Saturday, January 25, 2020

မြန်မာ့သမိုင်းမှာရုပ်ဆိုးအကျဉ်းတန်ခဲ့သော စစ်အာဏာရှင်တို့၏လုပ်ကျန်မူ ဒီပဲယင်း။


မမေ့အပ်သောနေ့တနေ့
အမှတ်တယရှိစေဖို့
ပြန်လည်ဝေမျှပါသည်...

*******
"ကောင်မ'တွေ ပင်နီအကျီင်္ချွတ်"
"ထဘီရင်လျား"
"ဟိုကောင် ! ဝမ်းလျားမှောက်"
"ကောင်မ'တွေ မရှက်ဘူးလား ?
ပြည်ပအားကို ပုဆိန်ရိုးမ'တွေ!!

"အိမ်ရှင်တို့!! အိမ်ရှင်တို့ !!
ပေါက်ပြားခဏလောက်!!
ပေါက်ပြားခဏလောက် "

"နက်နက်တူး!! နက်နက်တူး"

ဒါကတော့ 'ဒီပဲယင်းရောက်ခါနီး ကျည်ရွာ(ကျီစုရွာ)အလွန်
ညအမှောင်ထဲက
ညည်းသံတွေကြားထဲမှာ
ဆက်တိုက်ကြားနေရတဲ့
စကားသံတွေပါပဲ။

၂၀၀၃ ခုနှစ် မေလ ၃၀ရက်။
ည ၈ နာရီခန့်အချိန်။
ပတ်ဝန်းကျင်က မှောင်နဲ့မည်းမည်း။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနဲ့ပါလာသူတွေကို
ဒီပဲယင်းအနီး
ကျည်ရွာ(ကျည်စုရွာ)အလွန် ကားလမ်းမတစ်နေရာမှာ
အမည်မသိ လူရမ်းကားအုပ်စုကြီးက
ဝိုင်းဝန်းတိုက်ခိုက်ရိုက်နှက်ကြရင်း
အခုလို ပြောဆိုနေကြတာ
ဖြစ်ပါတယ်။

"ဓာတ်ပုံလာရိုက်ကြတာကို
တဖျတ်ဖျတ် မီးလင်းတော့သိရတယ်။
ကျွန်မကားရဲ့ဘေးမှာကို
အလောင်း ၃၀ လောက်ရှိနေတယ်"လို့
ဒေါ်ဝင်းမြမြ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊မန္တလေးတိုင်းရဲ့ ဒုဥက္ကဌ)က
ဒီပဲယင်းည
ကိုယ်တွေ့အဖြစ်အပျက်အကြောင်း
သူ့ဆောင်းပါး(စာ -၂၁၉)မှာ ရေးထားပါတယ်။

နောက်တော့
"တပ်ဖွဲ့ -၁၊တပ်ဖွဲ့ -၂၊
တပ်ဖွဲ့ -၃"ဆိုပြီး
အချက်ပေးခေါ်သံ။
ကားတွေပေါ်ကို
အဖွဲ့လိုက် "တဝုန်း....ဝုန်း"နဲ့ ပြေးတက်သွားကြတဲ့အသံ။
ကားထဲကနေ
"မီးတွေငြိမ်း၊မီးတွေငြိမ်း"ဆိုတဲ့အသံ။

ဒီအသံတွေအရ
အကြမ်းဖက်လူအုပ်စုကြီး
ပြန်ရုတ်သိမ်းသွားကြပုံပါပဲလို့
ဒေါ်ဝင်းမြမြက သူ့ကိုယ်တွေ့ဆောင်းပါး(စာ -၂၂၀)မှာ ပြန်ပြောင်းပြောပြထားပါတယ်။

ခရီးစဉ်လမ်းကြောင်းကို ပြန်ကြည့်ရင်
မေ ၃၀ ရက်မနက် ၁၀ နာရီမှာ
မုံရွာကစထွက်။
၁၁ နာရီနဲ့ ၁၂ နာရီကြား ဘုတလင်ဝင်။
ဘုတလင်ကနေ ၅ နာရီပြန်ထွက်ပြီး
စိုင်ပြင်ကြီးကို
ညနေ ၆ နာရီရောက်တယ်။

စိုင်ပြင်ကြီးကနေ စထွက်ရော
ထောက်လှမ်းရေးကား
ပါမလာတော့ဘူး။
လူအုပ်ခံသွားလို့ကျန်နေရစ်တာဆိုပြီး
ထောက်လှမ်းရေးက အကြောင်းပြပါတယ်။

ဖုန်းလိုင်းအဆက်အသွယ်
ပြတ်တောက်သွားခဲ့တာလည်း
ဘုတလင်မှာ ကတည်းကပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းရဲ့
အနောက်ဖက်၂ ဖာလုံလောက်
အကွာအဝေးကနေ
ကား ၁၀ စီးပါ ကားတန်းရှည်ကြီးက
မီးဖွင့်မောင်းပြီးလိုက်လာတာ
သတိထားမိတယ်။

