Thursday, July 14, 2022

ပြည်ဖျက်ဘုန်းကြီးနဲ့ မအလ

 သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာဘဲ။ဒီမိုး ဒီလှေ ဒီလူတွေနဲ့ ဒီတိုင်းပြည်ကတော့ သွားပါပြီ။ 

ဗုဒ္ဓဘုရားရှင်လက်ထက်က ဖြစ်ပွါးခဲ့တဲ့ဇာတ်လမ်းက ယခုမြန်မာပြည်မှာဖြစ်နေတာနဲ့ ကွက်တိဘဲ။ 

အဇာတသတ်ကို ဒေဝဒတ်က ဘုရင်ဖြစ်အောင်မြှောက်ပင့်ပေးတယ်။ 

အလကားမြှောက်ပေးခဲ့တာတော့မဟုတ်ဘူး။ သူ့မှာရည်ရွယ်ချက်တွေရှိတယ်။ အဇာတသတ်ဘုရင်ဖြစ်မှ ဗုဒ္ဓဘုရားကို ဖယ်ရှားပြီး ဒေဝဒတ်က သာသနာပိုင် တက်လုပ်ခွင့်ရမှာဆိုတဲ့ရည်ရွယ်ချက်။ 

သူသာသနာပိုင်ဖြစ်ရင် ကြိုက်သလို ချယ်လှယ်ခွင့်ရပြီ။ ဘုရားနောက်က ထောင်နဲ့ချီတဲ့ တပည့်ရဟန်းတွေကလည်း အားလုံး သူတပည့်တွေဖြစ်ပြီ။ သူသတ်မှတ်ချင်တဲ့ ဝိနည်းစည်းကမ်းတွေကိုလည်း စိတ်တိုင်းကျ သတ်မှတ်ခွင့်ရပြီ။ ရဟန်းထုတစ်ရပ်လုံးက သူ့စကားကိုဘဲ နားထောင်ရတော့မယ်။ 

အဲဒီရည်ရွယ်ချက်။ 


ဒါ့ကြောင့် ဒေဝဒတ်မြှောက်ပေးတဲ့အတိုင်း ဘုရင်ရူးအဇာတသတ်က အဖေအရင်း ဘုရင်ကိုသတ်ပြီး အာဏာကိုဖြတ်လမ်းနည်းနဲ့ ရယူခဲ့တယ်။ နောက်ဆုံး အမည်ခံဘုရင်ဖြစ်ခဲ့တယ်။ 

ဆရာ တပည့်တွေ ရည်ရွယ်ချက်တွေကိုယ်စီနဲ့မို့ တစ်ခဏတော့ အောင်မြင်ပြီဟေ့ ဆိုပြီး ပျော်ခဲ့ကြမှာပေါ့။ 


ဒါပေမယ့် မရိုးသားတဲ့ အကုသိုလ်စိတ်တွေနဲ့ ဖန်တီးခဲ့ကြတဲ့အတွက်ကြောင့် သဘာဝတရားကြီးက ဒဏ်ခတ်ခဲ့တယ်။ သူတို့ဖြစ်ချင်တဲ့ ရည်ရွယ်ချက်တွေလည်း ဆုံးခန်းတိုင်အောင် မအောင်မြင်ခဲ့တဲ့အပြင် နောက်ဆုံးမှာ ဆရာ တပည့် ၂ ယောက်စလုံး အဝဇိငရဲကို သက်ဆင်းသွားခဲ့ရတယ်။ 


အခုလည်း ဒီလိုဘဲ။ ဒီအဖြစ်နဲ့တစ်ထပ်ထဲဘဲ။ 


သီတဂူရဲ့ အဓိက အဖြစ်ချင်ဆုံး ရည်ရွယ်ချက် အိမ်မက်က တစ်နေ့မှာ ရွှေကျင်သာသနာပိုင်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်။ 

