Tuesday, April 13, 2021

အာဏာရှင်ဖြင့်မပူးပေါင်းခြင်းက အရေးတော်ပုံအောင်မြင်နိင်

 အာဏာရှင်များ နှင့် မပူးပေါင်းခြင်းဖြင့်သာ အရေးတော်ပုံ အောင်မြင်နိုင်

*******************************


အာဏာသိမ်းပြီး နှစ်လ ကျော် ကြာသည်အထိ နေ့စဉ်လို လူများ သတ်ဖြတ်နေသော သတင်းများကြောင့် လူထု အဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ အတော်ကို ခက်ခဲလာနေရသည့် အနေအထားနှင့်ကြုံလာနေရပြီ ဖြစ်သည်။


တဖက်တွင်လည်း ၎င်းတို့အား ပုံမှန် အနေအထားဖြင့် တိုင်းပြည်ကို အရူးချီးပန်း အုပ်ချုပ်သွားနိုင်ခွင့် မပေးဘဲ ဆန့်ကျင်သွားရမည့် တာဝန်ကြီးက ရှိနေပြန်သည်။ ထိုတာဝန်ကြီးကို တတိုင်းပြည်လုံးက ညီညွတ်စွာ ထမ်းရွက် ဖို့ကလည်း ဝန်မလေးကြပေ။


စစ်တပ်ကို တနိုင်ငံလုံး မုန်းတီးလာနေမှုက မည်သို့မျှ အငြင်းပွားစရာ မလိုပေ။ မိမိ တို့ ရပ်ရွာသို့ ခွင့်နှင့် ပြန်လာမည့် စစ်သားများ အဖို့ ယူနီဖောင်း ဝတ်ပြီး ရပ်ရွာထဲသို့ ဝင်ရဲခြင်း ရှိမရှိ ကို အရင် ဆန်းစစ်ကြည့်လျှင် သိနိုင်ပေသည်။


သို့သော် လက်ရှိ ရှေ့မတိုး နောက်မဆုပ် ဖြစ်နေမှုကို နောက်ဆုံး သည်းမခံနိုင် ဖြစ်လာသူများက နိုင်သည့်ဖက် ပါတော့မည်ဟု ဆုံးဖြတ်သူများလည်း ရှိလာနိုင်သည်။


ထိုသို့ ကျဉ်းထဲကျပ်ထဲ ရောက်လာနေမှု အတွက် နယ်ခြားဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင်များထံ ပြေးဝင် ခိုလှုံသွားခဲ့ကြသည်။ အားလုံးအတွက်က ရဲဘော် သုံးကျိပ် မြန်မာပြည်ထဲသို့ ဝင်လာချိန်တွင် လက် တဆုပ်စာ အင်အားသာ ရှိသော်လည်း ရန်ကုန်သို့ ချီတက်လာရာ လမ်းတလျှောက်တွင် ပြည်သူများက ပါဝင် ပူးပေါင်းလာကြသဖြင့် ဘီအိုင်အေ တပ်မတော်ကြီး ပေါ်ပေါက်လာခဲ့သည့် နမူနာများလည်း အတိုင်းသား မြင်တွေ့ သိရှိခဲ့ကြပြီး ဖြစ်သောကြောင့်ပင်။


သို့သော် အကြောင်းချင်းရာတခုမှာ တိုင်းရင်းသား လက်နက်ကိုင်များက သူတို့ ဒေသကို အနာခံပြီး လူငယ်များကို မည်မျှ အတိုင်းအတာ အထိ ကူညီ လိုစိတ် ရှိနေသနည်း၊ စစ်တပ်ကလည်း ထိုသို့ ကူညီသူများအား ပြစ်ဒဏ် ခတ်သည့်အနေဖြင့် အဆိုပါ ဒေသရှိ လူနေ ဒေသများကို ဗုံးကြဲတိုက်ခိုက်လာကြသည်။ ဝ အဖွဲ့၏ သဘော ထားကိုကြည့်မည်ဆိုလျှင် အထင်အရှား တွေ့မြင်နိုင်သည်။


