၊ ပါတီများ ထည့်သွင်းထားသည်ကို တွေ့ရှိရပေသည်။ သို့သော် အများစုသော ဒီမိုကရေစီအင်အားစုများမှာ NLD ၏ ဒီမိုကရေစီစံနှုန်းနှင့် မူဝါဒများအပေါ် ဝေဖန် ထောက်ပြခဲ့ကြခြင်းဖြစ်ပြီး စစ်တပ်၏လုပ်ရပ်များအပေါ် ထောက်ခံလာကြမည်မဟုတ်ပါ။


နိုင်ငံရေးပါတီများ။ ။ ၂၀၁၀ တုန်းကကဲ့သို့ပင် ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီက မကြာခင် စည်းရုံးကာ အင်အားကြီးပါတီများ အကွဲအပြဲကို မျှော်လင့်မည်ဖြစ်သည်။ ယခုပင် ANP, MUP နှင့် နောက်ဆုံး PP ပါတီတို့မှ ပါတီဝင် အများအပြား နုတ်ထွက်ကြသည်ကို တွေ့နေရပြီဖြစ်သည်။ အလားတူ မဲများသူအနိုင်ရစနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) ကို တင်သွင်းခြင်း၊ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ခြင်း စသည်တို့ဖြင့် လူမျိုးစုပါတီများကို စည်းရုံးလာနိုင်ခြေရှိသည်။ သို့သော် စစ်ကောင်စီ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွင် ပါဝင်လာမည့်သူများ၊ ပါတီများပါ နိုင်ငံရေး ဆုံးခန်းတိုင်သွားသည်ထိ ပြည်သူက နာကျည်းသွားစရာရှိနေသည်။ ထို့အပြင် စစ်ကောင်စီအစီစဉ်တွင် ပါဝင်လာမည့် နိုင်ငံရေးပါတီများအနေဖြင့် အချို့မှာ NLD အစိုးရ မအောင်မြင်ခဲ့သည့် လွှတ်တော်တွင်းမှ စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို အဆုံးသတ်ရန်လမ်းစဉ်ကို ပြန်လည်ကြိုးစားလာကြမည်ဖြစ်၍ စစ်တပ်အနေဖြင့် ၂၀၁၀-၂၀၁၂ ထက် ပိုမိုသော ဖိအားများ ရင်ဆိုင်ရမည်သာဖြစ်သည်။ 


အချုပ်အားဖြင့်ဆိုသော် လက်ရှိ စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ စီနီယာများ ချမှတ်ထားခဲ့သည့် ၂၀၀၈ ခြေဥလမ်းစဉ်ကို ပိုမိုကောင်းမွန်အောင် NLD ကို အပြီးတိုင်ရှင်းလင်းကာ ရှေ့ဆက်ကြလိုခြင်းသာဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်များ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ရှိခဲ့သည့် နိုင်ငံရေးအခွင့်ထူးများပါ အကြီးအကျယ် ဆုံးရှုံးသွားမည့်လမ်းအား အဆင်ခြင်မဲ့စွာ ရွေးမိလျက်သားဖြစ်သည်။ ထိုသို့ ၂၀၁၀ အိပ်မက် မဖြစ်နိုင်သည့်အတွက် အာဏာကို ဆက်လက် ထိန်းသိမ်းထားမည်ဆိုပါကလည်း ယခင် ခက်ခဲစွာရရှိထားသော တပ်မတော်ကို ပြည်သူလက်ခံလာမှု၊ အကျိုးစီးပွား စသည်တို့ အပြင်းအထန်ထိခိုက်မည့်အပြင်၊ ရိုဟင်ဂျာအရေးကဲ့သို့သော နိုင်ငံတကာဖိအားများနှင့် အပြင်းအထန်ရင်ဆိုင်ရမည်သာ ဖြစ်သည်။ ၂၀၁၀ အိပ်မက်ကို ရသည့်နည်းနှင့် အကောင်အထည်ဖော်ရန် ကြိုးစားပါကလည်း ပြည်သူအနည်းငယ်၏ ထောက်ခံမှုသာ ရနိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူတို့အပါအဝင် အများပြည်သူကျေနပ်မှုမရှိဘဲ စစ်ကောင်စီက ရွေးကောက်ပွဲနောက်တစ်ခု ထပ်လုပ်ပါက တသက်စာ နိုင်ငံရေးနလံမထူတော့မည့်ပါတီများနှင့် ၂၀၁၀ အိပ်မက်ကို ရှေ့ဆက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

No comments:

Post a Comment