သူ့မှာ ဟိုဒေါက်တာ ဒီဒေါက်တာဘွဲ့တွေလည်းရပြီးပြီ။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ အဘိဓဇမဟာရဋ္ဌဂုရုဆိုတဲ့ ဘွဲ့လည်းရပြီးပြီ။ သူ့ကိုယ်သူ နာမည်တပ်ယူထားတဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိ ဆိုတဲ့ နာမည်ကြီးကိုလည်း နာမည်ရဲ့ရှေ့မှာတပ်ယူပြီးပြီ။ 

အဲဒီဘွဲ့ တွေလောက်နဲ့ သူ့လောဘက မကျေနပ်မတင်းတိမ်နိုင်သေးဘူး။ အဲဒီဘွဲ့တွေအားလုံးထက် ပိုပြီးကြီးကျယ်ခန်းနားတဲ့ တစ်နိုင်ငံလုံးနဲ့လည်းဆိုင်တဲ့ ရွှေကျင်သာသနာပိုင်ချုပ် ဆိုတဲ့ ရာထူးဘွဲ့အမည်ကြီးကို ရယူချင်ခဲ့တာကြာခဲ့ပြီ။ 

ဒါဟာ သူ့ရဲ့နောက်ဆုံးအိမိမက်ဆိုတာ ကျနော်သိခဲ့တာကြာခဲ့ပြီ။ 

ဒီစကားကို ကျနော် မသေချာမရေရာဘဲ အထောက်အထားမဲ့ ပြောနေတာမဟုတ်ဘူး။ 

သူ့မှာ ဒီအိမ်မက် ဒီရည်ရွယ်ချက်ရှိနေတယ်ဆိုတာကို အမေရိကရောက်လာတဲ့အခါတွေမှာပြောခဲ့ဘူးတဲ့စကားတွေထဲမှာတစ်စွန်းတစ်စ သိခဲ့ရသလို  

သူ့ရဲ့တပည့်အရင်းခေါက်ခေါက် ဦးပဇင်းတွေ ၊ 

မြန်မာပြည်သီတဂူကပ္ပိယကာရက အဖွဲ့ထဲက အတွင်းသိအဆင်းသိ လူပုဂ္ဂိုလ်တွေကိုယ်တိုင်က ကျနော့်ကိုပြောပြထားလို့ သိထားခဲ့တာကြာခဲ့ပြီ။ 

ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ခန့် က ဝါဆိုဆရာတော်ကြီး ရွှေကျင်သာသနာပိုင်ဖြစ်နေတဲ့အချိန်မှာကထဲက ဒီရည်ရွယ်ချက်စိတ်ကူးတွေက ရှိနေခဲ့တာ။ 

ဝါဆိုဆရာတော်ကြီးပျံလွန်တော်မူပြီးတဲ့နောက်ပိုင်းလည်း သတ်မှတ်စည်းကမ်းနဲ့မညီလို့ သူဖြစ်ခွင့်မရခဲ့ဘူး။ 

ရွှေကျင်သာသနာပိုင်ဖြစ်ဘို့ ပြဌာန်းထားတဲ့ သတ်မှတ်ချက်တွေ၊ စည်းကမ်းချက်တွေနဲ့ မကိုက်ညီသေးလို့ မတတ်သာလို့ငြိမ်နေရတာ။ 

ရွှေကျင်ဂိုဏ်းဆိုတာ မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာ သာသနာ့ဂိုဏ်းတွေထဲမှာ အရည်အတွက်အင်အားအကြီးဆုံး၊ စည်းကမ်း ဝိနည်းအတင်းကြပ်ဆုံး၊ လူတွေအကြည်ညိုဆုံး ဂိုဏ်းကြီး တစ်ခုလို့ အများက သတ်မှတ်သိထားကြတယ်။ 

တကယ်တော့ သီတဂူဟာ အရင်က ရွှေကျင်ဂိုဏ်းကမဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းရဲ့ငယ်မွေးခြံပေါက်လည်းမဟုတ်ဘူး။ နောက်ပိုင်းမှ ဒိုင်ဗင်ထိုးပြီးဝင်ရောက်လာတာဆိုတာကိုလည်း သူ့တပည့်အရင်း ဦးပဇင်းတွေကိုယ်တိုင်ကပြောပြထားလို့သိထားတယ်။ 