မြန်မာပြည်တွင် ဖြစ်ပျက်နေမှုများက အားပြိုင်နေမှု မဟုတ်တော့ဘဲ လူသတ်ပွဲကြီး ဖြစ်လာနေသော်လည်း အဆိုပါ အခြေအနေမှာ ပြောင်းလဲသွားနိုင်စရာ ရှိသည်။ ပြည်တွင်းတွင် လက်နက်၊ စစ်သင်တန်း နှင့် အဖွဲ့အစည်း တရပ်သာ ရှိမည်ဆိုလျှင် ၎င်းတို့အား ပြန်လည် ခုခံလိုသူ လူငယ်လူရွယ် အမျိုးသား အမျိုးသမီးများ မရှားဟု ဘန်ကောက်ရှိ လုံခြုံရေးရာများ သုတေသီ အန်ထော်နီ ဒေးဗီးစ်က ဝေါ်စထရိ ဂျာနယ်တွင် ရေးသားထားသည်။


၎င်း၏ ခန့်မှန်းချက်များက တမူး နှင့် မုံရွာ ဒေသများရှိ “တူမီး တော်လှန်ရေး” များ၊ ရန်ကုန်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး နှစ်ရုံး မီးလောင်ပြာကျသွားခဲ့မှုများကို ကြည့်က သွေးထွက်အောင် မှန်လွန်းနေပေသည်။ ထိုအထဲတွင် ရုံးတရုံးသည် လက်ပစ်ဗုံး နှင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်ဟု ယူဆရသည်။ သို့သော် မင်းအောင်လှိုင် တပ်များက မြို့များတွင် အနှံ့အပြား နေရာယူထားကြ၍ လွယ်လွယ်ကူကူတော့ ဖြစ်မလာနိုင်။


သို့သော် ထိုအနေအထားများလည်း ပြောင်းလဲသွားနိုင်ပြန်သည်၊ ယခုအခါ ကချင် ပြည်နယ်တွင် ကချင်လွတ် မြောက်ရေး တပ်တော် ကေအိုင်အေ နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး တပ်ရင်းမှူးအပါအဝင် စစ်သား အများအပြား သေဆုံးနေသည်။ တရုတ်ပြည်ထဲ အထိပင် အမြှောက်ဆံ ၆ ခု ကျရောက်ပေါက်ကွဲ သွားသည် အထိပင်။ ကရင်ပြည်နယ်တွင်လည်း ကျိုက်ထီးရိုး အထိ ကေအင်ယူ များက ထိုးစစ် ဆင်လာနေ သည်။ မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ကလည်း သွေးတိုးစမ်း တိုက်ခိုက်လာနေပြီ ဖြစ်သည်။ ထိုအခြေ အနေများကြောင့် မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့၏ လက်ပါးစေ တပ်များကို မြို့များမှ ထုတ်နှုတ်ရွှေ့ ပြောင်း ပေးနေရပြီ ဖြစ်သည်။ လူမပါဘဲ အင်အားပြ သွားလာနေသည့် စစ်ထရပ်ကား များကို တွေ့နေရသဖြင့် “သတ္တိရှိရင် ထွက်ခဲ့” ဟု မောင်းပြန်သေနတ်များ ကိုင်ကာ အော်ဟစ် ကြွေးကြော်နေသူများ သေမင်းခံတွင်းသို့ သက်ဆင်းကြရပေတော့မည်။


ကေအိုင်အေ ဌာနချုပ် ရှိရာ လိုင်ဇာ နှင့် ကီလိုမီတာ ၃၀ သာ ကွာဝေးသည့် အလောဘွမ်း တောင်ကုန်းကို စစ်တပ်က သိမ်းယူရန် လေကြောင်း ပစ်ကူ နှင့် အပြင်းအထန် တိုက်ခိုက်လာသော်လည်း မိမိတို့မှ ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်သည်ဟု ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူးက ဆိုသည်။