ပြောရရင်
အခု ခရီးစဉ်မတိုင်မီကတည်းက
စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာနဲ့
စဉ့်ကူးမြို့မှာရှိတဲ့ အထကကျောင်းတွေထဲ
"ပျူစောထီးတပ်"လို့အမည်တပ်ပြီး
ဝါရင်းတုတ် သင်တန်းတွေပေးနေကြောင်း၊
ရွှေလုပ်ငန်းလုပ်တဲ့ကုမ္ပဏီက
လက်လုပ်လက်စား အလုပ်သမားတွေကို
အရက်တိုက် ပိုက်ဆံပေးပြီး
ခေါ်ယူထားကြောင်း
စဉ့်ကူးမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တာဝန်ရှိသူတွေ ဖြစ်တဲ့
ဦးစိန်ထွန်း၊ဦးမာဃ၊ဦးစန်းဦးမောင်၊
ဦးစန်းဝင်းဦး၊ဦးမောင်မောင်ဝင်းတို့က
ကြိုတင် သတင်းပို့ထားတာလည်းရှိပါတယ်။

"၂၀၀၃ မေလ ၂၉ ရက်
မြင်းမူမှာကတည်းက
ရိမ်းဂျားမှန်လုံ၊ဒိုင်နာ
၄- ၅ စီးနဲ့အတူ
သန်သန်မာမာ
လူငယ်လူလတ်ပိုင်းချည်းပါတဲ့
အင်အား ၃၀၀ ခန့်ပါ
လူအုပ်ကို သတိထားမိတယ်။
သူတို့ထဲ အမျိုးသမီးတစ်ယောက်မှ မပါဘဲ
အားလုံးရဲ့ လက်ကောက်ဝတ်မှာ
တစ်လက်မပြားအရွယ်
ပိတ်ဖြူစတွေ ချည်ထားကြတယ်"လို့
ဒေါ်ဝင်းမြမြက(စာ -၂၁၄)မှာ ရေးထားပါတယ်။

ကျည်ရွာ(ကျီစုရွာ)ကနေ
လွန်လာတော့
ညနေ ၆ နာရီခွဲ ၇ နာရီလောက်ရှိနေပြီ။

လမ်းတစ်နေရာရောက်တော့
လက်ကောက်ဝတ်တွေမှာ
ပိတ်ဖြူစ ကြိုးချည်ပြီး
အမှတ်အသား လုပ်ထားတဲ့
ဘုန်းကြီး၂ ပါးက
ဒေါ်အောင်ဆန်းကြည်ကားကို
ရပ်ခိုင်းပြီးမိန့်ခွန်းပြောဖို့
တောင်းဆိုတဲ့အခါလိုက်လျောမပေးဘဲ
ဆက်သွားခဲ့တယ်။

ယာဉ်တန်းနောက်ဖက်
ခပ်လှမ်းလှမ်းမှာ
ချက်ချင်းပြန်မသွားကြသေးဘဲ
"ဒေါ်အောင်ဆန်းကြည်ကျန်းမာပါစေ"လို့ထောက်ခံကြွေးကြော်ရင်းနဲ့
ကျည်ရွာသားတွေ
ကျန်နေရစ်ခဲ့ကြတာ။

အဲဒီကျည်ရွာသားတွေကို
နောက်က လိုက်လာတဲ့
ကားတန်းနဲ့လူမိုက်တွေက
စတင်ရိုက်နှက်ကြတာပါ။

ယာဉ်တန်းနောက်ဆုံးကနေ
ရုတ်ရုတ်သဲသဲအော်ဟစ်သံတွေ၊ရိုက်သံနှက်သံတွေကြားရတာမို့
ယာဉ်တန်းကိုရပ်တန့်ပြီး
အခြေအနေစုံစမ်းစေပါတယ်။
အမျိုးသားဒီမိုကရေစီချုပ်
လူငယ်ခေါင်းဆောင်
ဦးတင်ထွဋ်ဦး(ယခုမန္တလေးတိုင်း
NLD ဥက္ကဌ)က
သွားရောက်စစ်ဆေးရတယ်။

ကားမီးရောင်တွေအောက်မှာ
လူအုပ်ကြီးက
နှစ်တစ်လက္မ သစ်သားချောင်းတွေ၊
ဝါးဆစ်ပိတ် တုတ်တွေနဲ့
အော်ဟစ်ရိုက်နှက်ရင်းတက်လာတာ
တွေ့ရတယ်။

အန္တရာယ်များတဲ့အခြေအနေမို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား
ဖောက်ထွက်မှ ဖြစ်မယ်လို့
အမြန်ဆုံးဖြတ်ကြပြီး
ယာဉ်မောင်း ကိုကျော်စိုးလင်းက
ကားလမ်းဘေးဖဲ့ဆင်းလို့
လှည်းလမ်းကြောင်းအတိုင်း
လူအုပ်ကိုရှောင်တိမ်းပြီး
ဖြတ်မောင်းထွက်နိုင်ခဲ့တယ်။

ရေဦးဂိတ်ရောက်တော့မှသာ
ဒေါ်အောင်ဆန်းစုကြည်
အဖမ်းခံရတာပါ။

"အော်ရင်း၊ရိုက်ရင်းတက်လာတဲ့
လူအုပ်ကြီးရဲ့ရှေ့ဆုံးမှာက လက်ပတ်ပတ်ပြီး၊တုတ်တွေကိုင်ထားတဲ့ဘုန်းကြီးတွေ
အယောက် ၃၀၊၄၀ လောက်ရှိမယ်"လို့
ဦးမျိုးနိုင် - မန္တလေး(ယခု NLD လွှတ်တော်အမတ်)က ပြောပါတယ်။