ရွှေကျင်သာသနာပိုင်ချုပ် ဆိုတဲ့ရာထူးကို ခေတ်အဆက်ဆက်က ရယူခဲ့တဲ့ဆရာတော်ကြီးတွေဆိုတာ သူ့လိုမဟုတ်ဘူး။ 


သူ့လို နာမည်မကြီးရင်သာနေမယ် သူ့ထက် ဝိနည်းကိုတိတိကျကျလေးစားစောင့်ထိမ်းခဲ့တဲ့ဆရာတော်ကြီးတွေ။ 

တကယ့်ကို ရိုးသားဖြူစင်တဲ့ဆရာတော်ကြီးတွေ။ 

စာတတ်ပေတတ် ကျမ်းပြုအကျော်အမော်ဆရာတော်ကြီးတွေ။ 

သူ့လို မော်ကြွားမောက်မာတဲ့ စိတ် လုံးဝမရှိကြတဲ့ ကြည်ညိုဖွယ်ဆရာတော်ကြီးတွေ။ 

ရဟန်းထုတစ်ရပ်လုံးက သူ့ထက်ပိုပြီး ကြည်ညိုလေးစားခြင်းခံရတဲ့ဆရာတော်ကြီးတွေ။ 

သူနဲ့ဘယ်လိုမှ နိူင်းယှဉ်လို့မရတဲ့ ဝိနည်းဓိုရ်ဆရာတော်ကြီးတွေ ။ ဒါတွေကို ရဟန်းထုတစ်ရပ်လုံးက အသိဆုံးဖြစ်တယ်။ 


အခုတော့ တစ်သက်လုံးက ဖြစ်ချင်ခဲ့တဲ့အိမ်မက်ကို ပွဲလန့်တုန်း ဖျာဝင်ခင်းခွင့်ရသွားပြီ။ 

ခုန်ပျံ ကျော်လွှားပြီး ရွှေကျင်သာသနာပိုင်ချုပ်ဆိုတဲ့ရာထူးကို ရသွားလို့ ဒီအချိန်မှာ ဝမ်းသာပီတိ ဂွမ်းဆီထိပြီး အကျေနပ်ကြီးကျေနပ်နေမှာ သေချာပါတယ်။ 


အခုဆို နာမည်ရဲ့ရှေ့ဆုံးမှာ တခြားဘွဲ့တွေကိုတောင် မတပ်တော့ဘဲ ရွှေကျင်သာသနာပိုင်ဆိုတဲ့ ဘွဲ့ကြီးကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ တပ်ပြီး ကြွားလုံးတွေထုတ်နေပြီ။ တခြားဘွဲ့တွေကို နောက်ကိုပို့လိုက်ပြီ။

ပြီးတော့- 

“ ဒကာကြီးအနောက်မှာ စစ်တပ်ကြီးတစ်တပ်လုံးရှိတယ်။ ပြီးတော့ ငါဦးဆောင်တဲ့ သံဃာထု တစ်ရပ်လုံးရှိတယ် ဘာမှစိုးရိမ်တွေးတောမနေနဲ့ လုပ်စရာရှိတာမြန်မြန်လုပ် “ ဆိုပြီး သမ္မတရူးရူးနေတဲ့ တပည့်ကျော် မအလ အဇာတသတ်ကို မြှောက်ပင့်ပေးခဲ့တဲ့စကား။ 

အခုတော့ မအလ အဇာတသတ်လည်း အမည်ခံ ဘုရင်ဖြစ်ခွင့်ရသွားပြီ ငါလည်း ကိုယ့်ဖဲကိုယ်ချိုးပြီး အမည်ခံသာသနာပိုင်ချုပ်ဖြစ်သွားပြီ။ ပျော်စရာကြီးနော်။


ဒါပေမယ့် ဒီအပျော်ဘယ်လောက်ခံမလဲ ? 