မင်းအောင်လှိုင်၏ လက်ပါးစေ အသုံးချခံဘဝ ကျရောက်သွားသော တပ်မတော်ဖက်မှ စစ်သည်များ အကျအဆုံး များစွာ ရှိခဲ့သော်လည်း လူထု ဖက်က နည်းလှချည်လား ဆိုသည့် အားမလို အားမရ သံများ တညီတညွတ်တည်း ထွက်လာသည့်အထိ ၎င်းတို့ အပေါ် သဘောထားက လုံးဝ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်ပြီး မိမိတို့အား အနိုင် အထက် ညှင်းပမ်းနှိပ်စက်နေသူများ အား နိုင်မည့်သူ ပေါ်လာနေခြင်းကို အဘယ်သူသည် ကျေနပ်ဝမ်းသာခြင်း မရှိဘဲ နေပါမည့်နည်း။


နိုင်ငံလုံး ဆိုင်ရာ အပြစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော လက်နက်ကိုင် အဖွဲ့ အားလုံး နီးပါးကလည်း CRPH ဖက်မှ ဗြောင်ကျကျ ရပ်တည်လာခဲ့ပြီ ဖြစ်သည်။


မင်းအောင်လှိုင်သည် သေနတ် ခါးကြားထိုးဦး၊ လက်တွင် ပရိတ်ကြိုး တပ်ကာ မျက်နှာပြောင် တိုက်ပြီးလူနှစ်ရာ ခန့် အသတ်ခံခဲ့ရသည် ဟူသော လှိုင်သာယာသို့ ပင် ရောက်ရှိကာ လူတောထဲ မသိမသာ ပြန်ဝင်လာနေပြီ ဖြစ်သည်။ ၎င်းတို့ဖက် မှ စားစရာ သောက်စရာများ ဝေငှသည်နှင့် ပြေလည်သွားနိုင်သည်ဟု အထင်ရောက် နေခြင်းကပင် လူထု ကြီးကို စော်ကားလိုက်ခြင်းလည်း ဖြစ်သည်။


ထိုကဲ့သို့ လူပေါင်းများစွာအား ကလေးမကျန် ပြစ်သတ်ပြီး တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားနိုင်စွမ်း ရှိနေသည်ဟူသော အတွေး တခုထဲနှင့်ပင် ပုံမှန် စိတ်အနေအထားဖြင့် တွေးခေါ်နိုင်စွမ်း မရှိ ဖြစ်နေသည်မှာ လည်း ထင်ရှားနေပေသည်။


သို့သော် မြန်မာပြည်သည် ဆီရီးယားကဲ့သို့ ပြည်တွင်းစစ်ကြီး ဆီသို့ ဦးတည်နေပြီဟု ကုလ လူ့အခွင့် အရေး အဖွဲ့ ဥက္ကဌ ချီလီ သမ္မတဟောင်း မီချဲလ် ဘက်ချလက် က ထုတ်ဖေါ်ပြောဆိုလိုက်ပြန်သည်။ စစ်တပ်သည် လူအများ အပြားအား လမ်းပေါ်တွင် သတ်ဖြတ်နေရုံမက လျို့ဝှက် စစ်ခုံရုံးများဖြင့် ဖမ်းမိထားသူများကို သေဒဏ် ချမှတ်လာနေသည့် သတင်းများကို ရည်ညွှန်း ပြောဆိုလာခဲ့သည်။


ဘာသာရေး အဆောက်အအုံများကို အကြောင်းတစုံတရာ ခိုင်ခိုင်မာမာ မရှိဘဲ အတင်း ဝင်ရောက် စီးနင်းနေကြမှု ကို လွန်စွာ စိတ်ထိခိုက်ကြောင်း ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန် မှ ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။