မောင်းထွက်လာတဲ့
အန်ကယ်ဦးတင်ဦးတို့ကားနဲ့
ဦးတင်ထွဋ်ဦးတို့
လူငယ်အဖွဲ့ကားကတော့
ဒီပဲယင်းအဝင်၊တံတားအလွန်လမ်းပေါ်
ဒိုင်နာကားသုံးစင်း ဖိုခနောက်ဆိုင် ပိတ်ထားတာနဲ့
တည့်တည့်သွားတိုးနေတယ်။

ရှေ့ဆက်သွားဖို့ မဖြစ်တော့လို့
ညာဖက် လှည်းလမ်းအတိုင်း
ဆင်းမောင်းပြီး
ရိုးပြတ်ထဲကွေ့ချလိုက်တဲ့အခါ
သဲနစ်ထိုးရပ်သွားတယ်။

အဲ့ဒီနေရာက လှမ်းကြည့်ရင်
"ကျည်ရွာ"ဖက်ကမီးတောက်ကြီးတွေ
မြင်နေရသလို၊
ရိုက်နှက်အော်ဟစ်သံတွေကိုပါ
ကြားနေရတယ်။

အန်ကယ်ဦးတင်ဦးတို့ကတော့
ဒီပဲယင်းဖက်ကို
ခြေကျင်လျှောက်သွားကြတယ်။

အဖွဲ့ထဲပါလာသူ ကိုတိုးလွင်က
ဦးခေါင်းဟက်တက်ကွဲနေတာမို့
ကားဒီဇယ်ဆီတွေကို
ဒဏ်ရာထဲထည့်သိပ်ပြီး
ပတ်တီးစည်းပေးရသေးတာ။

ပြီးတော့
တစ်ဖွဲ့က သတင်းပို့နိုင်ဖို့
လွတ်အောင်ဖောက်ထွက်။
နောက်တစ်ဖွဲ့က အာဏာပိုင်နဲ့တွေ့
သွားရောက်ရင်ဆိုင်။
စသဖြင့်အစီအစဉ်ဆွဲပြီးလူခွဲကြတယ်။

ခပ်လှမ်းလှမ်း
ဆည်မြောင်းဘိုတဲရုံးရှေ့မှာက
ဓား၊လှံ၊တုတ်တွေကိုင်ဆောင်ရင်း
အသင့်စောင့်နေတဲ့လူအုပ်ကြီး။

ဖြတ်မောင်းတဲ့ ကားတိုင်းကို
"တဟေး....ဟေး"အော်သံပေးရင်း
ဒုတ်တွေ၊လှံတွေ၊ခဲတွေနဲ့
ပစ်ခတ်နေကြတယ်။

လမ်းဘယ်ဖက်ခြမ်းလှည်းလမ်းအတိုင်း
လူအုပ်ကိုကျော်ဖြတ်မောင်းသွားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကားကိုတောင်
ဒီလူအုပ်ဆီက ပစ်တဲ့ခဲမှန်ပြီး
မွန္ကြဲစထိလို့
ဒေါ်အောင်ဆန်းစုကြည်
နည်းနည်းထိခိုက်သွားသေးတယ်။

ခရီးလမ်းကြောင်းရှေ့ပြေးအနေနဲ့ ကြိုတင်လွှတ်ထားတဲ့
လူငယ်၄ -၅ ယောက်ကိုလည်း
ဆည်မြောင်းဗိုလ်တဲထဲမှာတင်
ဖမ်းဆီးထားတာပါ။

ဒေါ်ဝင်းမြမြနဲ့
ဦးရဲ့မြင့်အောင်(မန္တလေး
အရှေ့မြောက်မြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ)
လိုက်ပါလာတဲ့ဒိုင်နာကားလည်း
အတင်းမောင်းထွက်လာလိုက်တာ
ကားလမ်းဘေးတစ်နေရာရောက်တော့
ဦးခေါင်းမော့ကိုမော့၊
လက်၂ ဖက် နောက်ပစ်၊
ခြေ၂ ဖက် ကားပြီးရပ်နေတဲ့
လူအယောက် ၄၀-၅၀ လောက်က
"ချဟေ့!!ချဟေ့!!"ဆိုပြီး
ကျောက်ခဲတုံးတွေနဲ့
"တဝုန်းဝုန်း"ပစ်ပေါက်ကြရာမှာ
အစိပ်စိပ်ကွဲကြေသွားတဲ့
ကားမှန်တွေက
ဒေါ်ဝင်းမြမြတစ်ကိုယ်လုံးအနှံ
စူးစိုက်ဝင်ကုန်ပါတယ်။

အခြားလမ်းဘေးတစ်နေရာ
ရောက်ပြန်တော့ စောနကလို
လက်နောက်ပြန်ပစ်ပြီး ရပ်နေတဲ့
နောက်ထပ် လူ၄၀ - ၅၀ လောက်က
"ချဟေ့!!ချဟေ့!!"လို့ ညာသံပေးရင်း
နှစ်တစ်လက္မချောင်းတွေနဲ့
ဝိုင်းရိုက်ကြပြန်တယ်။

နောက်ထပ်တစ်နေရာမှာ
တွေ့ရတဲ့လူအုပ်ကတော့
ကာကီရောင်စွမ်းအားရှင်
ယူနီဖောင်းတွေဝတ်ပြီး
ဒိုင်းတွေ၊တုတ်တွေ ကိုယ်စီကိုင်လို့။

ဒီလူအုပ်ကိုရှောင်မောင်းရင်း
ဒေါ်ဝင်းမြမြတို့ကားက
စိုက်ပျိုရေးရုံးရှေ့ကသစ်ပင်ကြီးကို
တိုက်မိတယ်။

