Monday, November 11, 2019

တပ်မတော်သည်မိမိပုံရိပ်ကိုမိမိဖျက်စီးနေခြင်းဖြစ်သည်



အဆိုပါ ဆောင်းပါးအား အမေရိကန်ရှိ ဩဇာတက္ကိမ ကြီးမားသော Foreign Policy Magazine ကြီးမှ “Myanmar’s Military Is Only Hurting Itself ဆောင်းပါးမှ ဝေဖန်ထားချက်အား ကောက်နှုတ်ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ် စလုံး မြန်မာသည် ကမ္ဘာအလယ်တွင် အပြစ်ပါယ်ခံနှင့် ချစ်ခင်ခံရသည့် အကြား ဟိုယိမ်းလိုက် ဒီယိမ်းလိုက် ဖြစ်နေခဲ့သည်။ ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းသည်ကား လူ့အခွင့်အရေး ချိုးဖေါက်မှု တခုတည်းကြောင့်ပင် ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျင် မြန်မာနိူင်ငံသားများ ကိုယ်တိုင် ၎င်းတို့ အစိုးရ လက်ဝယ် အဆိုပါ ဘေးဒုက္ခများ ခံစားခဲ့ရခြင်း ဖြစ်ပေသည်။ များသော အားဖြင့် နိူင်ငံတကာမှ ဝိုင်းကျဉ် ခံရမှုများသည် အကြမ်းဖက်ဝါဒ အား အားပေးအားမြှောက်ပြခဲ့ခြင်း၊ နျူကလီယား လက်နက်များ ထုတ်လုပ်လာခြင်း နှင့် စီးပွားရေး ကို ချယ်လှယ် နေခဲ့ကြခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ခဲ့သော်လည်း မြန်မာ အရေးတွင် ထိုကိစ္စများ လုံးဝမပါဝင်ခဲ့ပေ။

အစိုးရအနေဖြင့် မိမိတို့ တိုင်းသူပြည်သားများအပေါ် အဘယ်ကြောင့် ထိုကဲ့သို့ ကျင့်ကြံနေရသနည်း ဆိုသည်အား မည်သူမျှ အသေအချာ မသိနိူင်ဖြစ်နေကြရသည်။ မြန်မာသည် နိူင်ငံသားများ၏ လူ့အခွင့်အရေး များကို နင်းခြေချိုးဖျက်နေကြခြင်းဖြင့် နိူင်ငံ၏ လုံခြုံရေးအား ၎င်းတို့က ကာကွယ်ပေးနေပါသည်ဟုသော ပြောဆိုနေသော်လည်း တကယ်တမ်းတွင် ပို၍ ထိခိုက်အောင် ပြုမူနေကြသည့် သဘောဖြစ်နေခြင်းက စိတ်မကောင်းစရာ ကောင်းလှသည့် အမှန်တရားပင် ဖြစ်ပေသည်။

နိူင်ငံတကာ ဆက်ဆံရေး သီအိုရီများနှင့် ကျင့်စဉ်များတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိူင်ငံတကာ ပဋိပက္ခများ သို့ ဦးတည်သွားနိူင်သည့် အခြေခံ အကြောင်းရင်းများ ဖြစ်သည်ဟု အတိအလင်း ဖွင့်ဆိုခဲ့ကြပြီးလည်း ဖြစ်ပေသည်။ ထိုသို့ စနစ်တကျ လူ့အခွင့်အရေးများ ကို ငြင်းပါယ်လာခဲ့ခြင်းများသည် စစ်ပွဲများ ဖြစ်ရခြင်း၏ ဇာစ်မြစ်အကြောင်းရင်းပင် ဖြစ်သည်ကို မကြာခဏ တွေ့ခဲ့ရသည်။ တောင်အာရှ၊ အရှေ့တောင်အာရှ အပါအဝင် ကမ္ဘတဝှမ်းလုံးတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် အစိုးရ အဖွဲ့များ တရားဝင် ရပ်တည်နေခြင်းမှ ယုတ်လျော့လာရခြင်း၊ ပြိုလဲသွားခဲ့ရခြင်း နှင့် တော်လှန်ရေးများ ထိ ဖြစ်လာခဲ့ရခြင်းများ မြင်တွေ့လာရသည်မှာလည်း အကြိမ်ပေါင်း မရည်တွက်နိူင်တော့ပေ။ 