ဗုဒ္ဓဘုရားရှင်လက်ထက်က ပူးပေါင်းကြံစီခဲ့ကြတဲ့ ဆရာလုပ်သူ ဒေဝဒတ် နဲ့ 

တပည့်ကျော် အဇာတသတ်တို့ရော ကြာကြာစံစားခဲ့ရလို့လား? 

နောက်ဆုံးဘယ်လို အဆုံးသတ်ခဲ့ကြသလဲ ? 

မရိုးသား မဖြူစင်ခဲ့မူ့တွေရဲ့နောက်ကွယ်မှာ ဒယ်အိုး ဆိုတာရှိတယ်။ 

တကယ်တော့ ဒယ်အိုးဆိုတာကနောက်မှ ဒီဘဝမှာကို ဆရာတပည့် နှစ်ဦးစလုံး သက်ဆုံးတိုင် အေးအေးချမ်းချမ်းနဲ့ လက်မထောင်ပြီး ရည်ရွယ်ချက်တွေအောင်မြင််စွာနဲ့ နေသွားရမယ်လို့ ထင်နေလား ? စောင့်ကြည့်လိုက်ပါအုံး။ 

အာဏာကိုဖြတ်လမ်းနည်းနဲ့ ရယူခဲ့တဲ့ မအလ ကိုရော ပြည်သူတစ်ရပ်လုံးက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံနေလား ? 

ရွှေကျင်သာသနာပိုင်ချုပ်ဆိုတဲ့ရာထူးကြီးကို ခုန်ပျံကျော်လွှားပြီးရယူခဲ့တဲ့ သီတဂူကိုရော ရဟန်းထုတစ်ရပ်လုံးနဲ့ ပြည်သူတစ်ရပ်လုံးက ကြည်ညိုဂုဏ်ပြု လေးစားနေကြပြီလား ? 

ဒီကြားထဲ ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ နောက်တိုးမင်းသားလေး-ဓမ္မဒူတ ဆေကိန္ဒဆိုတဲ့ ခုန်ပျံကျော်လွှား သိုင်းသမားလေးကလည်း သူ့ထက် အရည်အချင်းရော သီလ သမာဓိ ပညာတွေရောကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျော်လွှားပြီး မတန်မရာ ပါချုပ် ဆိုတဲ့ရာထူးကြီးကို ရယူသွားတာကိုရော ရဟန်းထု တစ်ရပ်လုံးနဲ့ ပြည်သူတစ်ရပ်လုံးက ကျေနပ်ကြည်ဖြူစွာနဲ့ ကြည်ညိုလေးစားနေကြပြီလား ? ဆိုတဲ့ 

ဒီ အကျော်အမော် ပုဂ္ဂိုလ် ၃ ဦးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ ကျနော်မဖြေတော့ပါဘူး ။ 

မြန်မာပြည်တွင်းမှာရှိကြတဲ့ ရဟန်းထုတစ်ရပ်လုံးနဲ့ ပြည်သူတစ်ရပ်လုံးက အဖြေပေးပါလိမ့်မယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာသာ နားထောင်ကြည့်လိုက်ပါ။ တသောသောနဲ့ ကောင်းချီးဂုဏ်ပြုနေကြတဲ့အသံတွေကြားရပါလိမ့်မယ်။ 

ကျနော် ပြောချင်တဲ့စကားကတော့-

ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီမုန်တိုင်းကြီးကြားမှာ မြန်မာပြည်ဆိုတဲ့ ပေါက်ပြဲနေတဲ့ ဒီလှေကြီးနဲ့ ဘယ်လိုများ ခရီးဆက်ကြမှာပါလိမ့် ။ 

ဪ - ဘုန်းကြီးတွေ - ဘုန်းကြီးတွေ နာမည်ကြီးချင် ကျော်ကြားချင် တဲ့စိတ်တွေနဲ့ လောဘတက်လာရင် လူတွေထက် အဆပေါင်းများစွာဆိုးပါလား - အို အသင်လောက ။ 