နောက်အနည်းငယ်ကြာတော့
ညမှောင်မှောင်မည်းမည်းထဲမှာ
အခြားကားတစ်စီးဖြတ်သွားပြီး
ဒီကားက ဒေါ်အောင်ဆန်းစုကြည်ပါတဲ့
ကားဆိုတာသိလိုက်တယ်။

"ကုလားမရဲ့ကားသွားပြီ !!
ကုလားမ"ပါသလား? "လို့
စကားပြောစက်နဲ့
သတင်းလှမ်းပို့သံရယ်၊
"ကုလားမပါသွားတယ်"ဆိုပြီး
စကားပြန်တာကြားရတယ်။

နောက်ထပ်ကြားရတာက "လမ်းမပေါ်မှာ
ဦးတင်ဦးလမ်းလျှောက်လာနေတယ်။
စကားသွားပြောချည်ပါ"ဆိုတဲ့
စက်နဲ့ပြောတဲ့အသံ။

ကုက္ကိုပင်ကြီးတွေပေါ်မှာ
ဟယ်လင်မီးတွေဆင်ပြီး
ဘယ်အဖွဲ့က ဘယ်မှာနေရာယူ၊
ဘာလုပ် စသဖြင့် စပီကာနဲ့
အမိန့်တွေပေးနေတယ်။

"တဟေး...ဟေး..."အော်သံ၊
သေနတ်ဖောက်သံ"တွေ
ဆူညံပွက်လောရိုက်လို့။

အမှန်က ယာဉ်တန်းနောက်ကနေ
လူအုပ်နဲ့တဗြုန်းဗြုန်းရိုက်နှက်။
ရှေ့နားမှာ နောက်ထပ်လူအုပ်က
အသေအချာပြင်ဆင်ပြီးစောင့်နေ။
သတ်ကွင်းထဲသွင်းကာ
နှစ်ဖက်ညပ်ပိတ် အပျောက်ရှင်း။
သေသေချာချာကို
ဗျူဟာကျကျ ပြင်ဆင်ထားကြတာပါ။

ဒါပေမဲ့"ကျည်ရွာ" အလွန်မှာ စပြီးရိုက်နှက်လိုက်တဲ့အခါ
ယာဉ်တန်းပါ လူအများစုက
လယ်ကွင်းနဲ့ လှည်းလမ်းတွေဆီ ဖဲ့ဆင်းပြီး
တိမ်းရှောင်ထွက်ပြေးကြတာမို့
ရှေ့မှာစောင့်နေတဲ့သတ်ကွင်းထဲ
တည့်တည့်ဝင်တိုးမိတဲ့သူ
သိပ်မများတော့တာကပဲ
ကံကောင်းသွားတယ်လို့ ဆိုရမယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အခြေအနေက တကယ်ကို
ကမ္ဘာပျက်နေတဲ့အတိုင်းပါပဲ။
နောက်ထပ်ဘာသံမှ မကြားရတော့ဘဲ
အချိန်အတော်ကြာသွားပြီးနောက်
"စိတ်မကောင်းလိုက်တာဗျာ !!
စိတ်မကောင်းလိုက်တာဗျာ !! "ဆိုတဲ့အသံ။
"အမကြီး ဘုရားစာဖတ်နေပါ"ဆိုပြီး
ပြောသံကြားရတယ်။

"ဒီလိုပြောတဲ့သူက ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ
ရောက်လာတဲ့
စစ်ကိုင်းသာသနာရေးက
ဗိုလ်မှူးတစ်ယောက်ပါ"လို့
ဒေါ်ဝင်းမြမြက ရေးထားပါတယ်။
(စာ -၂၁၉)

ဆက်ပြီးတော့ " ဒီမှာတစ်လောင်း။
ဟောဒီမှာတစ်လောင်း။
ဒါက အသက်မရှိတော့တဲ့သူ။
ဒါက အသက်ရှိသေးတယ်။
မေ့မျောနေတာ"စသဖြင့်
ရိုက်နှက်ပြီးထားခဲ့သူတွေကို
ရှင်းလင်းနေတာကြားရတယ်"လို့
ဒေါ်ဝင်းမြမြက ဆိုပါတယ်။
(စာ -၂၂၀)

အခင်းဖြစ်တဲ့ညမှာ
ဒေါ်တင်မြင့်(NLD မန္တလေးတိုင်းအမျိုးသမီး)၊ဒေါ်ကြည်ကြည်မြင့်(NLDအနောက်တောင်မြို့နယ်)နဲ့ဦးလှမြင့်(NLD အမရပူရမြို့နယ်ဥက္ကဌ)၊
ကိုအောင်ဇော်လေး(အမရပူရမြို့နယ်
လူငယ်)တို့ရဲ့
လက်စွပ်၊ဆွဲကြိုးတွေကိုလည်း
လူယက်ယူငင်သွားကြပါတယ်။

သိပ်မကြာခင်မှာပဲ
ည ၇ နာရီကနေ မနက် ၆ နာရီထိ
ကာဖျူး(ညမထွက်ရအမိန့်)
ထုတ်လိုက်ကြောင်း
၃ တန်ချက်ပလက်ကားကြီးပေါ်ကနေ
လော်စပီကာနဲ့
လှည့်လည်ကြေညာတယ်။