နိူင်ငံတခုမှ မိမိနိူင်ငံသားများ အပေါ် မည်သို့မည်ပုံ ဆက်ဆံနေသည် ဆိုသည့် အရေးသည် ထိုနိူင်ငံနှင့် နိူင်ငံတကာ အသိုက်အဝန်းအကြား သံတမန်ရေး အရ မည်သို့မည်ပုံ ဆက်ဆံရမည် ဆိုသည်အပေါ် အဓိကကျသော အခန်းကဏ္ကမှ ပါဝင်လာခဲ့သည်။ နိူင်ငံတွင်းရှိ “ရိုဟင်ဂျာ” များအား ယခုအခါ စနစ်တကျ နှင့် အလုံးစုံ ဖိနှိပ်ခဲ့ခြင်းများသည် နိူင်ငံ၏ အဓိက ကျသော လူ့အခွင့်အရေး ပြဿနာ ဖြစ်လာနေခဲ့သည်။ ယင်းကိုကြည့်၍ မြန်မာ၏ ဂုဏ်သိက္ခာ နှင့် ခေတ်သစ် ကုန်သွယ်ရေး နှင့် လုံခြုံရေး ကဏ္ကများတွင် အကျိုးတူ ပူးပေါင်းနိူင်သည့် ပါတ်တနာ ဖြစ်လာနိူင်မနိူင်ကို နိူင်ငံတကာ အသိုက်အဝန်းမှ အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့ကြသည်။

“ရိုဟင်ဂျာ” များ ကိစ္စကို ခေတ္တလောက် ဖယ်ထုတ်ကြည့်မည်ဆိုလျင်ပင် မြန်မာတပ်မတော်အနေဖြင့် ၎င်းတို့၏ နယ်နမိတ်စည်းဝိုင်း အတွင်းတွင်ပင် ငြိမ်းချမ်းရေး နှင့် လုံခြုံမှု ရှိအောင် ထိမ်းသိမ်းနိူင်စွမ်း မရှိကြောင်း ပြဆိုခဲ့ပြီး ဖြစ်သည်။ မည်သည့်အချိန်ကြည့်ကြည့် နိူင်ငံမှ ခွဲထွက်ရေး အတွက် ဆိုကာ တက်ကြွစွာ လှုပ်ရှား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဆယ်ခုနှစ်ဖွဲ့ခန့် ရှိနေပေသည်။ ထိုသို့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည်မှာလည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလည်း ဖြစ်သည်။ အဆိုပါ လူမျိုးစု ပဋိပက္ခများက နိူင်ငံ၏ ရပ်တည်ပိုင်ခွင့်နှင့် တည်ငြိမ်သော နိူင်ငံတနိူင်ငံ ဖြစ်လာရေးကို ဆက်လက်ခြိမ်းခြောက်လျက် ရှိနေပေသည်။

လူမျိုးစု များ၏ ပုန်ကန်မှုသည် တိုင်းပြည်အား အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခြိမ်းခြောက်လာနေသော်လည်း မြန်မာတပ်မတော်သည် ၎င်းတို့အား တိုက်ခိုက်ရန် ကျွမ်းကျင်မှု နှင့် အရည်အချင်းလည်း မရှိပြန်ပေ။ ထိုသို့ ကျွမ်းကျင်မှု နှင့် စွမ်းဆောင်ရည်များ မရှိအောင် သိသိသာသာ ကန့်သတ်ပေးလိုက်သလို ဖြစ်ခဲ့ရသည်ကား နှစ်ပေါင်း သုံးဆယ် လုံးလုံး နိူင်ငံရပ်ခြား မှ စစ်တပ်များနှင့် ထိတွေ့ဆက်ဆံမှု မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ ဤသို့ ဖြစ်ခဲ့ရသည်မှာလည်း ၁၉၉၀ နှစ်များ ၏ အစောပိုင်း ကာလများတွင် မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ခဲ့ကြခြင်းကြောင့်ပင်ဖြစ်သည်။ ထို့အတွက် ဖြစ်ပေါ်လာသော တိုက်ရိုက် သက်ရောက်မှုသည်ကား မြန်မာ အနေဖြင့် ၎င်းတို့ စစ်တပ်အား ပရော်ဖက်ရှင်နယ် စစ်တပ်ကြီး ဖြစ်လာအောင် လုပ်နိူင်စွမ်းရှိမလာခဲ့မှုနှင့် ခေတ်မှီ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နည်းနာနိဿရ များကို လေ့လာသင်ယူခွင့် မရရှိလာခဲ့သည့်အပြင် ခေတ်မှီ စစ်ရေး နည်းပညာ များ၏ အကျိုးကျေးဇူးများလည်း မခံစားခဲ့ကြရပေ။