ပြည်တွင်းတွင်တော့ စစ်တပ်၏ ဝါဒဖြန့်ချီရေး တစိတ်တပိုင်း အဖြစ် ထင်ရှားသည့် ဆရာတော် သံဃာတော် အချို့ က ၎င်းတို့ထံ အကြီးအကျယ် လာရောက် လှူဒါန်း ကြမည့် အဖြစ်ကို စောင့်မျှော်နေသူများ ရှိနေသည့် အကြောင်းကို ရေးသားထားသည့် အီကော်နော်မစ် မဂ္ဂဇင်း၏ ခေါင်းစဉ်သည် ပြင်းထန်လွန်းလှ၍ ဖေါ်ပြရန် မသင့်ဟု ယူဆမိသဖြင့် ချန်လှပ်ထားခဲ့ပါသည်။


မင်းအောင်လှိုင် သည် သူ့အနေဖြင့် တိုင်းပြည်ကို ထိန်းချုပ်နိုင်ကြောင်း ပြသလိုသည့် ဇောကပ်နေသဖြင့် သူ့တပ်များကို လူထုအကြား အကြောက်တရားများ ဖြစ်လာအောင် နည်းမျိုးစုံဖြင့် စိတ်ရှိလက်ရှိ လုပ်ပိုင်ခွင့် ပေးထားမှုများက ခုတ်ရာတခြား ရှရာ တလွဲ ဖြစ်လာနေသည်။


လက်ရှိတွင် အသေအပျောက် များလာ၍ စိတ်ဓါတ်ကျဆင်းမှု များ ရှိလာနေသော်လည်း ကျွန်တော် အမြင်အရ ဆိုလျှင် ၎င်းတို့အား မုန်းတီးပြီး ဆန့်ကျင်မှ ဖြစ်မည် ဆိုသော ခံယူချက်များကို အင်္ဂတေ လောင်းပေးနေခြင်း မျိုးသာ ဖြစ်သည်။ တကယ်တမ်း စိတ်ဓါတ်ကျ စရာ ဖြစ်စေမည့် က ဥပမာ ဘယ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေး ရုံး ဖွင့်ပွဲ အခမ်းအနား ပြုလုပ်၊ ပြည်သူအများ တက်ရောက် အစရှိသည့် သတင်းမျိုးသာ ဖြစ်သည်။ ထိုသို့ စိတ်ဓါတ်ကျစရာ သတင်းမျိုး တမင်တကာ ထုတ်လွှင့်နိုင်ရန်လည်း စစ်တပ်က အသည်းအသန် ကြိုးစားနေခြင်း ဖြစ်သည်။


ဤသည်ကလည်း မင်းအောင်လှိုင်တို့ အဖွဲ့သည် ၎င်းတို့ နေ့ချင်းညချင်း ဆိုသလို ပြုတ်ကျသွားနိုင်သည့် တခုတည်းသော အကြောင်း ဖြစ်သည့် စစ်တပ် အတွင်း ပြိုကွဲမသွားစေရန် အတင်းအကျပ် လုံးပမ်းနေရပြီ ဆိုသည့် လက္ခဏာများပင်။ ကြာရှည် လုပ်နိုင်စွမ်း တော့ ရှိမည် မဟုတ်ပေ။


သို့သော် နှစ်ဖက် ပြောင်ပြောင်တင်းတင်း တိုက်ပွဲများ ဖြစ်လာပြီဆိုလျှင် တပ်ထဲမှ အများအပြား ဘက်ပြောင်း လာကြမည်မှာ အသေအချာ ဖြစ်သည်ဟု ထွက်ပြေးခိုလှုံလာသည့် မင်းအောင်လှိုင် တပ်များဖက်က စစ်သည် များကို ကိုးကားပြီး လန်ဒန် ရှိ တိုင်းမ်သတင်းစာကြီးတွင် ရေးသားထားသည်။


လောလောတယ်တွင် ဘဏ်လုပ်ငန်းများ ပြိုလဲ လုမတတ် ဖြစ်လာနေပြီး ပြည်ပ ကုန်တင်သင်္ဘောများ ဆိုက်ကပ် ခြင်း လွန်စွာ ရှားပါးလာနေ၍ စက်ရုံများ အဖို့လည်း ငွေပေးငွေယူ လုပ်ရန် အခက်အခဲ ဖြစ်လာကာ ကုန်ကြမ်း များပြတ်လတ်လာနေပြီ ဖြစ်သည်။ ယင်းနှင့်အတူ တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး နှင့် ကျန်းမာ ရေးစောင့် ရှောက်မှု ကဏ္ဍများက ပြိုလဲလိုက်လာနေပြီ ဖြစ်သည်။