သက်ဆိုင်ရာက ထရပ်ကားကြီးနဲ့
လူနာလိုက်ကောက်တာ၊
ရှင်းလင်းတာ လုပ်တဲ့အခါ
ည ၉နာရီကျော်၊
၁၀ နာရီလောက်ရှိနေပါပြီ။

" စိုင်ပြင်ကြီးရွာအထွက်တုန်းက
မုံရွာကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့
ကျောင်းသူတွေမှ မနည်းဘူး။
အဲ့ဒီညတုန်းက "ကယ်ပါဦး"ဆိုတဲ့
မိန်းကလေးအသံတွေကြားရတာ
သူတို့ ဖြစ်မယ်" လို့
ကိုအောင်အောင်(ယခုDVB) ကလည်း
ပြောပြပါတယ်။

"ကျောင်းဆရာ
ဦးထွန်းအောင်ကျော်(ဆရာမီးပွား)က
ရင်ဘတ်တည့်တည့်ကို
အုတ်ခဲလာမှန်တာ၊
သူ့ခမျာဗျာ။ပန်းနာသမားဆိုတော့
ခဲမှန်တဲ့ဒဏ်ကြောင်
အသက်မနည်းရှူပြီး
"ဟောဟဲ"လိုက်နေတယ်။
ခေါင်းမှာလည်းကွဲသွားတာ
သွေးတွေရွှဲလို့။ပါလာတဲ့သွားတိုက်ဆေးတွေ ထည့်သိပ်ပြီး၊သွေးတိတ်အောင်
တစ်ရှူးစက္ကူလိပ်နဲ့
ပတ်ထားပေးရတယ်။
ကျွန်တော်လည်း
လက်ချောင်းသုံးချောင်း
ကျိုးသွားတယ်"လို့
ဦးခင်မောင်သောင်း
(ယခု မန္တလေးချမ်းအေးသာစံNLD)က ပြောပြပါတယ်။

ဦးခင်မောင်သောင်းတို့အဖွဲ့က
ကားလမ်းပေါ်မောင်းလာတဲ့
စစ်ကားတစ်စီးကို
လှမ်းတားပြီး အကူအညီတောင်းတော့
စိတ်ရင်းကောင်းပုံရတဲ့
ဗိုလ်မှူးကြီး(အမည်မေ့နေ)က စစ်ကားပေါ်တင်ခေါ်သွားပေးတဲ့အခါ
ခုံပေါ်မှာထိုင်ရအောင်
ခုံပေါ်ကသူ့ရဲဘော်တွေကို အောက်ဆင်းထိုင်ခိုင်းပါတယ်။

"ကားပေါ်ပါလာတဲ့လူ
၁၀ ဦးလောက်တော့ရှိမယ်။ ဦးဇင်းတစ်ပါးဆိုရင်
နားရွက်တစ်ဖက်က
ပြတ်လုမတတ် ဘတ်လတ်ကြီး။
ဒီကိုယ်တော်က တံဇဉ်သွားနဲ့ အခုတ်ခံရတာ"လို့ သူကြုံခဲ့ရတာကို
ဦးခင်မောင်သောင်းက
ပြန်ပြောင်းပြောပြတယ်။

ဆရာမီးပွားခမျာတော့
ထိခိုက်ရရှိခဲ့တဲ့ဒဏ်ရာတွေကို
ပုန်လျှိုးကွယ်လျှိုးဆေးကုသနေရင်း
အခင်းဖြစ်ပြီး ၂ လကျော်အကြာ
မုံရွာမှာ ကျဆုံးခဲ့ရရှာပါတယ်။

ကားလမ်းပေါ်မှာ
မနက် ၅ နာရီကျော်လောက်
(ခရက)ရဲကားရောက်လာတဲ့အခါ
ခရကဥက္ကဌ ဗိုလ်မှူးသန်းဟန်က
ဦးတင်ထွဋ်ဦး၊ကိုလှဦး၊ကိုအောင်စိုး၊
ကိုဇေယျာထွန်းအပါအဝင်
(၁၄-၁၅)ယောက်အဖွဲ့ကို
ကုန်တင်လော်ရီကားကြီးနဲ့တင်ပြီး
ဒီပဲယင်းရဲစခန်းဆီပို့တယ်။
ဦးတင်ထွဋ်ဦးကိုတော့
လက်ပြန်ကြိုးတုပ်ပါတယ်။

အန်ကယ်ဦးတင်ဦး(ယခု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက)အပါ
လူကြီး ၄ ဦးအဖွဲ့ကတော့
ရဲစခန်းမှာကြိုရောက်နှင့်နေတယ်။

အဲဒီကနေ
မေလ ၃၁ ရက်ညနေမှာ
အန်ကယ်ဦးတင်ဦး၊ဒေါက်တာဝင်းအောင်၊ဦးတင်အောင်အောင်နဲ့
ဦးပေါခင်တို့ ၄ ယောက်ကို
ကလေးထောင်ပို့တယ်။

ရွှေဘိုထောင်မှာက ကျောင်းသား
အယောက် ၂၀ ကျော်အပါအဝင်
အဖမ်းခံရသူ စုစုပေါင်း
အယောက် ၁၀၀ ကျော်ရှိတဲ့အထဲ
ဦးဘာဘာ(မြင်းမူ)
ဦးစောလှိုင်(အင်းတော်)၊
ဦးမြင့်ကြည်(ကသာ)၊
ဦးထွန်းမြိုင်(ဝက်လက်)စတဲ့
၁၉၉၀ လွှတ်တော်အမတ်တွေလည်း ပါပါတယ်။