မြန်မာ စစ်တပ်၏ အပြုအမူများကြောင့် တိုင်းပြည်လုံခြုံရေး ရာ များ တွင် အရည်အသွေး များ ကျဆင်းလာမှုသည် ၎င်းတို့၏ နယ်ခြားများတွင်ပင် ရပ်တန့်သွားမည့် ကိစ္စမျိုးမဟုတ်ပဲ ဒေသတခုလုံးတွင် မတည်ငြိမ်မှုများနှင့် လုံခြုံမှု ကင်းမဲ့ လာအောင် ဖန်တီးပေးသလိုမျိုး ဖြစ်လာနေပေသည်။ ဘင်္ဂလားဒေ့ရှ် ရှိ “ရိုဟင်ဂျာ” ဒုက္ခသည် စခန်းများ အတွင်း အစစအရာရာ အခြေအနေများ ဆိုးဝါးလာနေသည့်အပြင် ၎င်းတို့၏ အနာဂါတ်ရေးကို အဆုံးအဖြတ်ပေးနိူင်မည့် မဟာဗျုဟာတခုလည်း ချမှတ်နိူင်ခြင်း မရှိ ဖြစ်နေခဲ့ခြင်းများကြောင့် သူတို့၏ ဘဝများ မရေမရာ ဖြစ်လာနေသည်။ ထိုသို့သော အနေအထားများကြောင့် ပါတ်ဝန်းကျင် ဒေသတခုလုံး မတည်မငြိမ် ဖြစ်လာနေသည်။ ထိုမှ လွန်၍ အရှေ့တောင်အာရှနိူင်ငံအများအပြားသို့ ပျံ့နှံ့လာနိူင်သည်။ ထိုနိူင်ငံများတွင် “ရိုဟင်ဂျာ” လူမျိုးစုများ က အတော်များများ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုသို့သော လူများက ပို၍ အစွန်းရောက် သူများ ဖြစ်လာနိူင်သည်။ ပြည်ပရောက် “ရိုဟင်ဂျာ” များက ၎င်းတို့အနေဖြင့် အကြမ်းဖက်ခံနေရမှုများအတွက် ဂျီဟတ် စစ်ပွဲသာ ဆင်နွှဲရန်သာ ရှိတော့သည်ဟု တခါက ပြောဆိုခဲ့ဖူးသဖြင့် ထိုသို့ဖြစ်လာပါက နိူင်ငံစုံ ပါဝင်ပါတ်သက်လာနိူင်သည့် အကြမ်းဖက်ဝါဒ ကြီး အသွင် ကူးပြောင်းသွားနိူင်ပေသည်။ နိူင်ငံ၏ လုံခြုံရေးအားလည်း အနှုတ် လက္ခဏာပြနေရာမှ နှစ်ဆတိုးပြီး ရိုက်ခတ်လာနိူင်ပေသည်။ 

နယ်မြေ လုံခြုံရေး ပိုင်းတွင်သာမက စီးပွားရေး ပိုင်းတွင်လည်း ထိခိုက်လာနိူင်ပြန်ပေသည်။ လူ့အခွင့်အရေး အလွဲသုံး ပြုကျင့်မှုများကို တုန့်ပြန်သည့် အနေဖြင့် စီးပွားရေးအရ ဒဏ်ခတ်မှုများ ရှိလာနေသဖြင့် စီးပွားရေး တိုးတက်မှုနှုန်းသည် မျှော်လင့်ထားခဲ့သည်ထက် လျော့နည်းကျဆင်းခဲ့ရသည်။ တသီးပုဂ္ဂုလိကများ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၀၃ ခုနှစ်တွင် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှုကြောင့် အထည်အလိပ်လုပ်ငန်းများ တိုးတက်မှုနှုန်းသည် အာရှရှိ အခြားသော ဖွံ့ဖြိုးဆဲ နိူင်ငံများနှင့် နှိုင်းစာလျင် နိမ့်ဆင်းသွားခဲ့ကြောင်း တွေ့ရှိလာခဲ့ရသည်။ ထို့အတွက် တိုင်းပြည်တွင် ဆင်းရဲမွဲတေမှုများ လျော့ပါးရေး ကြိုးပမ်းမှုများ အား ထိခိုက်လာခဲ့ရသည်။ ပို၍ သိသာထင်ရှားခဲ့ရသည်က မြန်မာပြည်တွင်းရှိ အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုများ ထိခိုက်သွားခဲ့ရခြင်းပင် ဖြစ်သည်။ ရလာဒ်အဖြစ် နည်းပညာသစ်များ ရရှိရေး၊ ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင် အနေအထားများတွင် လုပ်ကိုင်ခွင့်ရရှိရေး နှင့် ကမ္ဘာဈေးကွက်များသို့ ဝင်ရောက်ခွင့် ရရှိရေးတို့ ဆုံးရှုံးသွားခဲ့ရသည်။

