*နိုင်ငံတော်ဆိုတာ အဘလား*
-----------------------------------------
"တပ်မတော်မှ သင့်ကိုအလိုရှိသည်" တဲ့
ဒီစကားလေးကို မနောခွေ့ပြီး
ယောက်ျားထဲက စစ်သား ငါကွဆိုပြီး
"စစ်ပုံမကျ မဝင်ရ" ဆိုင်းဘုတ်အောက်
ဘိုကေကို အခါခါသရင်း
သတိမတ်မတ် စွဲခဲ့တယ်..
ဖိုကြီးက ပဲဟင်းဆိုတာ ငါတို့အတွက်တော့
နတ်သုဒ္ဓါပဲ
အရာခံဗိုလ်သမီးကို ကြောင်မိလို့ အချုပ်ကျလည်း
အမှတ်မရှိ စနောက်မြဲ
စစ်သားလူပျိုဖြစ်ရခြင်း အရသာဆိုတာ ဒါပဲ..
ရှေ့တန်းဟေ့ ဆိုတော့လည်း လူပျိုတွေက
သေနတ်တပြင်ပြင်နဲ့
နောက်လှည့်ကြည့်လည်း ကျောပဲရှိတဲ့ဘဝမို့
အိမ်ထောင်သည် ဆရာများကတော့
ဇနီးနဲ့သမီးကို နှုတ်ဆက်လို့ပေါ့..
ကိုယ်တို့အဖိုးများလက်ထက်
စစ်သားတစ်ယောက်ကျရင် တစ်ပြည်လုံး ပူဆွေးခဲ့ပေမယ့်
ကိုယ်တို့ခေါတ်မှာ
စစ်သားသေရင် ပြည်သူပျော်သတဲ့
အာဏာရှင်စနစ်အောက် အသက်ပျောက်သော်
"သင်သွားလိုရာ သွားနိုင်ပြီ" ဆိုတဲ့
အမိန့်ပြန်တန်းနဲ့သာ ဘဝကို အနားသတ်ရတယ်
ဘယ်ပြည်သူမှ မပူဆွေး..
သင့်ကိုအလိုရှိခဲ့ဖူးတဲ့ တပ်မတော်ကနေ
သင်သွားလိုရာသွားဖို့ အနှင်ခံရတဲ့အခါ
ဒီဝိဉာဥ်ဟာ ဘယ်ကျွတ်ပါလိမ့်
အမိန့်အရ လုပ်ခဲ့ဖူးသော အကုသိုလ်ကြွေးများဆပ်ရင်း
သံသရာအဆုံးထိ ငရဲမှာလောင်မြိုက်..
ငါလုပ်ခဲ့တာ အဖေအတွက်မပါ
အမေအတွက်မဟုတ်
ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာနေခဲ့ရ
အဘ အဘ အဘတို့အတွက် အသက်ကိုပေးလှူ
နိုင်ငံတော်ဟာ အဘလား..
ဟင့်အင်း မတန်ပါဘူး.....
#မျိုးချစ်စစ်သည်
No comments:
Post a Comment