မုံရွာအလုံစစ်ဆေးရုံကို
ရောက်လာတာက
ကျား ၅၉ ယောက်၊
မ ၃ ယောက်နဲ့ ကိုရင် ၃ ပါး။
စုစုပေါင်း လူနာ ၅၆ ယောက်ဖြစ်ပြီး
ဒေါ်ဝင်းမြမြ၊မပုံ့၊ကိုဇော်လေး၊
ကိုဝင်းကိုလှိုင်၊ကိုကျော်မျိုးသူနဲ့
ဦးရဲမြင့်အောင်သမီးတွေဖြစ်တဲ့
မဝင်းဖြူအိတို့ညီအမနှစ်ဦးတို့
ပါပါတယ်။

နောက်တော့ အနည်းငယ်
လမ်းလျှောက်နိုင်သူမှန်သမျှကို
လက်ထိပ်ခတ်ပြီး
ရွှေဘိုထောင်ပို့လိုက်တာမို့
ဆေးရုံမှာ၂၆ ယောက်ပဲ
ကျန်နေရစ်တာ။

သူတို့တွေခမျာလည်း ဒဏ်ရာအပြင်းအထန်
ခံစားနေရဆဲအခြေအနေမှာပဲ
နေ့တိုင်းလိုလို ခေါ်ယူစစ်ကြောခံရတာ
၁ လလောက်ကြာတယ်။

ဒေါ်ဝင်းမြမြက
မျက်နှာ၊လက်မောင်း၊လက်ဖျံတင်မက
တင်ပါးမှာပါ
ကားမှန်ကွဲစတွေ စိုက်ဝင်ခံရတာပါ။
နားထဲကနေ သွေးတွေထွက်တယ်။
လက်နှစ်ဖက်စလုံးကျိုးတယ်။
ညာဖက် တံတောင်ဆစ်ရိုးအုံ
၂ ခြမ်းကွဲပြီးအရိုးတွေ
အမှုန့်ဖြစ်သွားတဲ့အထိပါပဲ။

ကိုသန်းဝင်း(NLD မန္တလေးအရှေ့မြောက်)က
ခြေ ၂ ဖက်စလုံး။
ကိုအောင်ကျော်ထွန်း
(မုံရွာ အလုံ)က လက်၁ ဖက်။
ဦးဘို(NLD ဘုတလင်)က
ခြေ ၁ ဖက် စသဖြင့်
အသီးသီးကျိုးပြီး
ကိုမြတ်ကိုနိုင်
(NLD - မြောင်မြို့နယ်
တွင်းကြီးကျေးရွာ)ကတော့
အောက်ပိုင်းသေသွားတယ်။

၂၀၀၃ ဇွန်လ ၁ ရက်နေ့မှာ
ဆေးရုံကို
ဗိုလ်ချုပ်စိုးဝင်းရောက်လာတော့
"ကြံဖွံ့တွေဝိုင်းရိုက်တာခံရတာပါ"လို့
ဒေါ်ဝင်းမြမြက ပြောတဲ့အခါ
ဗိုလ်ချုပ်စိုးဝင်းက
"ကားအက်ဆီးဒင်ဖြစ်တာမဟုတ်လား"ဆိုတဲ့စကားကိုပဲ ဘူးခံပြောပါတယ်။
(ဒေါ်ဝင်းမြမြဆောင်းပါး၊စာ -၂၂၂)

"ဒီပဲယင်းအရေးအခင်းမှာ
သေဆုံးသူ ၄ ဦးပဲ"လို့
စစ်အစိုးရက တရားဝင်ကြေညာတယ်။

သေဆုံးသူတွေက
အတော်ကို ရုပ်ပျက်ဆင်းပျက်။
ကိုစန်းမြင့်(ကားမောင်းသူ၊မန္တလေး အနောက်မြောက်NLD)က
မျက်လုံး၂ လုံး
အဖောက်ခံထားရတယ်။

NLD မန္တလေး
အနောက်တောင်မြို့နယ်
အဖွဲ့ဝင် ၂ယောက်ဖြစ်တဲ့
ကိုတင်မောင်ဦး(ဓာတ်ပုံဆရာ)က
အောက်ပိုင်းအဝတ်အစားတောင်
မပါရှာဘူး။
ကိုသိန်းတိုးက
သွားဖုံးအခွေလိုက်
ပြုတ်ထွက်နေပါတယ်။

မုံရွာက သေဆုံးသူ
အခြားတစ်ဦးက
အသားတွေပဲ့ရွဲ့နေပြီး
အမည်မသိရှိရပါဘူး။

"လူသေအလောင်း ၄ လောင်းရဲ့
ဓာတ်ပုံတွေကိုပြပြီး
သက်သက်မဲ့အသုံးချ
အမည်ဖော်ခိုင်းကာ
သေဆုံးသူ ၄ ယောက်ပဲလို့
စစ်အစိုးရက
တရားဝင် ကြေညာတာပါ။
ကျွန်မ ကားဘေးမှာကိုပဲ
အယောက် ၃၀ လောက်ရှိခဲ့တာ
ပြောနိုင်ကြောင်း
ဒေါ်ဝင်းမြမြက ရေးသားထားပါတယ်။
(စာ -၂၂၅)