ဘုမသိ ဘမသိ လူတွေကလည်း သာဓုတွေလိမ့်ခေါ်နေကြတာမြင်ရတော့ ရီချင်မိပြန်တယ်။ 

အို အသင်လောက။ 

တပည့်ကျော် မအလ နဲ့အတူ သီတဂူ တို့ ဆေကိန္ဒတို့ ရုရှားသို့ အတူပါသွားကြသော ခရီးစဉ်ကို ဂုဏ်ပြုသောအားဖြင့် ဒီစာကိုရေးပါသည်။ 😂


😂😂😂😜😜😜


Henry Aung ( Florida ) 

July, 13, 2022

Sunday, July 10, 2022

နိင်ငံတော်ဆိုတာအဘလား


 *နိုင်ငံတော်ဆိုတာ အဘလား*

-----------------------------------------

"တပ်မတော်မှ သင့်ကိုအလိုရှိသည်" တဲ့

ဒီစကားလေးကို မနောခွေ့ပြီး

ယောက်ျားထဲက စစ်သား ငါကွဆိုပြီး

"စစ်ပုံမကျ မဝင်ရ" ဆိုင်းဘုတ်အောက်

ဘိုကေကို အခါခါသရင်း

သတိမတ်မတ် စွဲခဲ့တယ်.. 


ဖိုကြီးက ပဲဟင်းဆိုတာ ငါတို့အတွက်တော့

နတ်သုဒ္ဓါပဲ

အရာခံဗိုလ်သမီးကို ကြောင်မိလို့ အချုပ်ကျလည်း

အမှတ်မရှိ စနောက်မြဲ

စစ်သားလူပျိုဖြစ်ရခြင်း အရသာဆိုတာ ဒါပဲ.. 


ရှေ့တန်းဟေ့ ဆိုတော့လည်း လူပျိုတွေက 

သေနတ်တပြင်ပြင်နဲ့

နောက်လှည့်ကြည့်လည်း ကျောပဲရှိတဲ့ဘဝမို့

အိမ်ထောင်သည် ဆရာများကတော့

ဇနီးနဲ့သမီးကို နှုတ်ဆက်လို့ပေါ့.. 


ကိုယ်တို့အဖိုးများလက်ထက် 

စစ်သားတစ်ယောက်ကျရင် တစ်ပြည်လုံး ပူဆွေးခဲ့ပေမယ့်

ကိုယ်တို့ခေါတ်မှာ 

စစ်သားသေရင် ပြည်သူပျော်သတဲ့

အာဏာရှင်စနစ်အောက် အသက်ပျောက်သော်

"သင်သွားလိုရာ သွားနိုင်ပြီ" ဆိုတဲ့

အမိန့်ပြန်တန်းနဲ့သာ ဘဝကို အနားသတ်ရတယ်

ဘယ်ပြည်သူမှ မပူဆွေး.. 


သင့်ကိုအလိုရှိခဲ့ဖူးတဲ့ တပ်မတော်ကနေ

သင်သွားလိုရာသွားဖို့ အနှင်ခံရတဲ့အခါ

ဒီဝိဉာဥ်ဟာ ဘယ်ကျွတ်ပါလိမ့်

အမိန့်အရ လုပ်ခဲ့ဖူးသော အကုသိုလ်ကြွေးများဆပ်ရင်း

သံသရာအဆုံးထိ ငရဲမှာလောင်မြိုက်.. 


ငါလုပ်ခဲ့တာ အဖေအတွက်မပါ

အမေအတွက်မဟုတ်

ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာနေခဲ့ရ

အဘ အဘ အဘတို့အတွက် အသက်ကိုပေးလှူ

နိုင်ငံတော်ဟာ အဘလား..

ဟင့်အင်း မတန်ပါဘူး.....

#မျိုးချစ်စစ်သည်