Monday, August 26, 2019

မြန်မာသမိုင်းတွင် အာဏာရှင်ဆိုတာဘာလဲ

မြန်မာနိုင်ငံတွင် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သည့် ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင်၊ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတဟောင်း၊ စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်ကြီး နေဝင်းသည် မြန်မာ စစ်အာဏာရှင် အပေါင်းတို့၏ ဂေါ့ဒ်ဖားသား (God Father ) ခေါ် ခေါင်းကိုင်ဖခင်ကြီးပင် ဖြစ်ပေသည်။

သူသည် တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ မှ ၁၉၇၃ ခုနှစ် အထိ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၃ မှ ၁၉၈၈ အထိ) တို့တွင် အဓိက ကြိုးကိုင်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ကြီး ဖြစ်သည်။ သူ၏ အမွေကို ယနေ့ထက်တိုင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်အထိ ဆက်ခံနေဆဲဖြစ်သည်။ ဤသို့ဆိုလျှင် အာဏာရှင်ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်ကို ဆန်းစစ်ဖို့ လိုပေမည်။

အာဏာရှင်စနစ်

အာဏာရှင်စနစ်၏ အဓိပ္ပါယ်ကို မြန်မာအဘိဓာန်၌ စီမံခန့်ခွဲ ပြုလုပ်ပိုင်ခွင့် စသည့် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်သုံးစွဲသူ ဟူ၍ ဖွင့်ဆိုထားပေသည်။

ဗိုလ်မှူ းချစ်ကောင်း ပြုစုသည့် နိုင်ငံရေးအဘိဓာန် စာအုပ် စာမျက်နှာ ၆၆၂ ၌ လူတန်းစားတစ်ရပ်က အခြား လူတန်းစားတစ်ရပ် (သို့) အခြား လူတန်းစားများအပေါ်တွင် အကြမ်းဖက်၍ အုပ်စိုးမှုပင် ဖြစ်သည် ဟူ၍ အနက်အဓိပ္ပါယ် ဖွင့်ဆိုထားပေသည်။

ထိုနည်းတူစွာ မောင်ဝံသ ပြုစုသည့် ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန် စာအုပ် ၁၄၅ ၌ -
အာဏာရှင်စနစ်ဆိုသည်မှာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းက နိုင်ငံရေးအာဏာ အလုံးစုံကို ခြွင်းချက်မရှိ ကိုင်တွယ်ထားသော အစိုးရပုံစံကို ခေါ်သည်။ တိုင်းပြည်အချို့တွင် အရေးပေါ် အခြေအနေများ ကြုံတွေ့ရချိန်တွင် ယာယီအားဖြင့် အာဏာရှင်တစ်ယောက်ကို တင်မြှောက်ပေးလေ့ရှိသည်။ ရောမခေတ်က မူလ အုပ်ချုပ်ရေးပုံစံမှာ သမ္မတနိုင်ငံပုံစံ ဖြစ်သော်လည်း စစ်ရေး အကျပ်အတည်းများနှင့် ကြုံတွေ့ရချိန်တွင် အာဏာရှင်များကို ဆီနိတ်လွှတ်တော်ကပင် ခန့်အပ် တာဝန်ပေးခဲ့ကြသည်။ အလားတူပင် ရှေးဟောင်း ဂရိမြို့ပြနိုင်ငံများတွင်လည်း ပြည်သူတို့ စည်းလုံးညီညွတ်မှု အလွန်အမင်း အန္တရာယ်ရှိချိန်တွင် ဥပဒေပြုရေးအာဏာ အလုံးစုံကို လူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်း အပေါ်သို့ အပ်နှင်းခဲ့ကြဖူးသည်။

နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာမောင်မောင်ကလည်း တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ စာအုပ် စာမျက်နှာ ၂၃ တွင် ဒီမိုကရေစီ ဆိုသည်မှာ ဘာလဲ ဟူသည်ကို ထင်ရှားစေရန် ဒီမိုကရေစီနှင့် အာဏာရှင် နိုင်ငံများကို ယှဉ်၍ ရေးပြထားပါသည်။

ဒီမိုကရေစီ ဆိုသည်မှာ နိုင်ငံရေး စကားသာ မဟုတ်၊ ပြည်သူတို့၏ အနေအထိုင်၊ အတွေးအခေါ်၊ အလေ့အကျင့် ဖြစ်သည်။ ဒီမိုကရေစီကို ဟောပြောနေရုံနှင့် မရ၊ ကျင့်သုံးမှ ရသည်။ ဒီမိုကရေစီ ဆိုသည်မှာ မိုးပေါ်က ကျလာသော ရတနာမဟုတ်။ မည်သူက ပေးမှရသော ရတနာလည်းမဟုတ်၊ ပြည်သူတို့က ကိုယ့်ဘဝကို ကိုယ်ဖန်တီးကြခြင်းသာ ဖြစ်သည်။

ဒီမိုကရေစီ ဆိုသည်မှာ ဘာလဲဟု အထင်အရှား သိလိုလျှင် ဒီမိုကရေစီ မရှိသော အာဏာရှင် နိုင်ငံတွင် ဖြစ်ပျက်ပုံတို့နှင့် နှိုင်းယှဉ်၍ ကြည့်ရပေမည်။
ဒီမိုကရေစီ အနှစ်သာရကို ခံစားနေရတုန်းကတော့ ရိုးနေ၍ အရသာ တွေ့ချင်မှတွေ့မည်။ အာဏာရှင် စနစ်ခါးခါးလေးကို စားကြည့်ရလျှင် ဒီမိုကရေစီ၏ အရသာကို ပို၍ တန်ဖိုးထားတတ်မည်....စသည်ဖြင့် နိဒါန်းချီပြီး ဒီမိုကရေစီနိုင်ငံနှင့် အာဏာရှင်နိုင်ငံ နှိုင်းယှဉ်ချက် (၁၆) ချက် ကို ရေးသားတင်ပြထားပါသည်။

သန်းဝင်းလှိုင် ...
.
Credit : via Aung Kyaw Moe
.
 ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
26-08-2019