ဒီပဲယင်းအရေးနဲ့
အဖမ်းခံရတဲ့ NLD အဖွဲ့ဝင်တွေကို
စစ်ကြောရေးလုပ်ရာမှာလည်း
ကောက်ကျစ်ရက်စက်တာတွေရှိတယ်။

"စစ်ကြောရေးလုပ်တာ ထောက်လှမ်းရေးအရာရှိဦးလူလေးဗျ။
ကျွန်တော်တို့က အရင်ရန်စလို့
ခိုက်ရန်ဖြစ်ရပုံမျိုး၊ကျွန်တော်တို့ကပဲ
ဆူပူမှု ဖြစ်အောင် ဖန်တီးပုံမျိုး
သူတို့က လုပ်ဇာတ်တည်ဆောက်တယ်။
မတရားသဖြင့်အရိုက်ခံရတဲ့အပြင်
တရားစွဲပြီး ထောင်ချလည်း
ခံရဦးမယ်အပေါက်"လို့
ဦးတင်ထွဋ်ဦး ပြောပါတယ်။

လမ်းခရီးမှာ ကားဗွက်နစ်ရင်
အသုံးပြုဖို့အတွက်
ကြိုတင်ယူလာတဲ့ချိန်းကြိုး၊
တူရွင်း၊ဂေါ်ပြား စတာတွေကိုပဲ
ယာဉ်တန်းပေါ်
လက်နက်တွေ
ကြိုတင်သိုဝှက် ယူဆောင်လာသလိုမျိုး
သတင်းစားကနေ ဝါဒဖြန့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို
မနှစ်မြို့၊မလိုလားတဲ့ပြည်သူတွေနဲ့
NLD ထောက်ခံသူအကြားမှာ
ဒီချုပ်လူငယ်တွေက စတင်ရန်ပြုလို့
အဓိကရုဏ်းဖြစ်ရပုံမျိုး
"သူခိုးက လူပြန်ဟစ်"တယ်။
ဆင်သေကိုဆိတ်သားရေနဲ့ဖုံးဖို့
ကြိုးစားတယ်။

တဖက်ကရန်စတာကို
NLD လူငယ်တွေက
အကြမ်းဖက်တုံ့ပြန်ပြီး
ပြန်ရိုက်နှက်ကြလို့ ပြဿနာပိုကြီးရပုံမျိုး
ထောက်လှမ်းရေးက
နောက်ထပ်ဇာတ်ညွှန်း
ထပ်ခွဲပြန်ပါသေးတယ်။

"ထောက်လှမ်းရေးအပြောအရ
၄ ယောက်သေတယ်။
လက်တုံ့ပြန်တယ်ဆိုရင်
သေတာ(၄)ယောက် "က"ပါ့မလား။
ပြီးတော့ သေတာက
ကိုယ့်လူတွေချည်း။
အဖမ်းခံရသူတွေအားလုံးကလည်း
ကိုယ့်ဖက် လူတွေပဲလေ။
အကြမ်းဖက်ရန်ပြုတဲ့သူ
တစ်ယောက်မှ
အဖမ်းခံရတာ မရှိဘူး။
ဒီလိုပဲကျွန်တော် ပြန်ချေပခဲ့တယ်"လို့
ဦးတင်ထွဋ်ဦး ကဆိုပါတယ်။

နောက်တော့ 
စစ်အစိုးရရဲ့ ကောက်ကျစ်တဲ့လုပ်ရပ်က
"လယ်ပြင်မှာဆင်သွား"သလို
အရှင်းသားပေါ်လာပြီး
နိုင်ငံတကာ ဖိအားတွေလည်း
များလာတာမို့
အရပ်သားနဲကျောင်းသားတွေကို
ဇွန်လလယ်ကနေ ဇူလိုင်အတွင်း
တစ်သုတ်ချင်းလွှတ်ပေးတယ်။

ဒေါ်ဝင်းမြမြ၊ဦးတင်ထွဋ်ဦးအပါအဝင်
NLD အဖွဲ့ဝင်တွေကိုတော့
ရွေးချန်ထားခဲ့ပြီး ၈ လကျော်အကြာ
၂၀၀၄ ဇန်နဝါရီ ၁၆ ရက်မှ
လွှတ်ပေးပါတယ်။

ခန္တီးထောင်ရောက်သူတွေကတော့
အဲ့ဒီမှာ
၆ လနဲ့၇ ရက်တိတိနေခဲ့ရတယ်။

၂ ယောက်တစ်တွဲလက်ထိပ်ခတ်၊
ခေါင်းစွပ်စွပ်ပြီး
ခန္တီးထောင်ကို
လေယာဉ်နဲ့ အပို့ခံရသူတွေက
ဒေါ်အောင်ဆန်းစုကြည်ရဲ့
လုံခြုံရေးတာဝန်ယူရတဲ့
ကိုအောင်ကျော်မြင့်၊ကိုဇော်ဝင်းထွန်း၊ဦးသန်းထွန်း(ရန်ုကုန်)၊ကိုကျော်စိုးလင်း၊ကိုသက်ထွန်းနဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ
ဖြစ်တဲ့ဦးထွန်းမြင့်၊ဦးမျိုးဇော်အောင်တို့
အပါအဝင်(၁၆)ယောက်အဖွဲ့ပါပဲ။

