Tuesday, June 13, 2023

မော်လမြိုင်-မြိတ် အာရှလမ်းမကြီးတစ်လျှောက် သွားလာမည့် ယာဉ်များ ဇွန်လ ၁၅ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတူ မသွားလာရန် KNLA ထုတ်ပြန်

မော်လမြိုင်-မြိတ် အာရှလမ်းမကြီးတစ်လျှောက် သွားလာမည့် ယာဉ်များ ဇွန်လ ၁၅ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတူ မသွားလာရန် KNLA ထုတ်ပြန်
ဧရာဝတီတိုင်းမ် ဇွန်လ ၁၃ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှစတင်ပြီး တနင်္သာရီတိုင်း မြိတ်မြို့နယ်ကို ဆက်သွယ်ထားသည့် အမှတ်(၈) ဟိုင်းဝေးလမ်းမကြီးတစ်လျှောက် သွားလာမည့် ယာဉ်များအား ဇွန်လ ၁၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူမသွားကြရန်နှင့် လိုက်နာရန် အချက် လေးချက်ကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) အမှတ်(၂၇)တပ်ရင်း၊ တပ်မဟာ (၆) က ထုတ်ပြန်ထားသည်။ မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်အား ဆက်သွယ်ထားသည့် အာရှ လမ်းမကြီး တစ်လျှောက်တွင် ခရီးသွားလာမည့်ယာဉ်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ယာဉ်ပေါ်တွင် အတူတကွစီးနင်းခြင်း မပြုရန်၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လူဖြစ်စေ၊ ပစ္စည်းဖြစ်စေ တင်ဆောင်ခြင်းမပြုကြရန်၊ KNLAတပ်ဖွဲ့များမှ စစ်ဆေးရန်ခေါ်ယူသည့်အခါတွင် ကြည်ဖြူစွာစစ်ဆေးခံရန်နှင့် အခြားတော်လှန်ရေး တပ်ဖွဲ့များမှ စစ်ဆေးပါကလည်း ကြည်ဖြူစွာစစ်ဆေးခံရန် KNLAက ထုတ်ပြန်ထားသည်။ "မော်လမြိုင်-ရေး-ထားဝယ်-ဘိတ် လမ်းတောက်လျှောက်ကို တပ်ရင်း (၂၇) က တပ်ဖွဲ့ဝင်တွေကို တောက်လျှောက်ဖြန့်ကျက်ထားပြီးပါပြီ။ ဒီအတွက်ကို တရားဝင် အသိပေးတဲ့အနေနဲ့ရော ပြည်သူလူထုကို မေတ္တာရပ်ခံတဲ့ အနေနဲ့ပါ ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တူတူမသွားလာနဲ့ဆိုတာကလည်း ပြည်သူတွေ ရဲ့လုံခြုံရေးကြောင့်ပါ" ဟု KNLA တပ်ရင်း (၂၇) နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ KNLA တပ်ဖွဲ့များအနေဖြင့် အမှတ်(၈) လမ်းမကြီးတစ်လျှောက်ကို ထိန်းချုပ် လှုပ်ရှား နေပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများနစ်နာဆုံးရှုံးမှုမဖြစ်ရန်နှင့် စစ်ကောင်စီ တပ်များသည် ခရီးသွားပြည်သူများအား အကာအကွယ်ယူ၍ သွားလာနေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။ မော်လမြိုင်မြို့နယ်မှ မြိတ်မြို့နယ်သို့ ဆက်သွယ်ထားသည့် အမှတ် (၈) အဝေးပြေး လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီယာဉ်တန်းများမိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ကြားဖြတ်တိုက်ခိုက်ခံရခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး နှစ်ဖက်တိုက်ခိုက်မှုများ အတွင်း အရပ်သားထိခိုက်မှုများလည်း ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။ ဓာတ်ပုံ - ရေးမြို့နယ် အာရှလမ်းမတစ်နေရာမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)။ #မော်လမြိုင် #မြိတ် #အာရှလမ်းမ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #မသွားလာရန် #KNLA #Ayeyarwaddy_Times

No comments:

Post a Comment