အခြားသော ထိခိုက်မှုများလည်း မရည်တွက်နိူင်အောင် ဖြစ်ပေါ်ခဲ့ရသည်၊ ပေါ်လွင်ထင်ရှားစွာ ဆက်ရှိနေသည့် အချက်သည်ကား မိမိတို့နိူင်ငံသားများအား ဆက်လက်ပြီး အန္တရာယ်ပြု တိုက်ခိုက်နေမည်ဆိုက မြန်မာတပ်မတော် အနေနှင့် မိမိတို့ နိူင်ငံလုံခြုံရေးအား ထိခိုက်နစ်နာအောင် ပြုလုပ်နေသည်နှင့် အတူတူ ဖြစ်သည် ဆိုခြင်းပင်။ 

မြန်မာ စစ်ခေါင်းဆောင်များ၏ အမျိုးသား လုံခြုံရေး ပိုင်းတွင် အမျှော်အမြင်နည်းမှု၊ ရေရှေကို မြင်နိူင်စွမ်း မရှိမှုများသည် ကမ္ဘာလုံခြုံရေး ၏ လားရာ အား ထင်ဟတ်လာနေပြီ ဖြစ်သည်။ မကြာခဏ ဆိုသလို စစ်ဖက် နှင့် အရပ်ဖက် မူဝါဒ ရေးဆွဲသူများ အကြား ကွဲပြားမှုများ ရှိလာနေသည်။ စစ်ဖက် ခေါင်းဆောင်များသည် နိူင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် လေ့ကျင့်ခံခဲ့ရသူ ရှားပါးလှသည်။ ရေရှည်တန်ဖိုးထားရမည် အရာများဖြစ်သော နိူင်ငံရေး စနစ်တွင် လူအားလုံး ပါဝင်ခွင့် ရှိရေး၊ လူ့ဘောင်အဖွဲ့အစည်း အတွင်း အကြမ်းဖက်မှုများနှင့် လူမျိုး ဘာသာနှင့် လူနည်းစုများအပေါ် ခွဲခြား ဆက်ဆံမှုများ ဖြေရှင်းရေးတို့သည် အမျိုးသား လုံခြုံရေး အတွက် လွန်စွာ အရေးပါလှသည်။ သို့သော် ထိုအခွင့်အရေးများအား အကာအကွယ်ပေးရေးတို့အား လုံခြုံရေးပိုင်း တာဝန်ရှိသူများက တန်ဖိုးမထားခဲ့ကြသည့်အပြင် ဂရုပြုရမည်ကို လည်း မသိခဲ့ကြပေ။ ထို့အတွက်ကြောင့်လည်း အမျိုးသမီးများ၊ လူမျိုးစုများနှင့် လူနည်းစု ဘာသာခြားများ အရေးကို ၎င်းတို့၏ လုံခြုံရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးကြသည့်အခါ ထည့်သွင်း ပြောဆိုခဲ့မှု မျိုး မရှိခြင်းဖြစ်သည်။ ဤသို့ဖြင့် မဖြေရှင်းနိူင်သော ကိစ္စများ အဖြစ် ကာလကြာမြင့်စွာ ရှိလာနေခြင်းလည်း ဖြစ်သည်။

ထို့အပြင် နိူင်ငံတနိူင်ငံသည် စီးပွားရေး နှင့် လုံခြုံရေး ပိုင်းတို့တွင် တိုးတက်မှုရှိလာရေး ရုန်းကန်လှုပ်ရှားလာရသည့်အခါ ၎င်းတို့တွင် ရှိလာသော ချို့ယွင်းချက် အားနည်းချက်များ အတွက် တိုင်းရင်းသား လူနည်းစုများသည် အလွယ်တကူ လက်ညိုးထိုး ပြစ်တင်ခံရသည့် ဓါးစာခံများ ဖြစ်လာတတ်ကြသည်။

အမျိုးသား လုံခြုံရေး ရာ သဘောထားများ သည် လူ့အခွင့်အရေး များ အပေါ် အမြဲလိုကျော်လွှား သွားလေ့ ရှိခဲ့ပြန်သည်။ ထိုသို့ အမျှော်အမြင်နည်းမှုများကြောင့် ပြည်တွင်း မငြိမ်မသက်မှုများဆီ ဦးတည်သွားနိူင်ပြီး နောက်ဆုံးတွင် နိူင်ငံ လုံခြုံရေး ကို ထိခိုက်လာနိူင်ပေသည်။

Hla Soewai

No comments:

Post a Comment