ဒီထောင်က
ခန္တီးကနေ ၃မိုင်လောက်ဝေးတဲ့
ကျတ်ကုန်းတောင်ပေါ်မှာရှိတယ်။

အဲ့ဒီမှာပဲ စစ်ကြောရေးလုပ်တယ်။
"ခန္တီးရဲစခန်း စခန်းမှူး
မောင်မောင်ခင်က စစ်ဆေးမေးမြန်းရာမှာ
ငယ်ပါကို မီးနဲ့ရှို့တယ်။
ခြေမ"ကိုအားပြုထောက်ပြီး
မတ်တပ်ရပ်ခိုင်းတဲ့နည်းနဲ့ဆိုင်ကယ်စီးရတယ်။
လဲကျသွားတာကို
ခြေထောက်နဲ့ လှိမ့်လှိမ့်ကန်တယ်။
ပါးပြင်ကိုသားရေဖိနပ်နဲ့
ဘယ်ပြန်ညာပြန်ရိုက်သေးတာ"လို့
ကိုအောင်ကျော်မြင့်(ဒီချုပ်ပါတီဝင်၊
မန္တလေးမြို့သစ်)ကပြောပါတယ်။

စစ်ကြောရေး ၁၃ ရက်ကြာတယ်။
လက်ပြန်ကြိုး
တုတ်ထားရက်တန်းလန်းနဲ့
အိပ်ရတာပါ။
ကိုအောင်ကျော်မြင့်(ခ)ကိုဖိုးကျော်ရဲ့
လက်ကောက်ဝတ်နှစ်ဖက်စလုံးပေါ်မှာ
ထင်ကျန်နေရစ်နေဆဲ
ကြိုးချည်ရာတွေက
ခုထိကို အထင်းသားရယ်။

"ကျွန်တော်တို့ထဲကတစ်ယောက်ဆိုရင်
ဒီပဲယင်းည အရိုက်ခံရတဲ့
ခေါင်းဒဏ်ရာက ၁၆ ချက်ချုပ်ရတယ်။
ဦးခေါင်းထိတဲ့ဒဏ်ကြောင့်
အစောပိုင်းမှာ သူခမျာ
သတိနည်းနည်းလွတ်သလားမသိဘူး။
ကော်ဇလုံတစ်လုံးတည်းနဲ့
ထမင်းစား၊မျက်နှာသစ်ရုံမက
ဒီကော်ဇလုံနဲ့ပဲ
အိမ်သာတက်မိတဲ့အထိပါပဲ"လို့
ကိုအောင်ကျော်မြင့်ကပြောပြတယ်။

ဒီပဲယင်းအရေးအခင်းကို
ကောက်ချက်ဆွဲရရင်
ပထမအနေနဲ့ အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့က
ရိုက်နှက်သတ်ဖြတ်နှိမ်နင်း။
ဒုတိယအဆင့်မှာ
ကယ်ဆယ်ရေးအဖွဲ့က
ဒဏ်ရာရသူတွေကိုကယ်ဆယ်၊
သေသူတွေကိုကောက်၊
စသဖြင့် ညတွင်းချင်း
ရှင်းလင်းရေးဆောင်ရွက်။
တတိယအဆင့်ကျတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ
နောက်လိုက်နောက်ပါ အမာခံမှန်သမျှ
ဖမ်းဆီးထောင်ချပြီး
တစ်နိုင်ငံလုံးမှာရှိတဲ့
NLD ရုံးအားလုံးကို ချိတ်ပိတ်။
နောက်ဆုံးအဆင့်က
ဒေါ်အောင်ဆန်းစုကြည်ကို
မထောက်ခံ မလိုလားသူတွေနဲ့
NLD အမာခံအဖွဲ့ဝင်တွေကြားမှာ
ရုန်းရင်ဆန်ခတ်မှုတွေ
ဖြစ်လာတဲ့အတွက်
စစ်တပ်က အချိန်မီထိန်းသိမ်းပြီး
တည်ငြိမ်အောင်
ဆောင်ရွက်ရကြောင်း
ကမ္ဘာကို လိမ်ညာဝါဒဖြန့်ဖို့
ကြိုးစားခြင်းပါပဲ။

သွေးစွန်းခဲ့တဲ့
ဒီပဲယင်းညတွေပါလေ !!

သမိုင်းစာမျက်နှာတွေပေါ်မှာ
ဒီပဲယင်းက သွေးတွေ
ပေစွန်းလို့။

အခုဆို ဒီပဲယင်းမြေမှာ
ကျဆုံးခဲ့သူတွေရဲ့အရိုးတွေကနေ
သစ်ပင်တွေပြန်ပေါက်ပြီး
သစ်တောကြီး ဖြစ်နေရော့မယ်။

#ရေးသူ - မောင်နန်းဝေ(ဗန်းမော်)
၂၉၊မေ ၊၂၀၁၇

#ကိုးကား
၁ - ဦးခင်မောင်သောင်း၊
ဦးတင်ထွဋ်ဦး၊ဦးဝဏ္ဏအောင်၊ဦးမျိုးနိုင်၊ဦးအောင်ကျော်မြင့်၊
ဦးအောင်အောင်(DVB)တို့နဲ့
မေးမြန်းထားတဲ့ အသံဖိုင်။

၂ -အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ငွေရတုခရီး မှတ်တမ်းလွှာပါ
ဒေါ်ဝင်းမြမြရဲ့ဆောင်းပါး။

(ဒီပဲရင်း လုပ်ကြံမှု ၁၆နှစ်ပြည့်
  အထိမ်းမှတ် )

     ဘုန်းလက်ရုံး
29.05.2019/13:10
တကောင်ဘွား

No comments:

Post a Comment