စစ်တပ်နှင့် ပူးပေါင်းကာ အချောင်နှိုက်ရန် ကြံနေသည့် ပြည်ပ ကုမ္ပဏီများအား ပြစ်ဒဏ်ခတ်လာနေပြီ ဖြစ်သည်။ ယခုအခါ ရန်ကုန်တွင် စစ်တပ်ပိုင် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဒေါ်လာ သန်း ၂၃၀ တန် ဆိပ်ကမ်း ဆောက်နေ သည့်အိန္ဒိယ မှ Adani အား S&P Dow jones စတော့ရှယ်ယာ ဈေးကွက် စာရင်းမှ ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။


လူထုကလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ကန့်ကွက်ဖို့ ဆိုသည်က ထိရောက်မှု မရှိတော့ဟု သိလာနေကြသည်။ ၎င်းတို့အား ပြည်ပ မှ ဝင်ရောက်ကူညီခြင်း၊ မိမိတို့ဖာသာ ဦးဆောင်ပြီး တိုက်ပွဲဝင်ခြင်းမျိုးကိုသာ စဉ်းစားနေကြ သည်။ ဦးဆောင်နေသူများဖက်ကလည်း မိမိတို့ မလုပ်နိုင်‌သေးသရွေ့ နေ့လားညလား ဆိုသည့် ပုံစံ အပြောအဆို များကို သတိထားရမည်။ ကြာလာပါက အလကားပါကွာ ဟု အယုံအကြည် မဲ့လာနိုင်သည်။


လတ်တလောတွင်ပင် နိုင်ငံ ၏ အထင်ရှားဆုံး နှစ်သစ်ကူး သင်္ကြန်ပွဲသည် ပထမဆုံးအကြိမ် အဖြစ် ကျီး နှင့် ဖုတ်ဖုတ် ဘဝ ရောက်သွားခဲ့ရချေပြီ။ အတာအိုးများ တွင် “Save Myanmar” ဟူသော စာများ ရေးထိုးကာ ချီတက် ဆန္ဒပြမှုများသာ လမ်းပေါ်တွင် တွေ့လာရသည်။ လမ်းပေါ်ထွက်လာသူများသည် ၎င်းတို့ ဝါဒဖြန့်သလို ဆူပူသူများ၊ NLD လူများဟု ယုံကြည်နေသော စစ်တပ် အသိုက်အဝန်းကို ပို၍ ပြင်းထန်သော ထိုးနှက်မှုကြီး ဖြစ်လာခဲ့ရသည်။


ထိုကဲ့သို့ မိမိတို့ ပြည်သူများဖက်က ၎င်းတို့ နှင့် မည်သို့မျှ မပူးပေါင်း ဟူသော သံမဏိ စိတ်ဓါတ်မျိုးဖြင့် ကြံ့ကြံ့ခံ နိုင်သည့် သတင်းမျိုးသည်သာ အရေးတော်ပုံကြီး အောင်မြင်ရာ အောင်မြင်ကြောင်း အားတက်ဖွယ်ရာများ ဖြစ်ပေသည်။


အရေးတော်ပုံ အောင်ရမည်!!!


(ဧပြီ ၁၃ ရက်နေ့ ရန်ကုန်မြို့လယ် မြင်ကွင်းအား Nikkei Asia Review မှ ဖေါ်ပြထားခြင်း ဖြစ်သည်။




စစ်အာဏာရှင်လက်အောက် သင်္ကြန်ရေမကစားကြသောရန်ကုန်

 ၁၃/၄/၂၀၂၁ အာဏာရှင်တော်လှန်သော သင်္ကြန်